Top News

ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့
24htopnews | September 16, 2024 4:12 PM CST

(၁)
“ကိုဘသစ်ရေ မနက်ဖြန်ဆို ကမ္ဘာ့သဘာ၀ ပတ်ဝန်းကျင်နေ့ ဆိုပါလား၊ ဘာကို ဆိုလိုတာလဲ”
“ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ဆိုတာ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ရေမြေတောတောင်တွေကို စောင့်ရှောက်ကြဖို့ သတိပေးတာလေ။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို မစောင့်ရှောက်ဘဲ လောဘတကြီးနဲ့ မဟုတ်တာတွေကို မလုပ်မိအောင်ပေါ့”
ဇွန် ၅ ရက်ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ World Environment အဖြစ်  ကမ္ဘာ့ ကုလသမဂ္ဂက သတ်မှတ်ခဲ့သည်။
“ဒီ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ကို ဘယ်တုန်းက စတာလဲ”
“ ၁၉၇၄ ခုနှစ်က စခဲ့တာပါ။ ဒီနေ့ဆိုရင် ၄၂ နှစ်တင်းတင်း ပြည့်ပြီပဲ”
“အဲဒီနေ့အတွက် ကုလသမဂ္ဂက ဘာလုပ်သလဲ”
 “နှစ်စဉ် ကြွေးကြော်သံတွေ ထုတ်တယ်။ ၂၀၁၆ ခုနှစ်အတွက် ကြွေးကြော်သံကတော့ ‘တောရိုင်းတိရစ္ဆာန်များကို ရောင်းဝယ်ဖောက်ကားခြင်းကို တားဆီးစို့’ (Fight against the Illegal Trade in Wildife) ပါပဲ”
“အင်း.. တောတွေလည်းပြောင် တောကောင်တွေ နေစရာတွေ မရှိတော့ဘဲကိုး”
“ဟုတ်တယ်၊ ခင်ဗျားပြောတဲ့ လှုပ်ရှားမှုတွေထဲမှာ မြန်မာနိုင်ငံကလည်း ဒီဆောင်ပုဒ်ကို ‘တို့ကမ္ဘာမြေ၊ ဂေဟစနစ်ကို ထိန်းသိမ်းဖို့၊ တောရိုင်းတိရစ္ဆာန်များနဲ့ သဘာဝအပင်များ တရားမဝင် ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီတိုင်းမှာ စာစီစာကုံးပြိုင်ပွဲ ပြုလုပ်တာကို တွေ့ရတယ်။ ဒီအတွက် ဆုရသူတွေကို ဇွန် ၅ ရက်မှာ အခမ်းအနားနဲ့ ဆုပေးမယ်လို့ ဆိုတယ်”
“အင်း..ကောင်းပါတယ်။ ကျွန်တော် သဘာဝပတ်ဝန်းကျင်သမားတွေ ပြောတာ ကြားဖူးတယ်။ ကျွန်တော်တို့ဟာ သဘာဝပတ်ဝန်းကျင်ကြီးကို ဘိုးဘွားတွေကနေ အမွေရတာ မဟုတ်ဘူး။ သားသမီးမြေးမြစ်တွေဆီက ငှားရမ်း သုံးစွဲနေတာတဲ့”
“ဟုတ်တယ်။ ဒါကြောင့် သူတို့ကို လက်ဆင့်ကမ်းတဲ့အခါ အကောင်းပကတိ ဖြစ်အောင် ကြိုးစားဖို့ လိုတယ်လို့ပြောတာပဲ။ ဒီ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုက သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး အကောင်းဘက်ကို ဆောင်ရွက်ကြဖို့ပါပဲ၊ ဆိုလိုတာက ကမ္ဘာမြေနဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ လိုအပ်တာကို သတိပြုမိကြဖို့ပဲ ဖြစ်တယ်။”
“ကောင်းပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ (UN) က နိုင်ငံရေး၊ စစ်ရေးတွေပဲ လုပ်နေတယ်လို့ လူတွေ ထင်နေကြတယ်”
“ဟုတ်ပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာဖို့ စစ်ပွဲတွေ မရှိမှဖြစ်မှာကိုး၊ စစ်ပွဲတွေ မရှိတဲ့အခါ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပညာရေးတို့ကို တည်ဆောက်နိုင်မှာပေါ့။ ဒီအခါ  ကမ္ဘာမြေကို ပိုပြီးလှပတဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်လာစေဖို့နဲ့ နောက်ထပ်ပျက်စီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကြိုးစားကြတာပဲ ဖြစ်တယ်”
(၂)
“အင်း၊ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကမ္ဘာကြီးဟာ ဘယ်လိုမှမပျက်စီးနီုင်တဲ့ နေရာကြီးလို့ပဲထင်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ကနေ တောထဲဝင်သွားရင် ထင်းလည်းရတယ်။ စားစရာအသီးအနှံလည်း ရတယ်။ ကနစိုးသီးလို အသီးတွေ တွေ့ရတယ်။ ခုတော့ တောမှာ ဘာမှမရှိတော့ဘူး”
“တကယ်တော့ သဘာဝအသီးအနှံတွေကို ကျွန်တော်လွမ်းတယ်။ တောထဲမှာ ကြောင်လျှာသီးတွေ၊ ဒူးရင်းသီးတွေ ရှိတဲ့ခေတ်ကို သတိရတယ်။ ဆရာညိုပြောမှ ကျွန်တော် အမေရိကန်ပြည်ထောင်စု Silicon Valley ကိုရောက်တော့ လမ်းဘေးမှာ သီးနေတဲ့ ပန်းသီးပင်တွေ လိမ္မော်ပင်တွေကို တအံ့တသြ တွေ့ရတယ်။ အချို့နေရာမှာ တည်သီးပင်တွေ။ ခူးစားတဲ့သူမရှိလို့ အောက်ကိုကျနေတာ။ အမှိုက်သိမ်းတဲ့လှည်းနဲ့ သိမ်းယူရတာမျိုးတောင်ရှိတယ်”
“ဒါပေမဲ့ ကျွန်တော်တို့ဆီမှာတော့  သဘာဝပတ်ဝန်းကျင်ကြီး အတော်ပျက်သွားတာပဲ”
“ဟုတ်ပါတယ်၊ ပျက်စီးပုံပျက်စီးနည်းက နှစ်မျိုးရှိတယ်။တစ်မျိုးက တိုးတက်မှုမရှိဘဲ ပျက်တာ။ နောက်တစ်မျိုးက တိုးတက်လာရင်း ပျက်သွားတာပါ။ ကျွန်တော်တို့ဆီမှာ သစ်တောတွေ ခုတ်တယ်။ ထင်းမီးသွေးအတွက် သစ်ပင်တွေခုတ်ရင်း ပျက်စီးသွားတာမျိုး ဖြစ်တယ်။ အာဖရိကမှာလည်း ဒီလိုပျက်တာတွေ အများကြီးပဲ၊ အဲဒါက မဖွံ့ဖြိုးဘဲ ပျက်စီးကုန်တာမျိုးပေါ့။ ဒါပေမဲ့ မြို့တွေတည်တယ်။ လမ်းတွေဖောက်တယ်။ စက်ရုံတွေ အလုပ်ရုံတွေ ဆောက်ပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတာရှိတယ်”
“သတ္တုတွင်းတွေ တူးတာမျိုးလည်း ပါတာပေါ့နော်”
“ပါပါတယ်။ သာမန်အားဖြင့်ကြည့်ရင်တော့ ကမ္ဘာကြီးဟာ တော်ရုံတန်ရုံနဲ့ ပျက်စီးစရာ မရှိဘူးလို့ ယူဆကြတယ်။ ဒါလည်းဟုတ်မှာပါပဲ။  ကမ္ဘာက အကြီးကြီးပဲလေ။ ကမ္ဘာကြီးရဲ့ အချင်းဝက်ဟာ  ၆၃၇၈ ကီလိုမီတာ ရှိတယ် ဆိုတော့ လုံးပတ်ဟာ  ကီလိုမီတာ ၄၀,၀၀၀ ကျော်ရှိတယ်။ တကယ့်ကို အကြီးကြီးကပါပဲ၊ ဒါကြောင့်လည်း ရှေးကတည်းက မြေကြီးကို အမှိုက်ပစ်စရာ နေရာလို့ ယူဆကြတယ်။မကောင်းတဲ့ပစ္စည်းတွေကို ပင်လယ်ထဲ မျှောတယ်။ အခိုးအငွေ့တွေကို လေထဲလွှတ်ထုတ် ကြတယ်။ ဒါပေမဲ့ လူဦးရေ သန်း ၇၀၀၀ ကျော်လာတဲ့အခါ ကမ္ဘာကြီးဟာ လူတွေရဲ့ ဒဏ်ကို မခံနိုင်တော့ဘူး။
ယနေ့ဆို ကမ္ဘာတစ်ဝန်းလုံး မုန်တိုင်းတွေတိုက်တယ်။ ငလျင်တွေလှုပ်တယ်။ မနှစ်က မြန်မာနိုင်ငံမှာဆို ရေကြီးရေလျှံမှုတွေဖြစ်တယ်။ ဒီနှစ်မှာတော့ သောက်ရေတွေ ပြတ်လပ်ကုန်တယ်။ အမှန်တော့ ၂၀၁၆ ကို ကမ္ဘာကြီးအတွက် အပူဆုံးနှစ်လို့တောင် သတ်မှတ်ထားရတယ်။ ခု ပြင်သစ်တို့ဂျာမနီတို့မှာ ရေကြီးနေပြန်ပြီပဲ”
(၃)
ကိုဘသစ်သည် ကျွန်တော့်အား အယ်လ်နီညိုဖြစ်စဉ်ကို ရှင်းပြသည်။
“ဒါကသဘာဝအရပြောရင် ရာသီဥတု အလွန်အကျွံဖြစ်တဲ့ Extreme Weather လို့ပြောနိုင်တယ်။အယ်လ်နီညိုကာလ ကုန်သွားရင် ပျော်မနေနဲ့၊ လာနီညာဆိုတာ လာမယ်”သတ္တလောကကြီးကို ကျွန်တော်တို့ ဖျက်ဆီးလိုက်ပါကလားဟုသာ ညည်းတွားလိုက်ပါသည်။ ကိုဘသစ်ကတော့ ကျွန်တော်တို့ကမ္ဘာကြီးသည် ပျက်စီးလုမတတ် ဖြစ်လာတာကို ပြောဆိုနေပါသည်။
ဒါကို ကျွန်တော်တို့အားလုံးသဘော ပေါက်ကြပါသည်။ ရေ၊ မြေတောတောင် သမုဒ္ဒရာ အာကာသဆိုသည့် သဘာဝပတ်ဝန်းကျင်ကြီးသည်  ကျွန်တော်တို့ကို ဝန်ဆောင်မှု အမျိုးမျိုး ပေးနေလျက်ရှိပါသည်။
ကျောက်ခေတ် လှည်းခေတ် လှေခေတ်တွေကနေ ဒီနေ့ခေတ် ပုံစံကိုရောက်အောင် လူတို့များစွာ ကြိုးပမ်းခဲ့ပါသည်။ နည်းအမျိုးမျိုးနဲ့ ကြိုးစားဆောင်ရွက်ကြပါသည်။ လူတို့သည်  သဘာဝတရားက ပေးသမျှထက် ပိုမိုကျော်လွန်ကာ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြသည်။ ရေအောက် လေအထက် သွားလာနိုင်ကြသည်။
အာကာသကို လွှမ်းမိုးဖို့ ကြိုးစားကြသည်။ ဂြိုဟ်တုတွေနဲ့ ဆက်သွယ်ရေးကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလာကြသည်။ သဘာဝကို ကျွန်တော်တို့အတွက် အသုံးဝင်အောင် ကြိုးစားလေ့လာနေကြသည်။
“လူတွေဟာ အင်မတန်ကြိုးစားကြတယ်ဗျ”
“ဟုတ်ပါတယ် ကိုဘသစ်၊ ကျွန်တော်တို့ဆီက လူတွေလည်း အခွင့်အလမ်းသာရရင် ကြိုးစားကြမှာဖြစ်တယ်။ ခုတော့ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် ထိုင်တဲ့လူတွေပဲ များနေသေးတယ်။ ဒါနဲ့ ခင်ဗျားဘာပြောချင်လို့လဲ”
“သဘာဝကိုပြောချင်တာပါ။ ညဘက်မှာ ကျွန်တော်တို့တွေ့ကြရတဲ့ မှိတ်တုပ်မှိတ်တုတ် ကြယ်တွေဆိုပါတော့။သူကအဝေးကြီးမှာ ရှိတယ်။ ဘယ်လောက်ဝေးလဲဆိုရင် သူ့ဆီက အလင်းတွေ ရောက်လာဖို့ဟာ အနည်းဆုံး နှစ်နှစ်ခွဲကြာတယ်။ ဆိုလိုတာက အနီးဆုံးကြယ်ကို အလင်းရဲ့အလျင် (တစ်စက္ကန့်ကို ၁၈၆,၀၀၀ မိုင်) နဲ့ သွားရင် နှစ်နှစ်ခွဲကြာမှ အဲဒီကြယ်ကို ရောက်ပါမယ်။ ဒီအတိုင်းပဲ၊ ကျွန်တော်တို့က ငြိမ်နေတယ်ထင်တဲ့  ကမ္ဘာကြီးဟာ တစ်နာရီမိုင် ၆၀,၀၀၀ နှုန်းနဲ့ သွားနေတယ်။ သူကိုယ်တိုင်လည်း ပတ်ချာလည်နေသလို နေကို လည်ပတ်နေပါတယ်။ ကျွန်တော်တို့နဲ့ မိခင် အာကာသယာဉ် လို့ဆိုနိုင်တဲ့ နေမင်းကြီးဟာ  မိုင် ၉၂  သန်းကွာဝေးပါတယ်။ အဲဒီနေမင်းကြီးဟာ ကျွန်တော်တို့နဲ့အတူသွားနေပါတယ်။  ဒီနေမင်းကြီးဟာ ကျွန်တော်တို့ရဲ့စွမ်းအင်ပင်ရင်း (Energy Source) ပါပဲ။ ဒါတွေကို နားလည်လာရင် နောက်တစ်ဆင့်တက်ပြီး ကမ္ဘာကြီးအတွက် ဘာလုပ်ပေးရမယ်ဆိုတာကို သိလာမှာပါပဲ”
(၄)
မှန်ပါသည်။ နေသည် လူတိရစ္ဆာန် သစ်ပင်တွေအားလုံး ရှင်သန်ဖို့အတွက် စွမ်းအင်ပေးသည့် အဓိက ကျေးဇူးရှင်ဖြစ်သည်။
နေစွမ်းအင်ကိုသုံးပြီး လေတွေရေတွေ ဓာတ်ပြုသည်။ ပထမဦးဆုံးအပင်တွေ။ သီးနှံတွေ ဖြစ်လာသည်။ နောက်မှ အကောင်ဗလောင်တွေ ဖြစ်လာသည်။ သတ္တဝါများ ဖြစ်လာတယ်။
သီးနှံများသည် နေကရတဲ့ စွမ်းအင်ဖြင့် ရှင်သန်သည်။ ထိုသီးနှံများနှင့် အပင်များကို လူတွေ သတ္တဝါတွေက စားသုံးကြသည်။ လူသတ္တဝါများသည် အချင်းချင်းလည်း စားကြသည်။
ကိုဘသစ်က မြေကမ္ဘာနှင့် ပတ်ဝန်းကျင် သဟဇာတ ဖြစ်ပုံကိုရှင်းပါသည်။
“လူနဲ့ သတ္တဝါတွေဟာ ပူးတွဲနေထိုင်ကာ အသက်ရှင်ကြရတယ်ဗျ။ ကျွန်တော်တို့ လူတွေ သတ္တဝါတွေဟာ သစ်ပင်တွေနဲ့လည်း သဟဇာတဖြစ်အောင် နေကြရတယ်။အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက် ကိုရှူသွင်းပြီး အောက်ဆီဂျင်ကို ထုတ်ပေးတယ်။ လူသတ္တဝါတွေကျတော့  အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးတယ်”
“အပြန်အလှန် အကျိုးပြုတာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ ဒါပေမဲ့ လူတွေဟာ သဘာဝကို နည်းမျိုးစုံနဲ့ ပြုပြင်ပြောင်းလဲတယ်။ သူဟာ ထင်းမီးသွေးရေနံစတဲ့ လောင်စာမှန်သမျှကို မီးရှို့တယ်။ သစ်ပင်တွေကို ခုတ်တယ်။ မြစ်၊ စမ်းချောင်း၊ ချောင်း၊ သို့မဟုတ် အခြားရေစီးချောင်းတွေကို ပိတ်ဆို့ကာ ‘ဆည်’ဆောက်တယ်။  ဆည်တွေဟာ ရေကို ထိန်းထားပြီး သောက်ရေသုံးရေ စိုက်ပျိုးရေ ဆည်ရေသောက် လယ်ယာတွေအတွက် သောက်ရေသုံးရေအတွက် ရေပေးဝေတာတွေလည်း ရှိပါတယ်။ ယနေ့ဆောက်တဲ့ ဆည်အများစုဟာ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖို့အတွက် အဓိကဖြစ်လာတယ်။ တကယ်တော့ ကြီးမားတဲ့ ဆည်တွေဟာ သဘာဝရေမြေပုံသဏ္ဌာန်ကိုပါ ပြောင်းလဲပစ်လိုက်ပါတယ်။ ဂေဟစနစ်တွေ ပြောင်းသွားတယ်”
“အဲဒီကနေ ငလျင်တွေ မုန်တိုင်းတွေ ဖြစ်လာတာပဲပေါ့၊ ဟုတ်လား”
“ဟုတ်ပါတယ်။ မလိုအပ်ဘဲ ဆည်တွေ ဆောက်တာအဆိုးဆုံးပဲ”
(၅)
ဒီတော့ အားလုံး သဘောပေါက်ကြတာတွေကိုပဲပြန်ပြီး စုစည်းပြောချင်ပါတယ်။ကျွန်တော်တို့ဟာ မြေပေါ်မြေအောက် သယံဇာတတွေကိုထုတ်တယ်။ လောင်စာတွေကို မြေအောက်က ထုတ်တယ်။ မြေပေါ်က အပင်တွေကိုလည်း  မီးရှို့တယ်။
“သဘာဝကြီး ပျက်စီးစပြုလာတယ်။ ဒီတော့ ကမ္ဘာကြီးပူနွေးလာတယ်။ ဒီလိုပူနွေးရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အပူကို ဖမ်းဆုပ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ လေထဲမှာ များကုန်လို့ပါပဲ။ကမ္ဘာကြီး ပူနွေးလာတယ်ဆိုပြီး ကမ္ဘာဟာ တဖြည်းဖြည်း အပူချိန် တက်လာရုံလောက်တင် မဟုတ်ဘူးဆိုတာထက် အခြားအဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်တာတွေ ရှိသေးတယ်”
“ဘယ်လိုမျိုးလဲ”
“တစ်နေရာမှာ မိုးသည်းထန်မယ်။ ရေတွေ ကြီးမယ်ဆိုရင် နောက်တစ်နေရာမှာ မိုးမရွာဘူး။ မိုးခေါင်ရေရှားမယ်။ တစ်နေရာမှာ အပူချိန်မြင့်မယ်ဆိုရင် နောက်တစ်နေရာမှာ အေးခဲလောက်အောင် နှင်းတွေကျတယ်။ ယခုနှစ် ၂၀၁၆ ဟာဆိုလို့ရှိရင် ကမ္ဘာတည်စကတည်းက တိုင်းထားတွက်ထားတဲ့ အတိုင်းတာအရ အပူဆုံးနှစ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ မိုးတွင်းက ရေလျှံသလို နွေရောက်တော့ ရေရှားတော့တာပါပဲ။ ဒီဒဏ်ကို ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ နေရာအနှံ့ ကမ္ဘာသားအားလုံး အားလုံးခံစားရပါတယ်”
(၆)
လူသားတွေဟာ လောဘနဲ့ နေလို့မရတော့ပါဘူး။  ဒီနေ့မှာ အင်ဒိုနီးရှားမှာမီးခိုးတွေ အမှောင်ဖုံးနေလို့ ပြည်သူတွေ ဆန္ဒပြနေကြသည်။ ချမ်းသာသူတွေကတော့ သစ်တောတွေကို ဖျက်ဆီးကာ စိုက်ခင်း  Plantation တွေကိုစိုက်သည်။ 
ရုတ်တရက်တော့ မိမိသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသလို ဖြစ်တာမသိကြဘူး။ ဒီလိုမသိကြတဲ့အတွက် ဒါဟာ ဘာမှမဖြစ်သေးဘူး မထင်ကြပါနဲ့။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟာ အိမ်ပေါက်၀ ရောက်နေပါပြီ။
အယ်နီညိုပြီးတော့ လာနီညာလာဦးမည်။ မြစ်ဆုံမှာ ဆည်ဆောက်ရင် ဖြစ်လာမယ့် အန္တရာယ်ကို သတိထားပါ။ အထူးသဖြင့် အမိဧရာဝတီကို ကျွန်တောတို့ မပိတ်ဆို့ဖို့ သတိထားရပါမည်။
ကျောက်မီးသွေး စက်ရုံဆောက်ရင် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို သတိရှိကြပါ။ ဒီအတွက် သဘာ၀၀န်းကျင်ဆိုင်ရာ အဖွဲ့အစည်းနှင့် ပေါင်းစည်းပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးဟာလည်း  သဘာဝပတ်ဝန်းကျင်ကို အလေးထားကြဖို့ ဘက်ပေါင်းစုံကနေ ဆော်သြနေကြခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


READ NEXT
Cancel OK