Top News

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီးပွားရေးတိုးတက်မှုကို စက်မှုကဏ္ဍတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ၌ ၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် လယ်ယာကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်မှန်းထား
24htopnews | September 17, 2024 10:12 AM CST

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှုများ မျှော်မှန်းထားရာ စက်မှုကဏ္ဍတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၈ ဒသမ ၈ ရာ ခိုင်နှုန်း နှင့် လယ်ယာကဏ္ဍတွင် ၂  ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

“လယ်ယာကဏ္ဍကြီးတွင် သီးနှံပိုမို စိုက်ပျိုးထုတ်လုပ်ခြင်း၊ ငါး၊ပုစွန်တိုးချဲ့မွေး မြူနိုင်ခြင်းနဲ့ နည်းပညာအဆင့်မြှင့်တင်ခြင်း ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တန်ဖိုးမြှင့်  (Value Added) တိုးတက်ထုတ်လုပ်ခြင်း၊  ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ ပိုမို တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်မှာဖြစ်ပါတယ်” ဟု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

စက်မှုကဏ္ဍကြီးတွင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်မည့် အစီအမံများကြောင့် စက်မှုထုတ်ကုန်များ ပိုမိုထွက်ရှိနိုင်ခြင်း၊ စွမ်းအင်ထုတ်လုပ်မှု တိုးတက်မည့်အလားအလာနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်မည့် အလားအလာများရှိခြင်း၊ အခြေခံအ ဆောက်အအုံဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပြည်သူများအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများဆောက်လုပ် ခြင်းတို့ကို ရည်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှုကဏ္ဍတွင် ပြည်တွင်းပြည်ပ ပို့ဆောင်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ ဟိုတယ်၊ခရီးသွား  နှင့် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းငယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း တို့ကို ရည်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာရေးကဏ္ဍတွင် အခွန်အကောက်ရငွေ တိုးတက်ရရှိစေရန် ကြိုးပမ်းခြင်း၊ အစိုးရ အသုံးစရိတ်များကို ထိရောက်စွာ  စီမံခန့်ခွဲ ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊လူမှု ကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များ မြှင့်တင် ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံမှုများအတွက် အခြေခံကောင်းများ တည်ဆောက်ပေးခြင်းစသည်တို့ကို ရည်မှန်း ဆောင်ရွက်မည်ဟု သိရသည်။

အလားတူ ငွေရေးကြေးရေးကဏ္ဍတွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် ပြည်သူများလိုအပ်နေသည့် ကုန်စည်များ ထုတ်လုပ်မှု၊စားသုံးမှု၊ကုန်စည် စီးဆင်းမှုစသည့် နယ်ပယ်အသီးသီးက ပူး ပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း လေးလဆက်တိုက် ခြောက်ရာခိုင်နှုန်းကျော်ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၂  ဒသမ ၁၃ ရာခိုင်နှုန်းမြင့် တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ဘဏ္ဍာနှစ် အစပိုင်းလများဖြစ်သော အောက်တိုဘာတွင် ၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၆ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၆ ဒသ မ ၉၄ ရာခိုင်နှုန်းအထိရှိနေကာ ၂၀၁၈ ခုနှစ် မတ်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ ၁၀ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၉၄ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


READ NEXT
Cancel OK