Top News

တိတ်ဆိတ် ငြိမ်သက်သွားသော ပြင်ဦးလွင်
24htopnews | September 17, 2024 11:12 PM CST

“ TNLA က တပ်မတော်နည်းပညာ တက္ကသိုလ်ကို ပစ်လိုက်တာ မဟုတ်ဘူး။ ဒါက ပြင်ဦးလွင်ရဲ့ စီးပွားရေးကို ပစ်ချလိုက်တာ”

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးနေရာကို မြောက်ပိုင်း မဟာမိတ်အဖွဲ့က တိုက်ခိုက်မှုများ တစ်ပြိုင်နက် ပြုလုပ်ခဲ့ပြီးနောက် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေသည့် တောင်ပေါ်ဒေသ တစ်ခုဖြစ်သော ပြင်ဦးလွင်သည်လည်း မငြိမ်းချမ်းသော အမည်းရောင်နယ်မြေ စာရင်းအဖြစ်သို့ ရုတ်ခြည်းတံဆိပ်ကပ် သတ်မှတ်ခံခဲ့ရပြီး ခရီးသွားဝင်ရောက်မှု အလွန်အမင်း ကျဆင်းခဲ့တော့သည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ ပြင်ဦးလွင်ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဝေဠုက အထက်ပါကဲ့သို့ သုံးသပ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသွားများ လည်ပတ်ရာ ဒေသတစ်ခုဖြစ်သည့် မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်၊ တောင်ပေါ်စခန်းမြို့၊ မြန်မာနိုင်ငံ၏ ဟောလိဝုဒ်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ စသဖြင့် ရှုမငြီးသော ပသာဒများဖြင့် ပြင်ဦးလွင်သည် မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ ကောလာဟလ သတင်းများကြောင့် အရုပ်ဆိုး အကျည်းတန်ခဲ့ရပြီး ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသည့် မြို့ဖြစ်သည်နှင့်အညီ မြို့၏ စီးပွားရေးလုပ်ငန်းအများစု ထိခိုက်မှုရှိလာသည်ဟု မြို့ခံလုပ်ငန်းရှင်များက ဆိုသည်။

ယင်းသို့ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီး နောက်ပိုင်း ကောလာဟလ သတင်းမှားများ ထွက်ပေါ်ခြင်း အပါအဝင် ခရီးသွားများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်းနှင့် မြို့၏ ပကတိအခြေအနေမှာ လုံခြုံအေးချမ်းမှု ရှိနေကြောင်းကို မြို့မိမြို့ဖရွေးချယ်ရေးကော်မတီနှင့် ဟိုတယ်လုပ်ငန်းရှင်များက သြဂုတ် ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ခရီးသွားများ လုံခြုံစိတ်ချစွာ သွားလာနိုင်ကြောင်း ရှင်းလင်းခဲ့သည်။ သို့သော်လည်း လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းမှားများနှင့် ကောလာဟလ ထုတ်လွှင့်မှုများကို ကျော်လွှားနိုင်ခြင်းမရှိဘဲ အခြေအမြစ်မရှိသော မဟုတ်မမှန် သတင်းများကိုသာ နေ့စဉ်ဖြေကြား နေရကြောင်း မြို့ခံများက ဆိုသည်။

“တိုက်ခိုက်မှုဖြစ်စဉ်အပြီး နောက်ပိုင်း မြို့ Image ထိခိုက်မှုတွေ အရမ်းများလာတယ်။ ဒါကို သက်ဆိုင်ရာက ဖြေရှင်း ထုတ်ပြန်တာမျိုး မတွေ့ရဘူး။ ဒါကြောင့် ကျွန်တော်တို့က လက်လှမ်းမီသလောက် ပြောတဲ့အနေနဲ့ မြို့ပေါ်မှာ လုံခြုံမှုရှိတယ် ဆိုတာကို သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ”ဟု သြဂုတ် ၂၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြို့မိမြို့ဖတစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ လူမှုကွန်ရက်များတွင် မဟုတ်မမှန် သတင်းများ ချဲ့ကားရေးသားမှုများနှင့်အတူ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်ခံရခြင်းမှာ လုံခြုံရေး ကျိုးပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားမှုများ ထွက်ပေါ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “အမေရိကန်မှာ အကြမ်းဖက် လုပ်ရပ်တွေဖြစ်ရင် လုံခြုံရေးကျိုးပေါက်တယ်လို့ သုံးသလား။ ပြင်ဦးလွင်မှာ ဗုံးကွဲတာကို လုံခြုံရေးကျိုးပေါက်တယ်လို့ မရေးသင့်ဘူး။ မန္တလေးက လူတွေ လန့်ကုန်ပြီ။ အဲဒီချိန်မှာ အတိုင်ပင်ခံ လာတော့မှာ။ ငါ့အတွက်ကျတော့ အရေးကြီးတယ်လေ။ အတိုင်ပင်ခံရဲ့ လုံခြုံရေးက အရေးကြီးတယ်။ လုံခြုံရေးကျိုးပေါက်ပြီလို့ ဘာလို့ရေးသလဲ။ ပြင်ဦးလွင်ကိုလာပြီး တပ်မတော် နည်းပညာတက္ကသိုလ်ကို လက်နက်ကြီးတွေနဲ့ လာပြီးထုသွားတယ်။ ဘယ်လိုလုပ် ဝင်လာမှန်း မသိလိုက်ဘူး။ ဝင်လာတဲ့ သူတွေကလည်း ဒီအပေါက်ကပဲ ဝင်လာတာ ဘာလို့မသိတာလဲ။ ဒီလောက်လေး မေးခွန်းထုတ်လိုက်လို့ရှိရင် လုံခြုံရေးကို ဒီထက်ပိုပြီး တိုးချသင့်တာပေါ့”ဟု သြဂုတ် ၂၄ ရက်က ပြုလုပ်ခဲ့သော မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

“ခရီးသွားမြို့ ဖြစ်တော့ ဒီမှာက ဘယ်လုပ်ငန်းမဆို  Tourism အပေါ် မူတည်နေတာပေါ့။ နေကြာပဲ ဖြစ်ဖြစ်၊ ၀ိုင်ပဲ ဖြစ်ဖြစ်၊ ရှမ်းခေါက်ဆွဲ ရောင်းတာ ဖြစ်ဖြစ်၊ မြင်းလှည်းသမား ဖြစ်ဖြစ်၊ ဟိုတယ် ဖြစ်ဖြစ်၊ စားသောက်ဆိုင် ဖြစ်ဖြစ် ဒီအပေါ်မှာပဲ ရပ်တည်နေကြရတာ။ အထူးသဖြင့် ဆိုးသွားတာကတော့ အခု ဒီရာသီချိန်ဆို အောက်ပြည် အောက်ရွာက တောင်ပွဲပြုန်းပွဲ လာတဲ့သူမှန်သမျှက ပြီးတာနဲ့ အပြန်ဝင်လည်ကြတာ။ အခုအကုန်လုံးကို မလာကြတော့ဘူး”ဟု ပြင်ဦးလွင် ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဝေဠုက ပြောကြားသည်။

“တကယ်တမ်း သီပေါထက် ပြင်ဦးလွင်က လည်ပတ် လေ့လာစရာနေရာ ပိုများပေမယ့် ဝင်တဲ့ နိုင်ငံခြားသားက အရမ်းကွာနေတယ်။ သီပေါ သွားတယ်ဆိုတာက သီပေါ စော်ဘွားကြီးနဲ့ သြစတြေးလျားသူရဲ့ ဇာတ်ကြောင်းကို စာအုပ်ဖတ်ပြီး စိတ်ဝင်စားကြတာ။ အဲဒီမှာ သူတို့ရဲ့ နေထိုင်ခဲ့တဲ့ ဟော်နန်းမှာ နေထိုင်ခဲ့တာတွေ ဖြတ်သန်းခဲ့တာတွေကို မြင်တွေ့ခံစားချင်လို့ လာကြတာ။ ပြင်ဦးလွင်ကတော့ မြို့နာမည် ပြောင်းတာကစပြီး စိတ်ဝင်စားမှုကို လျှော့ချခံလိုက်ရသလို ဖြစ်သွားတယ်။ဘာလို့လဲဆို နိုင်ငံခြားသားက မြန်မာနိုင်ငံကို လာလည်မယ် ဆိုကတည်းက  google ကနေ အချက်အလက် ရှာကြတယ်။ အဲဒီမှာ ပြင်ဦးလွင် ဆိုတာထက် မေမြို့ဆိုတာပဲ သူတို့က သိတာများတယ်။ မြန်မာကတော့ ပြင်ဦးလွင် ပြောပြော မေမြို့ ပြောပြော ပြဿနာ မရှိဘူးပေါ့။ အခုကျတော့ ဒီဖြစ်စဉ်ကြောင့် မြို့  Image ပိုထိခိုက်သွားတယ်လို့ မြင်တယ်။ ပြောရရင်  Tourism မှာ ကိုလိုနီခေတ် အဆောက်အအုံတွေ အများအပြားရှိပေမဲ့ စိတ်ဝင်စားမှု အရမ်းနည်းနေတာ။ အခု Trekking လမ်းကြောင်းတွေဖြစ်တဲ့ ဘန့်ဘွေးကျင်း ရေတံခွန်တို့၊ ရေပြန်တောင်တို့၊ ရှမ်းရွာ နေရာတွေတို့နဲ့ နောင်ချိုဘက်က တိမ်ပင်လယ်၊ ဂုတ်တွင်း စတာတွေက စိတ်ဝင်စားခါစနဲ့ ကြိုးစားနေဆဲကာလမှာ ရိုက်ချိုးခံရသလို ဖြစ်သွားပြီ။ ခရီးသွားတယ် ဆိုတာက စိတ်လုံခြုံမှုရှိမှ ဖြစ်တာမို့ အဲဒီလို တောထဲ တောင်ထဲ ညအိပ်ခရီးစဉ်တွေက ပိုဆိုးတာပေါ့။ လုံးဝလည်း ရပ်နေပြီ။ နောင်ချို တိမ်ပင်လယ်ဆိုရင် မနှစ်ကမှ စဖြစ်လာပြီး ဒီနှစ် ပွင့်လင်းရာသီအတွက် ဖြစ်ဖို့အားယူနေဆဲမှာ ပိုဆိုးသွားပြီ။ နောင်ချိုနဲ့ ပြင်ဦးလွင်က ပြည်နယ်ချင်းခြားပေမယ့် လုပ်ငန်းက ဆက်စပ်နေတာ”ဟု ဦးဝေဠုက ဆက်လက် ပြောကြားသည်။

ပြင်ဦးလွင်သို့ ခရီးသွားဝင်ရောက်မှုမှာ နိုင်ငံခြားသားခရီးသွား နှစ်ထောင်ခန့်နှင့် ပြည်တွင်းခရီးသွား တစ်သောင်းခန့် လစဉ် ဝင်ရောက်လေ့ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းဇယားများအရ သိရပြီး ဟိုတယ်အလုံးရေ ၆၀ နှင့် စည်ပင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်း အလုံး ၁၂၀ ရှိကြောင်း သိရသည်။

“ပစ်သွားတာက  DSTA ထဲကိုပေါ့။ အချိန်ကလည်း မနက်အစောကြီး ဆိုတော့ မြို့ခံတွေက မသိလိုက် မသိဘာသာပဲ။ ဘာလို့လဲဆိုတော့ အဲဒီလို ပေါက်ကွဲသံတွေက တပ်လေ့ကျင့်ရေးကျောင်းတွေ အများကြီးရှိတဲ့မြို့မှာ ဘာမှမထူးဆန်းဘူး။ အမြဲလိုလို ကြားနေကြရတာ။ ဒါပေမဲ့ Facebook မှာ သတင်းတွေ ဟုတ်တာရော မဟုတ်တာတွေရော ဟိုလူရေး ဒီလူရေးနဲ့ ဖောင်းကားလာပြီး မြို့ပေါ်မှာ စစ်တလင်းပြင်လို တောက်လျှောက် ပစ်ခတ်နေသလို ဖြစ်သွားတယ်။ ပိုဆိုးတာက တောင်ကုန်းပေါ်မှာ မပစ်ရသေးတဲ့ ရှော့တိုက် ဒုံးတွေကြောင့်ပဲ။ ဒါတွေနဲ့ ချိန်ထားတာ မသိလိုက်ဘူးတဲ့။ ဒါတွေသာ အကုန်ပစ်ခံရရင် မြို့ကတော့ မတွေးရဲစရာပဲ ဖြစ်ကုန်ကြတာ။ ဒါနဲ့ပတ်သက်ပြီး မြို့က လုံခြုံစိတ်ချ ရပါတယ်ဆိုတဲ့ ထုတ်ပြန်တာမျိုး မတွေ့ရတော့ လူတွေက ထင်ရာမြင်ရာ ပြောကုန်ကြတော့ အခြေအနေက အေးချမ်းနေပေမဲ့ အရင်လို ပုံမှန်တော့ ပြန်မရောက်လာသေးဘူး။ ပြောရရင် မေမြို့ကို လာပစ်သွားတာက မိနစ်ပိုင်း စက္ကန့်ပိုင်းလေးပဲ”ဟု မြို့ခံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သြဂုတ် ၁၅ ရက်ဖြစ်စဉ် နောက်ပိုင်း နိုင်ငံခြားသား ဝင်ရောက်မှု လုံးဝရပ်တန့်ခဲ့ခြင်း အခြေအနေနှင့် ပတ်သက်၍လည်း “သြဂုတ် ၁၅ ရက်နောက်ပိုင်း Booking တွေ အကုန်ပျက်တာ များတယ်။ တစ်နေ့ကို ၁၀ ကြိမ် ထက်မနည်းဘူး။ အဲဒီလို Cancel ဝင်လိုက်တာ အခု စက်တင်ဘာလ တစ်လလုံးကို Booking လုပ်ထားတဲ့ ဧည့်သည် လုံးဝ မရှိတော့ဘူး။ အဲဒီမှာ နောက်လမှာ လာမယ့် ဂျပန်ဧည့်သည်တွေ အုပ်စုလိုက် ဘွတ်ကင် Cancel လုပ်သွားတော့ ဘာကြောင့် Cancel လုပ်တာလဲလို့ မေးကြည့်တယ်။ သူတို့သံရုံးက နောက်လကုန်အထိ ပြင်ဦးလွင်ကို မသွားနဲ့လို့ ထုတ်ပြန်ထားလို့တဲ့။ ပြင်ဦးလွင်က ရှင်းရှင်းပြောရရင် ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ အရမ်းအန္တရာယ်များတယ် ဆိုပြီးတော့ သူတို့က အမည်းရောင်နယ်မြေ ပုံစံမျိုး လုပ်ထားတဲ့အတွက် စိုးရိမ်ပြီး သူတို့သံရုံးရဲ့ ထုတ်ပြန်ချက်ကြောင့် မလာတာတဲ့။ တစ်ခါ ဗြိတိန်တိုးတွေလည်း အဲဒီလိုပဲ။ ခါတိုင်းဆိုလို့ရှိရင် ကျွန်တော်တို့  Guest House ဆိုလို့ရှိရင် ဖော်ရိန်နာ အရမ်းများတယ်။ မရှိဘူးဆိုရင် အနည်းဆုံး လေး ငါး ခန်းရှိတယ်။ တစ်နှစ်ပတ်လုံးပေါ့။ မိုးရာသီလို  Low Season မှာတောင် နိုင်ငံခြားသားက လုံးဝမပြတ်ဘူး။ ခုတော့ ရုတ်တရက်ကြီး တစ်ယောက်မှ မရှိတော့ဘူး။ အဲဒါတင်မကဘူး ဗြိတိန်သံရုံးကလည်း ပြင်ဦးလွင်ကနေ ၁၀ ကီလိုမီတာကို မသွားဖို့ မြေပုံထဲမှာ ကျွန်တော်တို့ ပြင်ဦးလွင်ကို အနီပျောက်ထဲမှာ ထည့်ထားတယ်။ အရင်တုန်းကတော့ ကျောက်မဲ၊ သီပေါ၊ လားရှိုး ဧရိယာကို ထည့်ထားတာ။ အခုတော့ ပြင်ဦးလွင်ကနေ ကျောက်မဲ လမ်းကြောတစ်လျှောက်မှာလည်း အန္တရာယ်ဇုန် ဖြစ်တယ်ပေါ့။ အမေရိကန် သံရုံးကကျတော့ သူ့ဝန်ထမ်းတွေကိုတောင် ပြင်ဦးလွင်ကို မလွှတ်ဘူးပေါ့။ အဲဒီလိုမျိုးတွေ နိုင်ငံခြားသံရုံးတွေက သူတို့ထုတ်ပြန်ထားချက်တွေကြောင့် ခရီးသွား လျော့သွားတာလည်း ပါတယ်။ ပြည်တွင်း ဧည့်သည်ကလည်း ပြင်ဦးလွင်လာရင် ကျည်ကာအကျႌ ဝတ်ပြီးလာခဲ့ ဆိုတာမျိုး ကောလာဟလတွေကြောင့် မလာတော့ဘူး။ စဖြစ်ပြီးတော့ ဂျာမနီက ဧည့်သည် နှစ်ယောက်လာတယ်။ သူတို့နဲ့ စကားပြောရင်း ဟိုတယ်တစ်ခုလုံးမှာ မင်းတို့နှစ်ယောက်ပဲ ရှိတာဆိုတော့ သူတို့ကို မန္တလေးဘက်က ဟိုတယ်က ပြောလိုက်တယ်တဲ့။ ပြင်ဦးလွင်မှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေတာ မင်းတို့မသွားကြနဲ့လို့ ပြောကြတယ်တဲ့။ နောက်ပြီး ပြင်ဦးလွင်မှာ အခုဖော်ဆောင်နေတဲ့ လမ်းလျှောက်ခရီးစဉ် နယ်မြေသစ်လေးတွေမှာ စပြီး  Famous လေးဖြစ်ခါစ ရှိသေးတယ် ရုတ်တရက် ဒီကိစ္စကြီး ဖြစ်သွားတော့ အားလုံးက ရပ်တန့်ကုန်တယ်။ ဥပမာ ပြီးခဲ့တဲ့အပတ်က မန္တလေးဘက်က အင်တာနေရှင်နယ် ကျောင်းတစ်ကျောင်းကနေ ရေပြန်တောင်ကို  Day Trip သွားဖို့ဆိုပြီး အယောက် ၅၀ စီစဉ်ထားတာ။ နောက်တစ်ဖွဲ့က usCampaign လုပ်မယ် Over Night ဆိုပြီး Confirm ဖြစ်ပြီးသားမှာ ကျောင်းသားမိဘတွေက စိတ်ပူကြတဲ့အတွက် ခရီးစဉ် အကုန်ဖျက်သွားတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က အေးအေးချမ်းချမ်း  Save  ဖြစ်တာကို လက်လှမ်းမီသလောက်ပဲ ပြောနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုပြောပြော လက်ရှိအချိန်ကတော့ ဧည့်သည် လုံးဝမရှိဘူး”ဟု ပြင်ဦးလွင်မြို့ရှိ  Royal Flower Guest House ပိုင်ရှင် ဦးဝင်းကိုက ပြောသည်။

“မြို့မှာ ကောလာဟလတွေကြောင့် ဧည့်သည် မလာတာပေါ့။ စစ်တလင်းပြင်လို့ ထင်လောက်အောင် ဘယ်နေရာမှာ ဘာတွေ ဖြစ်နေတယ်ဆိုပြီး ကောလာဟလတွေ လွှင့်တယ်။ ဟိုတစ်နေ့ကဆို အရူးတစ်ယောက်က စျေးထဲမှာ ကိုမန်ဒိုဘောင်းဘီ ဝတ်စုံနဲ့ အိတ်ကြီးလွယ်ပြီး လျှောက်သွားနေတယ်။ အဲဒါကို မသင်္ကာလို့ ခေါ်မေးတော့ စိတ်ကျန်းမာရေး မကောင်းတဲ့သူ ဖြစ်နေတယ်။ ဒါကို လူတွေက ဘာထင်လဲဆိုတော့ သေနတ် တစ်လက်နဲ့ သူပုန်တစ်ယောက် မိသွားတယ်ဆိုပြီး ကောလာဟလ ဖြစ်တယ်။ အဲဒီမှာ ဧည့်သည်က အရင်ကထက် လေးပုံ တစ်ပုံလောက်ပဲ လာတော့တယ်။ မြို့မှာ တကယ်တော့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။ ဧည့်သည်ပါးတဲ့အတွက် တော့ မြို့ရဲ့ စီးပွားရေးအကုန်လုံးက ထိခိုက်ကုန်တယ်။ မြို့က အေးချမ်းနေပါပြီ။ ကောလာဟလတွေကို မယုံကြည်ကြဖို့ ပြောချင်ပါတယ်”ဟု ပြင်ဦးလွင်မြို့မိမြို့ဖ ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကြီးက ပြောသည်။

“ကျွန်တော်တို့ ဆိုင်က လာရှိုးလမ်းပေါ်မှာ ရှိတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ မုံရွာ စသဖြင့် အောက်ဘက်က လူတွေလည်း လာတာများသလို ရှမ်းမြောက်အထက်ဘက် မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ မိုးကုတ် စသဖြင့်က ဧည့်သည်တွေလည်း လာကြတယ်။ ဆိုလိုချင်တာက အခုအဲဒီ ဧည့်သည်တွေ အကုန်ပျောက်သွားတယ်။ မတွေ့ရတော့ဘူး။ ခရီးတစ်ခု သွားတယ်ဆိုတာက စီးပွားရေး အဆင်ပြေမှ သွားကြတာ။ အခုကျ ရေကြီးတယ် တိုက်ပွဲဖြစ်တယ်။ အဲဒီလိုအခြေအနေမှာ ပုံမှန်ကမှ ခရီးသွား ကျနေပါတယ်ဆို ပိုဆိုး သွားတဲ့ သဘောပါပဲ။ ကျွန်တော့်ဆိုင်အနေနဲ့ ပြောရရင် ယေဘုယျအားဖြင့် သုံးပုံပုံ နှစ်ပုံ ကျသွားတယ်။ အဲဒီထက်ကျသွားတဲ့ ရက်တွေ လည်းရှိတယ်။ စစ်ဖြစ်တာရယ် ပြီးတော့ ရက်ဆက် မိုးရွာသွန်းတာရယ်၊ ဒီနှစ်ချက်ကြောင့်လို့ သုံးသပ်လို့ရပြီး အခုအခြေအနေက ဧည့်ပါးတဲ့ရာသီမို့ နည်းနည်း ခံသာသေးတာပေါ့။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တယ်ဆိုတော့ ရလဒ်က ဘယ်လိုဖြစ်လာမလဲ မပြောတတ်ဘူး”ဟု မေမြို့အိမ် စားသောက်ဆိုင်ပိုင်ရှင် ကိုမိုးအောင်ဆွေက ပြောကြားသည်။

“ဒီကောလာဟလနဲ့ အတည်ပြုတဲ့ ခက်တဲ့သတင်းတွေကို ကိုယ့်မြို့ရဲ့ Page တွေမှာ လာတင်နေမယ်ဆို လူတွေက အဲဒီအပေါ်မှာ အာရုံရောက်နေမှာပဲ။ အဲဒီတော့ ကိုယ့်မြို့နဲ့ မဆိုင်တဲ့ အထူးသဖြင့် ရှမ်းမြောက် က သတင်းတွေက သိပ်မတင်သင့်ဘူးလို့ မြင်တယ်။ ဒါကိုဖတ်ရင်း ဖတ်ရင်းနဲ့ မသိစိတ်က သိစိတ်ကို လွှမ်းမိုးပြီးတော့ ကြောက်စရာလန့်စရာ ဘယ်တော့ဖြစ်မလဲပေါ့။ ပြောရရင် ဒါတွေက သတင်းစာတွေလို ဖြစ်နေတာ။မနေ့ကဆို DSTA မှာ ပစ်တာခတ်တာတွေ ကြားရတယ်ဆိုပြီး သတင်းတွေ တက်နေလို့ ဆိုပြီး ကျွန်တော့် မိတ်ဆွေတွေက ဖုန်းဆက်လာတယ်။ အဲဒါက စစ်အင်ဂျင်နီယာတပ်မှာ ပုံမှန် ကျောင်းသားတွေ လေ့ကျင့်တဲ့ မိုင်းခွဲတဲ့အစီအစဉ် လုပ်တာပါလို့ အဲဒီကျောင်းက တာဝန်ရှိသူ တစ်ယောက်ကိုမေးပြီး ဖြေရှင်းပေးရသေးတယ်”ဟု ကိုမိုးအောင်ဆွေက ဆက်လက် ပြောသည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ် မန်နေဂျင်း ဒါရိုက်တာ ဦးဝေမျိုးအောင်ကလည်း “ကန်တော်ကြီးဥယျာဉ် ဝင်ရောက်မှုအနေနဲ့ သုံးပုံပုံရင် နှစ်ပုံလောက် ကျသွားတယ်။ အရင်က စနေ၊ တနင်္ဂနွေဆို လူ ၂၀၀၀ လောက်ဝင်ရင် အခု ၇၀၀၊ ၈၀၀ လောက် ဝင်တယ်။ ပုံမှန် ကြားရက်တွေမှာ တစ်ထောင်လောက် ဝင်တယ်ဆို ၂၀၀ လောက်ပဲ ဝင်တော့တယ်။ စဖြစ်ပြီးပြီးချင်း နှစ်ရက် သုံးရက်လောက်မှာတော့ လုံးဝမရှိသလောက် ဖြစ်ခဲ့ပြီး အခုတော့ ပြန်ဝင်လာတယ်။ ကျွန်တော်တို့က ကြားမြို့ တစ်မြို့ဖြစ်တာမို့ မူဆယ်-လားရှိုး ကားတွေ အတက်အဆင်းမရှိတဲ့အခါကျ မြို့က ခြောက်ကပ်သလို ဖြစ်သွားတာ”ဟု ပြော ကြားသည်။

“ဒီလို တောင်ပြုန်းပွဲတော်အပြီး ကာလဆိုရင် အရင်က ဧည်သည် ထောင်နဲ့ချီ လာလေ့ရှိပေမယ့် အခုလုံးဝ မရှိတော့ဘူး။ တော်တော်လေးကို နည်းသွားတယ်။ ဟိုတယ်တွေမှာဆိုရင် ဘိုကင် လုပ်ထားတာတွေတောင် ဖျက်သွားကြတယ်။ ဇီးရိုးဘတ်ဂျက် တရုတ်တိုးကတော့ ရှိနေပါတယ်။ တခြားတိုးကတော့ လုံးဝမရှိဘူး။ တရုတ် ဇီးရိုးဘတ်ဂျက်တိုးတွေရှိနေပြီး အခြားခရီးသွား မရှိတာကတော့ စဉ်းစားစရာ ကောင်းတယ်။ ရပ်မယ်ဆို အကုန်လုံး ရပ်ရမှာ။ လုံခြုံမှုမရှိဘူးလို့လည်း သံရုံးတွေကလည်း ပြောတယ်။ အဲဒါကို ဘာကြောင့် ဇီးရိုး ဘတ်ဂျက်တိုးတွေ ဝင်နေလဲ။ အရှေ့မျှော် ၀ါဒကြောင့်ပဲလားပေါ့” ဦးကိုကြီးက ဆက်လက် ပြောကြားသည်။

“မြန်မာနိုင်ငံကို ရခိုင်ကိစ္စနဲ့ အနောက်မီဒီယာတွေက ထိုးနှက် တိုက်ခိုက်နေတာမို့ အနောက်နိုင်ငံတွေကတော့ သိပ်မလာတော့ဘူး။ အရှေ့တိုင်းဘက်ကကျတော့ အဲဒါနဲ့ ပတ်သက်ပြီး သိပ်သက်ရောက်မှု မရှိတဲ့ သဘောပဲ။ ဟိုတယ်ခရီးဝန်ကြီးဌာန အနေနဲ့ အဲဒီလိုအခြေအနေမှာ အနောက်နိုင်ငံထက် အရှေ့မျှော်ဝါဒဆိုပြီး တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း စတဲ့ခရီးသွားတွေ ပိုမိုလာဖို့ လုပ်ဆောင်နေတာမှာ တရုတ် ဇီးရိုးဘတ်ဂျက် တိုးတွေ သိသိသာသာ များလာတာပဲ။ အဲဒီမှာ နိုင်ငံတကာတိုင်း ကြုံနေရတဲ့ ဇီးရိုးဘတ်ဂျက်ကို ဘယ်လို ပညာသားပါပါနဲ့ ထိန်းချုပ်မလဲ ဆိုတာပဲ။ ထိန်းနိုင်ရင် အကျိုးရှိမှာပဲပေါ့”ဟု ဦးဝေဠုက တရုတ်ခရီးသွား ဝင်ရောက်မှုနှင့် ပတ်သက်၍ သုံးသပ်ခဲ့သည်။

အလားတူ “အရင်က ဧည့်ပါးချိန်မှာတောင် မြင်းစာဖိုးလောက်တော့ ရသေးတယ်။ အခုတော့ ငုတ်တုတ် ထိုင်နေကြရတယ်”ဟု ရထားလုံး မြင်းလှည်းမောင်းသူ တစ်ဦးက ဆိုသည်။

ပြင်ဦးလွင်မြို့တွင် ယခုကဲ့သို့ မိုးရာသီကာလ၌ ခရီးသွားဝင်ရောက်မှု နည်းပါးလေ့ ရှိသော်လည်း လက်ရှိတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း ပြင်ဦးလွင်ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဝေဠုက ပြောကြားခဲ့ပြီး လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း ပြင်ဦးလွင်-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်း တစ်လျှောက်တွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့၏ ကားလမ်းပိတ်ဆို့ခြင်း၊ တံတားမိုင်းခွဲခြင်းနှင့် အပြန်အလှန် ထိတွေ့မှုဖြစ်စဉ်များ ဆက်လက် ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်လည်း ကြားမြို့အဖြစ် တည်ရှိနေသော ပြင်ဦးလွင်တွင် တိုက်ပွဲ၏ သက်ရောက်မှုဒဏ်များ ရိုက်ခတ်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သည့် ပြင်ဦးလွင်ထိ ရိုက်ခတ်လာသော မြောက်ပိုင်း မငြိမ်းချမ်းမှုဖြစ်စဉ် တိုက်ပွဲများကြောင့် သက်ရောက်မှုများမှာ ယခုကဲ့သို့ ပြင်ဦးလွင်မြို့ တစ်မြို့တည်းသာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်နွှယ် ပတ်သက်နေခြင်းသာဖြစ်ပြီး ပြင် ဦးလွင်မှာ ငြိမ်းချမ်းရေး မဖြစ်မနေ ဖော်ဆောင်ရေးအတွက် မီးမောင်းထိုးပြလိုက်သည့် ပြယုဂ်တစ်ခုသာဖြစ်ပြီး ကျိုင်းတုံမြို့တွင် သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်များအပေါ် စောင့်မျှော်နေကြရဦးမည် ဖြစ်သည်။         

 


READ NEXT
Cancel OK