Top News

ဦးနေဝင်း၏မြေး ဦးကျော်နေဝင်း ပိုင်ဆို်င်သည့် Omini Focus ကုမ္ပဏီအပါအဝင် ကုမ္ပဏီသုံးခုကို ချေးငွေများပြန်မဆပ်သဖြင့် ဧရာဝတီဘဏ်က တရားစွဲဆိုမည်
24htopnews | September 17, 2024 10:12 AM CST

ဦးနေဝင်းမြေး ဦးကျော်နေဝင်း ပိုင်ဆိုင်သည့် Omini Focus ကုမ္ပဏီအပါအဝင် ကုမ္ပဏီသုံးခုကို ချေးငွေများပြန်မဆပ်သဖြင့် ဧရာဝတီဘဏ်က တရားစွဲဆိုမည်ဖြစ်ကြောင်း အဆိုပါဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“Bank Notice သုံးကြိမ်ပို့ခဲ့တယ်။ တစ်လတစ်ကြိမ် ပို့ခဲ့တယ်။ စပြီးတော့ ချေးငွေပေးဖို့ ပျက်ကွက်တာက ၂၀၁၇ နိုဝင်ဘာက စပြီးပျက်တာ။ ဒါကလည်း ထူးထူးခြားခြား မဟုတ်ဘူး။ သူတို့မို့လို့ ဖြစ်တာလည်းမဟုတ်ဘူး။ အကြောင်းမပြန်တဲ့အတွက် နောက်ဆုံး Legal Notice ပို့ခဲ့တယ်။ ထပ်ပြီးအကြောင်း မထူးလာဘူးဆိုရင် ကျွန်တော်တို့က တရားစွဲဆိုတာမျိုး ဖြစ်သွားမှာပါ” ဟု ဧရာဝတီဘဏ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Omini Focus ကုမ္ပဏီက YBS ကားများ ဝယ်ယူရန်အတွက် ဧရာဝတီဘဏ်မှ ချေးယူထားသည့် ချေးငွေကိစ္စနှင့်ပတ်သက်ပြီး မတ် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧရာဝတီဘဏ်မှ တာဝန်ရှိသူများ၊ Omini Focus ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဖြစ်တာကြာပြီ။ ဦးကျော်နေဝင်းကလည်း တွေ့ခွင့်တောင်းထားတာကြာပြီ။ နှစ်ယောက်လုံးက သူတို့ မှန်တယ်လို့ ပြောတယ်။ ဘဏ်ကလည်း အတိုးအရင်း လိုချင်တာပေါ့။ ဦးကျော်နေဝင်းကလည်း YRTA မှာ အရှုံးပေါ်နေတယ်ပေါ့။ အခက်အခဲတွေ အများကြီးကို ဖြေရှင်းပေးနိုင်ရင် အဆင်ပြေနိုင်တယ်လို့ ပြောတယ်။ တရားရုံးတိုင်မယ်ဆိုရင်လည်း တိုင်ပေါ့လို့ပြောတယ်။ အမှန်တော့ အစိုးရအဖွဲ့က ဖြေရှင်းပေးလိုက်ရင် ဒီအထိတောင် ရောက်လာဖို့မရှိဘူး။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရော YRTA ကရော မဖြေရှင်းပေးကြဘူး။ အစိုးရအဖွဲ့တောင် မလိုဘူး။ YRTA က ဖြေရှင်းပေးလိုက်ရင် အစိုးရအဖွဲ့လည်း ရောက်စရာမလိုဘူး။ လွှတ်တော်လည်း ရောက်စရာမလိုဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

ချေးငွေကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီဘဏ်ကလည်း မတ် ၈ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ကြေညာခဲ့သည်။ ယင်းကြေ ညာချက်တွင် ချေးငွေရယူထားပြီး ပြန်မဆပ်သည့် YBS ကုမ္ပဏီများကို ဧရာဝတီဘဏ်က တရားစွဲမည်ဖြစ်ကြောင်း ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အများပြည်သူများ သွားလာမှုပိုမိုချောမွေ့ လွယ်ကူစေရေးအတွက် ရည်သန်၍ ဆောင်ရွက်သည့် YBS စီမံကိန်းအား အထောက်အကူပြုစေရန် ဧရာဝတီဘဏ်အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီများအားလည်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တွေ့ဆုံညှိနှိုင်း တောင်းခံခြင်း၊ ဘဏ်မှ တရားဝင်ချေးငွေ တောင်းခံလွှာပေးပို့ခြင်း Bank Notice နှင့် ဘဏ်ရှေ့နေမှ တရားဝင်ချေးငွေတောင်းခံလွှာ ပေးပို့ခြင်း Legal Notice စသည်ဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ YRTA အဖွဲ့အား အကြောင်းကြား အကူအညီတောင်းခံပြီး ယခုအခါ ဘဏ်အနေနှင့် တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဧရာဝတီဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီဘဏ်၏ ဘဏ္ဍာရေးအခြေအနေများကို တရားဝင် Website ဖြစ်သော  www.ayabank.com တွင် ပွင့်လင်းမြင်သာမှုရှိစွာ အစဉ် ထုတ်ပြန်လျက်ရှိကြောင်း၊ လက်ရှိဧရာဝတီဘဏ်၏ ဘဏ္ဍာရေးအခြေအနေများအရ ယခုချေးငွေမှာ စုစုပေါင်းပိုင်ဆိုင်မှု Total Assects ၏ တစ်ရာခိုင်နှုန်းခန့်သာရှိပြီး မတည်ရင်းနှီးငွေမှာလည်း အဆိုပါ ချေးငွေထက် အဆပေါင်းမြောက်မြားစွာရှိသည့်အတွက် အများပြည်သူများ စိတ်ချယုံကြည်စွာဖြင့် ဘဏ်လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုချေးငွေက ဘဏ်ရဲ့ တစ်ရာခိုင်နှုန်းပဲရှိပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ဘဏ်ပျက်လောက်မယ်ဆိုတာလည်း မဟုတ်ပါဘူး” ဟု ဧရာဝတီဘဏ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်များအနက် ယာဉ်အစီးရေ ၁၁၆၀ အား ကုမ္ပဏီ ၁၀ ခုအတွက် ဧရာဝတီဘဏ်က ချေးငွေထုတ်ပေးခဲ့ပြီး အခြားကုမ္ပဏီများက အတိုးအရင်းအား ပုံမှန်ပေးသွင်းနေကာ Omini Focus အပါအဝင် ကုမ္ပဏီသုံးခုသည် ကားအစီးရေ ၅၀၀ အတွက် ချေးယူထားသည့်ငွေများအား ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစတင်ကာ ပေးသွင်းခြင်းမရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

“ကုမ္ပဏီသုံးခုရှိတယ်။ Omini Focus ပါမယ်။ Keen Support ပါမယ်။ Central Yangon Network ပါမယ်။ အဲဒီကုမ္ပဏီသုံးခုက မော်တော်ကားစီးရေ ၅၀၀ ချေးငွေနဲ့ပတ်သက်ပြီးတော့ ပျက်ကွက်နေတာရှိပါတယ်။ ဒါကလည်း လုပ်ထုံးလုပ်နည်းကနေ ပျက်ကွက်နေတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ပုံမှန်အားဖြင့် ချေးငွေအတိုးအရင်း ပျက်ကွက်ပြီဆိုရင် ရက်ပေါင်း ၉၀ သတ်မှတ်ပါတယ်။ ကျွန်တော်တို့မှာ စဉ်းစားစရာဘာရှိသလဲဆိုရင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလည်းဖြစ်တယ်။ ကားတွေ သိမ်းလိုက်လို့ရှိရင် ပြည်သူလူထု သွားဖို့ အခက်အခဲအများကြီးရှိပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် ညှိနှိုင်းတယ်” ဟု ဧရာဝတီဘဏ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ယင်းချေးငွေရယူထားသည့် စာရွက်စာတမ်းများလည်း ပျံ့နှံ့လျက်ရှိပြီး ယင်းစာရွက်စာတမ်းများမှာ မှန်ကန်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“လိုင်းပေါ်မှာ ပျံ့နေတဲ့စာတွေက အကုန်လုံးအမှန်တွေကြီးပဲ။ ဘယ်လိုပျံ့သွားတယ် ဆိုတာကိုတောင် အံ့သြနေတာ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းစာရွက်စာတမ်းများတွင် Omini Focus ကုမ္ပဏီအပါအဝင် Central Yangon Network ကုမ္ပဏီနှင့် Keen Support ကုမ္ပဏီတို့ဖြစ်ကြောင်း၊ ယာဉ်လိုင်းပြေးဆွဲလုပ်ကိုင်နေသည့် ကုမ္ပဏီများလည်း ချေးယူခဲ့သော်လည်း သတ်မှတ်ထားသည့် ချေးငွေစည်းကမ်းချက်များကို လိုက်နာပြီး ပုံမှန်ပြန်ဆပ်သော်လည်း ယင်းကုမ္ပဏီသုံးခုမှာ ပြန်ဆပ်ခြင်းမရှိကြောင်း၊ ယင်းသို့ပျက်ကွက်မှုများအပေါ် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နေသည့်ကိစ္စအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား တင်ပြချက်များပါဝင်သည်။

ထို့ပြင် ပျံ့နှံ့နေသည့် စာတစ်စောင်တွင်လည်း Omini Focus ကုမ္ပဏီမှ ဘဏ်သို့ အရစ်ကျပေးသွင်းရမည့်ငွေများ ပျက်ကွက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဆက်လက် ပျက်ကွက်နေပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရေးသားထားသည်။

Omini Focus အပါအဝင် ကုမ္ပဏီသုံးခုက မော်တော်ယာဉ်အစီး ၅၀၀ အတွက် ဧရာဝတီဘဏ်ထံမှ ချေးယူခဲ့သည့်ငွေမှာ ကျပ်ဘီလျံ ၅၆ သန်းကျော်ဖြစ်သည်။

“ငွေအမောက်က ပြောလိုက်ရင် လွဲသွားမှာစိုးလို့ မပြောချင်ဘူး။ ငွေအမောက်က နေ့စဉ်နဲ့အမျှ တက်နေတာဖြစ်တယ်။ ပြန်မပေးချင်းအားဖြင့် ရရမယ့်ဟာတွေ နစ်နာတယ်။ လာအပ်ထားတဲ့သူတွေကို အတိုးပြန်ပေးနေရတာဖြစ်တယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ငွေအမောက်နဲ့တော့ သိပ်မကွာပါဘူး” ဟု ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သည့် ဟစ်တိုင်၏ သတင်းရေးသားချက်နှင့်ပတ်သက်ပြီး Omini Focus ကုမ္ပဏီက မတ် ၈ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အဆိုပါသတင်းဌာနက Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည့် “ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တာဝန်ခံချေးပေးထားသော ဧရာဝတီဘဏ်မှ ချေးငွေဘီလျံ ၅၀ ကျော်နေဝင်းတို့မှ ပြန်မဆပ်လို့ တရားစွဲတော့မည်” ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် မမှန်မကန် သတင်းရေးသား တင်ပြထားသည်ကို တွေ့ရကြောင်း၊ ယင်းသတင်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ဂုဏ်သိက္ခာ၊ ဧရာဝတီဘဏ်အပေါ် ထားရှိသည့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ Omini Focus ၏ ပုံရိပ်ကို ဖျက်စီးနှောင့်ယှက် တိုက်ခိုက်သည့် သတင်းဖြစ်သည့်အတွက် Omini Focus ကုမ္ပဏီက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်လိုက်ကြောင်း ဖော်ပြထားသည်။

ဧရာဝတီဘဏ်က ပေးပို့ထားသည့် အကြောင်းကြားစာနှင့်ပတ်သက်ပြီး ကုမ္ပဏီအနေဖြင့် ချေးငွေစာချုပ်တွင် သတ်မှတ်ထားသည့် အရင်း၊ အတိုး လစဉ်ပေးဆပ်ခြင်းဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း အကျေပေးဆပ်သွားမည့်အကြောင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် အကြောင်းပြန်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Omini Focus ၏ လက်ဝယ်တွင်ရှိသော စာချုပ်စာတမ်းများ၊ စာရွက်စာတမ်းများ၊ အသံဖိုင်များ စသည့်အထောက်အထားများသည် လိုအပ်လာလျှင် တရားရုံးတော်သို့ တင်ပြရမည့်ဖြစ်သဖြင့် ကျင့်ဝတ်ထုံးတမ်းများအရ အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်မပေးနိုင်သည့်အတွက် နားလည်ပေးရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 


READ NEXT
Cancel OK