Top News

အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှ ဆရာတော်ကြီးနှင့် စာချ စာသင်သံဃာတော်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၆၀၀ ကျော်လှူဒါန်း 
24htopnews | September 17, 2024 7:12 PM CST

အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ကြီး  ဘဒ္ဒန္တတိလောကာဘိဝံသနှင့် စာချ စာသင်သံဃာတော်များကရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၆၀၀ ကျော်လှူဒါန်းခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်၏ ကြေညာမှုအရသိရသည်။ 

ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်၏ လှူဒါန်းမှုများကို မြစ်သား၊ မြစ်သား-ပေါက်မြိုင်၊ ရမည်းသင်း၊ ကလော၊ သာစည်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ တောင်ငူ ဒေသများရှိ  ဆရာတော်များနှင့် လူပုဂ္ဂိုလ်အချို့မှတစ်ဆင့် ရေဘေးသင့်ပြည်သူများထံ လှူဒ၊န်းမည်ဖြစ်ကြောင်း သိရသည်။

"ဆရာတော်ကြီး အမှူးပြုသော စာချစာသင်သံဃာတော် အရှင်မြတ်များက ရေဘေးသင့် ပြည်သူများအတွက် ကာယကံကရုဏာ ဗြဟ္မစိုရ်ကုသိုလ် အဖြစ် နဝကမ္မ အလှူတော်ငွေ ၆၀၄၀၀၀၀၀(ကျပ်သိန်း ခြောက်ရာလေးသိန်း)တို့ကို လဲသူကိုထူ ဖေးမကူညီသော မေတ္တာနှလုံးသားဖြင့် လှူဒါန်းကြပါသည်"ဟု ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်က ကြေညာသည်။

ယင်းသို့ ရေဘေးသင့် ဒေသများအား ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်၏ လှူဒါန်းငွေကျပ်သိန်း ၆၀၀ ကျော်ကို ဒေသအသီးသီးရှိ တာဝန်ခံ ဆရာတော်များနှင့် လူပုဂ္ဂိုလ်အချို့မှတစ်ဆင့် ပြန်လည်ဖြန့်ခွဲလှူဒါန်းရာတွင် မြစ်သားဒေသအတွက်သိန်း ၁၅၀၊ ရမည်းသင်းဒေသအတွက် ၁၃၉ သိန်း၊ ကလောဒေသအတွက်သိန်း ၆၀၊ သာစည်ဒေသအတွက် ၇၅ သိန်း၊ တပ်ကုန်းဒေသအတွက် သိန်း ၆၀၊ ပျော်ဘွယ်ဒေသအတွက်သိန်း ၆၀၊ တောင်ငူ ဒေသအတွက်သိန်း ၆၀ ဖြစ်ကြောင်းသိရသည်။

အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်တွင်  စာချ စာသင်သံဃာတော်အပါး ၅၀၀ ကျော် သီတင်းသုံးလျက်ရှိကြောင်း သိရသည်။

လတ်တလောဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူများကို ကူညီလှူဒါန်းမှုများအား လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက်စသည်ဖြင့် လှူဒါန်းရှိသည့်အပြင် အခြားဆရာတော်၊ သံဃာတော်များဦးဆောင်မတည်၍ စေတနာရှင်များက ရေဘေးသင့်ပြုသူများကို လှူဒါန်းမှုများပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

ထိုသို့လှူဒါန်းမှုများတွင် မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌဌာနာစရိယ)က ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၁၃၀၀ မတည်၍ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းမှုဖြင့် ရေဘေးသင့်သူများအတွက် ဆန်အပါအဝင် လိုအပ်သည့် ပစ္စည်းများလှူဒါန်းရန် စီစဉ်လျက်ရှိသည်ကိုတွေ့ရသည်။

အလားတူ မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒကလည်း အလှူငွေ ကျပ်သိန်း ၁ဝဝဝ မတည်ပြီး ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများကလည်း ရေဘေးသင့်သူများအတွက် ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးထံ အလှူငွေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK