Top News

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသူကို ပြစ်မှုမမြောက်သဖြင့် ရဲတပ်ဖွဲ့ကပြန်လွှတ်ပေးခဲ့ပြီး ဒေသခံလေးဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက အာမခံဖြင့်ပြန်လွှတ်
24htopnews | September 16, 2024 3:12 PM CST

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာမှ ရတနာပုံတက္ကသိုလ်ကျောင်းသူကို ပြစ်မှုမမြောက်သဖြင့် ရဲတပ်ဖွဲ့က ဧပြီ ၂၃ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ဒေသခံလေးဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးက အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ပြန်ခံထားရသည့် ဒေသခံတစ်ဦးကို ရဲတပ်ဖွဲ့က မတ် ၂၄ ရက်ညနှင့် မတ် ၂၅ ရက် နံနက်အစောပိုင်းတို့တွင် အောင်သပြေကျေးရွာအတွင်းသို့ ဝင်ရောက်၍ ဖမ်းဆီးခဲ့ရာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ခဲ့သဖြင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဒေသခံ ၁၀ ဦးတို့ကို ဖမ်းဆီးခဲ့ရာတွင် ရတနာပုံတက္ကသိုလ်ကျောင်းသူတစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၁၀ ဦးတို့ကို ရဲတပ်ဖွဲ့က ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ၃၂၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားရာ ဧပြီ ၂၃ ရက်တွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဒေသခံများအနက် ရတနာပုံတက္ကသိ်ုလ်၊ မဟာတန်းနောက်ဆုံးနှစ် တက်ရောက်နေသည့် ရုက္ခဗေဒကျောင်းသူ မသီရိအောင်(ခ) မသင်းသင်းဆွေကို ပြစ်မှုမမြောက်သဖြင့် ရဲတပ်ဖွဲ့ကတရားစွဲတင်မှုမပြုလုပ်ခဲ့ဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်ဒေသခံ ကိုးဦးတို့ကို ပုသိမ်ကြီးမြို့နယ်တရားရုံး၌ စတင်တရားစွဲဆိုခဲ့ရာ ဒေသခံလေးဦးကို မြို့နယ်တရားရုံးက အာမခံပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံ ၁၀ ဦးအနက် တစ်ဦးလွတ်မြောက်ပြီး လေးဦးသာ အာမခံရရှိခဲ့သဖြင့် ကျန်ငါးဦးမှာ အချုပ်ဖြင့် ဆက်လက်အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

“ညီမက ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်လည်းဖြစ်တယ်။ ရောဂါတွေဖြစ်ပွားနေတာကြောင့် ကိုယ့်ရွာကိုပြန်လာတဲ့အချိန်မှာ ကိုယ့်မှာအပြစ်မရှိဘဲ မဆိုင်ဘဲနဲ့ ရုတ်တရက်အဖမ်းခံရတဲ့အထဲမှာ ပါလာတယ်။ ဒါကြောင့် အပြစ်မရှိတဲ့အတွက် လွှတ်ပေးလိုက်တာပါ” ဟု ပြန်လည်လွတ်မြောက်လာသည့် ရတနာပုံတက္ကသိုလ်ကျောင်းသူ မသီရိအောင်က ပြောကြားသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ မတ် ၂၅ ရက်က ထမ်မံ ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာဒေသခံများ၏ ဧပြီ ၂၃ ရက်က အမှုရုံးချိန်းသို့ ဖမ်းဆီးခံထားရသည့် ဒေသခံများ၏ မိသားစုဝင်များနှင့် ကလေးငယ်များ၊ ဒေသခံများလာရောက်ဝန်းရံခဲ့ကြပြီး ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှလည်း လာရောက်ဝန်းရံမှုများပြုလုပ်ခဲ့ကြသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ခံထားရသည့် အောင်သပြေကျေးရွာ ဦးရွှေအုန်းအား မတ် ၂၄ ရက်ညနှင့် မတ် ၂၅ ရက် နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့သဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရုန်းရင်းဆန်းခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အောင်သပြေကျေးရွာမှ ဦးရွှေအုန်းအပါအဝင် ဒေသခံ ၁၀ ဦးခန့်ကို ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ ၃၂၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မတ် ၂၀ ရက်က ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ အောင်သပြေကျေးရွာမှ ဒေသခံငါးဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ပဋိပက္ခဖြစ်စဉ်အတွင်း စီမံကိန်းဝန်းအတွင်းရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၁၄ တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ အလွတ်တန်း သတင်းထောက်တစ်ဦးအပါအဝင် ဒေသခံရှစ်ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ၃၃၃၊ ၁၁၄၊ ၄၄၀၊ ၄၃၅၊ ၄၃၆၊ လက်နက်မှုပုဒ်မ ၁၉(င) အစရှိသည့် ပုဒ်မများဖြင့် အမှုအသီးသီးခွဲ၍ ကုမ္ပဏီ၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး အစရှိသည်တို့က တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆိုခဲ့ပြီး ယင်းအမှုများအနက် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၃၆၊ ၄၄၀၊ ၁၄၇၊ ၃၃၂၊ ၁၁၄ တို့ဖြင့် စွဲဆိုထားသောအမှုတို့မှာ အပြီးသတ်အမိန့်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မေလကဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားသည့် ဒေသခံများမှာ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK