Top News

မတ္တရာမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ချက် ဖောက်ဖျက်သူ သုံးဦးအား အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့ကြောင်း သိရ
24htopnews | September 16, 2024 3:12 PM CST

မတ္တရာမြို့တွင် ညမထွက်ရ အမိန့်ထုတ် ပြန်ချက်ဖောက်ဖျက်သူ လူသုံးဦးအား အလုပ်မဲ့ထောင်ဒဏ် တစ်လစီချ မှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဧပြီ ၂၃ ရက်က သတင်းရရှိသည်။

“အခု လက်ရှိ သုံးဦးထိ အရေးယူပြီးပါပြီ။ အခုက အကြောင်းမဲ့ထွက်တာပါ။ အရက်သေစာလည်း သောက်စားထားတယ်။ အဲလိုဖြစ်တာကြောင့် အရေးယူထားတာပါ။ အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ချမှတ်ထားပါတယ်။ သတ်မှတ်ထားတာ ည ၁၀ နာရီကနေ နံနက် ၄ နာရီအတွင်းကို အပြင်မထွက်ရပါဘူး။ အကြောင်းမဲ့ ထွက်တယ်ဆိုရင် ဒေသန္တရအမိန့် မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ အမိန့်ထုတ်ထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ်ပြီးတော့ တရားရုံးကို ဦးတိုက်လျှောက်ပါတယ်” ဟု  မြို့နယ်ရဲစခန်း (မတ္တရာ)မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးတို့သည် ဧပြီ ၂၂ ရက် နံနက်အစောပိုင်း ၁ နာရီခွဲ အချိန်က မတ္တရာမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မတ္တရာမြို့၊ အမှတ် (၅) ဘုရင့်နောင်ရပ်ကွက်လမ်းမပေါ်တွင် အသက် ၃၈ နှစ်အရွယ် အမျိုးသား၊ စျေးရောင်းလုပ်ကိုင်သူ၊ အောင်မြေသာစံမြို့နယ်နေသူအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၁ ရက် ည ၁၁ နာရီခွဲအချိန်ကလည်း မတ္တရာမြို့၊ အမှတ် (၅) ဘုရင့်နောင် ရပ်ကွက်လမ်းမပေါ်တွင် အသက် ၃၂ နှစ် အရွယ် အမျိုးသား၊ တောင်သူလုပ်ကိုင်သူ၊ မတ္တရာမြို့နယ်၊ သာစည်ကျေးရွာနေသူနှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသား၊ ရောင်းဝယ်လုပ်ကိုင်သူ၊ မတ္တရာမြို့၊ အမှတ်(၂) ဘုရင့်နောင်ရပ်ကွက်နေသူတို့အား တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့ သုံးဦးအား မြို့နယ်ထွေ/ အုပ်ရုံး၏ ညမထွက်ရ အမိန့်ထုတ်ပြန်ချက်အရ မြို့မရဲစခန်း(မတ္တရာ)သို့ ခေါ်ဆောင်လာခဲ့ပြီးနောက် မြို့မရဲစခန်း(မတ္တရာ)မှ (က)(ခ) ပုံစံဖြင့် မတ္တရာမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ရာ တရားရုံးမှ ရာဇဝတ်ကြီးအမှုဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၈၈(၁) အရ အလုပ်မဲ့ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း COVID- 19  ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ် ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရသည် အသွားအလာ ကန့်သတ်ပိတ်ပင် အမိန့်ကြေညာချက်များကို ဧပြီလ ၁၆ ရက် စွဲဖြင့် ည  ၉ နာရီမှ နံနက် ၄ နာရီအတွင်း နေအိမ်ပြင်ပသို့ လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ အပြင်မထွက်ရန် ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ  ၁၈ ရက်တွင် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်ထိ ပြင်ဆင်သတ်မှတ်ခဲ့ပြီး လိုက်နာခြင်းမရှိပါက တည် ဆဲဥပဒေအရ အရေးယူခြင်းခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။                                    

 

 


READ NEXT
Cancel OK