Top News

တောင်ကြီးမြို့မှ COVID- 19 Case- 121 နှင့် ထိတွေ့ခဲ့သူ ၃၅ ဦး၏ နှာခေါင်းတို့ဖတ်စများကိုစစ်ဆေးရန် ရန်ကုန်မြို့သို့ ပေးပို့ထား
24htopnews | September 16, 2024 3:12 PM CST

တောင်ကြီးမြို့မှ COVID- 19 Case- 121 နှင့် ထိတွေ့ခဲ့သူ ၃၅ ဦးတို့၏ နှာခေါင်းတို့ဖတ်စများကို စစ်ဆေးရန် ရန်ကုန်သို့ ပေးပို့ထားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ အထက(၂) ကျောင်းတွင် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် Case- 121 နှင့် ထိတွေ့ခဲ့သူ ၃၅ ဦးတို့၏ နှာခေါင်းတို့ဖတ်စ များကို ရယူခဲ့ပြီး ရန်ကုန်သို့ ပေးပို့ထားခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Case- 121 နှင့်ထိတွေ့ခဲ့သည့် တောင်ကြီးမြို့ မြို့မရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်ဖွဲ့ဝင် ၁၂ ဦးတို့သည်လည်း နေအိမ်တွင် Home Quarantine နေထိုင်လျက်ကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်က ပြောကြားသည်။

ထို့ပြင် Case- 121 ဖခင်ဖြစ်သူမှာ တရားရုံးသို့ လာရောက်ခဲ့သဖြင့် တောင်ကြီး မြို့နယ်တရားရုံးမှ တရားသူကြီးတစ်ဦး၊ စာရေးအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ရှေ့နေတစ်ဦးတို့သည်လည်း နေအိမ်တွင် Home Quarantine နေထိုင်ကြကြောင်း တောင်ကြီးခရိုင် တရားရုံးမှ ပြောရေးဆိုခွင့်အရာရှိ ဒုတိယခရိုင်တရားသူကြီး ဒေါ်ခင်စန်းလင်းက ပြောကြားသည်။

ထို့ပြင် Case- 121 သွားလာခဲ့သော ROYAL TGI HOTEL သည်လည်း စားသုံးသူ၊ ဧည့်သည်များကို ထပ်မံလက်ခံခြင်းမပြုတော့ဘဲ ယာယီပိတ်ထားလိုက်ပြီး ဘုရားဖြူရပ်ကွက်ရှိ မိခင်ရှိရာ နေအိမ်ကိုလည်း လူဝင်လူထွက် အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်ပေးနေကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Case- 121 နှင့် ထိတွေ့ခဲ့သူ ၃၅ ဦးတို့၏ နှာခေါင်းတို့ဖတ်စများကို ရယူခဲ့သော၊ တောင်ကြီးမြို့၊ အထက(၂) ကျောင်းတွင် ဧပြီ ၂၃ ရက် နေ့လည်ပိုင်းတွင် တောင်ကြီးမြို့မှ စေတနာ့ဝန်ထမ်းလူငယ်များအဖွဲ့မှ မော်တော်ယာဉ်များဖြင့် ပိုးသတ်ဆေးဖြန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၁ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ Case- 121 တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ထုတ်ပြန်လိုက်သည်နှင့် တပြိုင်နက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့မရပ်ကွက်ရှိ စဝ်စံထွန်းလမ်းနှင့် တူးမြောင်းလမ်းရှိ နေအိမ်ကို Lockdown ပြုလုပ်ထားပြီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ၂၄ နာရီ စောင့်ကြပ်ပေးနေကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပထမဆုံးပိုးတွေ့လူနာဖြစ်သည့် Case – 29 ဖြစ်စဉ်တွင်ညောင် ရွှေဟော်ကုန်းရပ်ကွက်ရှိ ဥသြလမ်းနေအိမ်သို့ ပိုးတွေ့လူနာ မလာရောက်ခဲ့သော်လည်း ဥသြလမ်းကို ဗဟိုပြု၍ လမ်းသုံးလမ်းကို Lockdown ပြုလုပ်ခဲ့သော်လည်း ယခုအခါမြို့မရပ်ကွက်ရှိ Case- 121 နေအိမ်ကိုသာ Lockdwon ပြုလုပ်ထားလျက်ရှိရာ ယင်းသို့ ဆောင်ရွက်ခြင်းမှာ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

Case- 121 သွားလာထိတွေ့ခဲ့သော နေရာများနှင့် လူပုဂ္ဂိုလ်များ၏ ဆေးစစ်ချက်အရ ထပ်မံကျယ်ပြန့်လာနိုင်သည့် အခြေအနေများကိုလည်း ကြိုတင်တွက်ဆ၍ ပြုလုပ်ထားသင့်ကြောင်း တောင်ကြီးမြို့ခံများက အကြံပြုထားကြပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

Case- 121 သည် အင်္ဂလန်နိုင်ငံမှ ပြန်ရောက်လာသူ အသက်၂၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သူမသည် ဧပြီ ၆ ရက်တွင် တောင်ကြီးစျေးသို့လည်းကောင်း၊ ဧပြီ ၇ ရက်တွင် တောင်ပေါ်စခန်းပရဟိတ သင်တန်းကျောင်း (လွိုင်ကော်)သို့ လည်းကောင်း၊ ဧပြီ ၈ ရက်တွင် သွားနှုတ်ရန်အတွက် မြဆေးခန်းသို့ လည်းကောင်း သွားရောက်ခဲ့ကြောင်း၊ ဧပြီ ၅ ရက်မှ ၂၁ ရက်အတောအတွင်း မကြာခဏဆိုသလို မိခင်ဖြစ်သူ၏ ဘုရားဖြူ နေအိမ်သို့ လည်းကောင်း၊ ရွှေဘုန်းပွင့် တောင်ပေါ်စေတီတော်သို့လည်းကောင်း၊ ROYAL TGI HOTEL နှင့် V-8 Bar သို့လည်းကောင်း မိသားစုဝင်များ၊ ဆွေမျိုးသားချင်းသူငယ်ချင်း အပေါင်းအသင်းများနှင့်အတူ သွားရောက်မှုများရှိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၏ ပြောကြားချက်အရ သိရသည်။

 

 


READ NEXT
Cancel OK