Top News

တပ်ကုန်းမြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အဆုံတံတား ပြုပြင်ပြီးစီးပါကယာဉ်များကို တန် (၄၀) အထိ ဖြတ်သန်းခွင့်ပြုမည်
24htopnews | September 16, 2024 9:12 PM CST

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြိုနယ် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အဆုံတံတား ပြန်လည် တည်ဆောက်လျက်ရှိရာ ယနေ့ စက်တင်ဘာ(၁၆)ရက်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်းနှင့် ယာဉ်များကို တန် (၄၀) အထိ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ(၁၁)ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နဝင်းချောင်းရေ မြင့်တက်၍၊ ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွား တံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဉ်းကပ် လမ်းမြေသား) ၄ ပေခန့် ရေတိုက်စား၍ ထက်ပိုင်းကျိုးကျ ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် မော်တော်ယာဉ်များ တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှတစ်ဆင့် သွားလာခဲ့ရပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပျက်စီးခဲ့ရသည့် လမ်း/တံတားများကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အမြန်ဆုံး ပြန်လည်ပြုပြင်လျက်ရှိရာ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင်ဘေလီ အစားထိုး ပြုပြင်လျက်ရှိပြီး ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတား(ဆင်သေချောင်းကူး) ချဉ်းကပ်လမ်းပျက်စီး ယာယီဘေလီတံတား အစားထိုးခြင်း ပြီးစီးပြီဖြစ်၍ စက်တင်ဘာ (၁၄)ရက် နေ့လယ်ပိုင်းတွင် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် လယ်ဝေး၊ ပျဉ်းမနား၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ တိုင်းနှင့် ပြည်နယ်တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK