Top News

ကျပ် ၁၀၀၀ တန်ထီ (၂) ကြိမ်မြောက်ရောင်းချသည့် မတ်လတွင် အောင်ဘာလေထီကိုယ်စားလှယ်အချို့ ကြိုတင်မှာယူထားသော ထီစာအုပ်များ မဝယ်ယူတော့ဘဲ အာမခံငွေအဆုံးခံမှုများရှိကြောင်း သိရ
24htopnews | September 17, 2024 10:12 AM CST

ကျပ် ၁၀၀၀ တန်ထီ (၂) ကြိမ်မြောက် ရောင်းချသည့် ယခုလ (မတ်လ) တွင် ထီကိုယ်စားလှယ်အချို့ ကြိုတင်မှာယူထားသော ထီ စာအုပ်များကို လာရောက်ဝယ်ယူခြင်းမရှိဘဲ ယင်းထီစာအုပ်များ ဝယ်ယူရန်အတွက် အောင်ဘာလေသိန်းဆုဌာနခွဲသို့ ကြိုတင်ပေးသွင်းထားသည့် အာမခံငွေ Deposit များ အဆုံးခံမှုများ ရှိခဲ့ကြောင်း သိရသည်။

ကျပ် ၁၀၀၀ တန်ထီ ပထမအကြိမ်ရောင်းချသည့် ဖေဖော်ဝါရီတွင် ထီရောင်းအားကျဆင်းခဲ့ပြီး ထီကိုယ်စားလှယ်များ အရှုံးပေါ်ခဲ့ကြသောကြောင့် ကြိုတင်ပေးသွင်းထားသည့် အာမခံငွေများ ယခုလို အဆုံးခံလိုက်ခြင်းဖြစ်နိုင်ကြောင်း ထီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက The Daily Eleven သတင်းစာအား ပြောကြားသည်။

“တစ်အုပ်ကို အာမခံက (တစ်လ ၂၀၀ ကျပ်) ၆၀၀ ကျတယ်။ အဲဒါက သုံးလစာအတွက် ကြိုပေးထားရတာ။ အရင်လက အပြင်မှာ နောက်ဆုံးစျေးနှုန်းက တစ်စောင်ကို ၄၀၀ လောက်အထိ ဆင်းသွားတာရှိတယ်။ အဲဒီတော့ ထီစာအုပ်တစ်အုပ်ကို အရင်းက တစ်သောင်း။ ပြန်ရောင်းတာက တစ်စောင်ကို ၄၀၀ နဲ့ ၁၁ စောင်ဆိုတော့ ၄၄၀၀။ တစ်အုပ်ကို ၅၆၀၀ ရှုံးတာမျိုးတွေ ရှိတာပေါ့။ အဲဒီတော့ တစ်အုပ်ကို ၅၆၀၀ အရှုံးတော့မခံဘူး။ အာမခံ ပေးထားတဲ့ ၆၀၀ ပဲ အဆုံးခံလိုက်တော့တာပေါ့” ဟု ၎င်းက ပြောကြားသည်။

(၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီနှင့် (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီများကို မတ် ၁ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ကျပ်တစ်ထောင်တန်ထီတွင် စုစုပေါင်းအက္ခရာ အလုံး ၄၀ နှင့် ကျပ် ၅၀၀ တန်ထီတွင် အက္ခရာ ၁၂ လုံးဖြင့် ထီစာအုပ်ဝယ်ယူလိုသူများ၏ လျှောက်ထားမှုအပေါ် ၁၇ ရာခိုင်နှုန်းခန့်အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက မတ် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထီစာအုပ်ဝယ်ယူခွင့်ရရှိသူများသည် အာမခံငွေ Deposit များ ပေးသွင်းပြီး သဘောတူစာချုပ်ချုပ်ဆို၍ ဝယ်ယူလျက်ရှိရာတွင် အချို့သော ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သတ်မှတ်ရက်အတွင်း ဝယ်ယူရန် ပျက်ကွက်သောကြောင့် အာမခံငွေများ သိမ်းယူရမည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်းနှင့် ထီစာအုပ်များရောင်းချရန် ကျန်ရှိနေကြောင်း အဆိုပါဌာနက ထုတ်ပြန်သည်။

အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ထီလက်မှတ်များကို သတ်မှတ်စျေးနှုန်းထက် ပိုမိုရောင်းချခြင်း မရှိစေရေးအတွက် လူပုဂ္ဂိုလ်တစ်သီးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ထပ်မံဝယ်ယူလိုသူများရှိပါက ဘဏ်ငွေသွင်းချလန် TF- 1 ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)၌ မတ် ၂၂ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လက်ရှိ လာရောက်ဝယ်ယူခြင်းမရှိသည့် ပမာဏနှင့်ပတ်သက်၍ မေးမြန်းမှုအား “လောလောဆယ်က ပြောရခက်တယ်။ အခု ပြည်နယ်နဲ့ တိုင်းတွေကပဲ ပြန်ဝင်နေတုန်း။ စျေးကွက်ကလည်း ပြီးခဲ့တဲ့လက စျေးကျတယ်ဆိုပြီးတော့ ကြောက်အားလန့်အားနဲ့ ပြန်ပို့တာ။ အခု ဒီမှာ အရောင်းအဝယ်ပြန်ဖြစ်တာတွေ လည်းရှိတယ်။ ဒီနေ့တောင် အုပ်ရေ တစ်သောင်းခွဲ၊ နှစ်သောင်းလောက် ထွက်သွားပြီ။ ထီက လကုန်ပိုင်းမှ ရောင်းရတာဆိုတော့ ပြောလို့မရသေးဘူး။ အခုမှ စာရင်းက ပြုစုနေတုန်း” ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ လက်​​ထောက်​ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ပြောကြားသည်။                 

 


READ NEXT
Cancel OK