Top News

COVID-19 ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူများ ဝင်ငွေတိုးတက် ရရှိရေးအတွက် ဆန်နှင့်ဆန်ကွဲ တင်ပို့ခွင့်လိုင်စင် ရရှိထားသူများ အနေဖြင့် ပြည်ပတင်ပို့သည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အရန်ဆန်အဖြစ် ရောင်းချပေးရမ
24htopnews | September 16, 2024 3:12 PM CST

COVID-19 ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် ဆန်နှင့်ဆန်ကွဲ တင်ပို့ခွင့် လိုင်စင်ရရှိထားသူများ အနေဖြင့် ပြည်ပတင်ပို့သည့်ပမာဏ အထောက်အထား ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားသည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အရန်ဆန်အဖြစ် ရောင်းချပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက် ရရှိရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မည့်လုပ်ငန်း အစီအစဉ်များကို ထုတ်ပြန်ခြင်း ဖြစ်သည်။

ဆန်နှင့်ဆန်ကွဲ တင်ပို့ခွင့်လိုင်စင် ရရှိထားသူများအနက် ၂၀၂၀ ပြည့်နှစ် မတ် ၁၅ ရက်နောက်ပိုင်း (မတ် ၁၆ ရက်မှ မတ် ၂၀ ရက်အထိ) ပို့ကုန်လိုင်စင်ရရှိထားသူများ အနေဖြင့် တင်ပို့သည့်ပမာဏ အထောက်အထား ပို့ကုန်ကြေညာလွှာ (Export Declaration) တွင် ဖော်ပြထားသည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော် အရန်ဆန်အဖြစ် ဧည့်မဆန် ၂၅ ရာခိုင်နှုန်းကို ရောင်းချပေးရမည်ဖြစ်ကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီသည် တင်ပို့ခြင်းမပြုမီ ကြိုတင်၍လည်းကောင်း၊ အမှန်တင်ပို့ပြီး တစ်ပတ်အတွင်းတွင် လည်းကောင်း၊ နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် သိုလှောင်ရုံသို့ အပ်နှံပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် ပေးသွင်းခြင်း မရှိပါက ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ပိတ်သိမ်းခြင်းခံရမည် ဖြစ်သည့်အပြင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် မေ ၁ ရက် နောက်ပိုင်းတွင် ဆန်တင်ပို့ခွင့်လိုင်စင် ခွင့်ပြုထုတ်ပေးခြင်းနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

ပြည်ပဆန်တင်ပို့မှု အလားအလာကောင်းများ ရှိနေသော်လည်း COVID-19 ရောဂါ ဖြစ်ပွားနေသဖြင့် လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်၊ Supply (ပြည်တွင်းထုတ်လုပ်မှု) နှင့် Export သုံးခု ဟန်ချက်ညီစေရန် အသင်းအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်နေပြီး ယင်းရလဒ်အပေါ် မူတည်ပြီးမှသာ ဆန်တင်ပို့မှုကို  ခွင့်ပြုသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းနှင့် တရုတ်နယ်စပ်တို့မှ ဆန်တင်ပို့မှု အခြေအနေကောင်းများ ရှိနေကြောင်း သိရသည်။

သို့သော်လည်း လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါပိုးလူနာကို မြန်မာနိုင်ငံအတွင်း၌ တွေ့ရှိလာသောကြောင့် ပြည်သူအများစုသည် စိုးရိမ်ပူပန်မှုများ ရှိလာသဖြင့် ပြည်တွင်း၌ ဆန်ဝယ်ယူများ မြင့်တက်လျက်ရှိသည်။

“ဆန်ကတော့ အခု တရုတ်ဘက်ကလည်း အဝယ်လိုက်တယ်။ Oversea (ပင်လယ်ရေကြောင်း) ကလည်း ပို့ရတာကလည်း အခုချိန်မှာ တော်တော်လေး အခြေအနေ ကောင်းတယ်။ သို့သော်လည်း အခုလိုပြည်တွင်းမှာ ရောဂါပိုးကိစ္စတွေ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အချိန်မှာ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာတဲ့အခါမှာ ဗီယက်နမ်တို့၊ ပါကစ္စတန်တို့ဆို ခဏလေး ဆိုင်းငံ့ထားတဲ့ အခြေအနေ ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့လည်း စိစစ်တဲ့ အပိုင်းတွေ လုပ်မှာပေါ့နော်။ ဘာလို့လဲဆိုတော့ အခုလူတွေက အများကြီး ဝယ်ကြတယ်။ အခု လူတွေတော်တော်များများ လက်ထဲမှာ တစ်လနှစ်လစာ ဝယ်ကြတော့ ဝယ်လိုအားက တအား တိုးလာတာပေါ့နော်။ အဲဒီအခြေအနေနဲ့ အနောက်က Supply လုပ်နိုင်မယ့် အနေအထားနဲ့ Export လုပ်နိုင်မယ့် အနေအထားနဲ့ ဒီသုံးခုကို ဟန်ချက်ညီအောင်တော့ အသင်းတွေနဲ့ရော ကျန်တာတွေနဲ့ ချိတ်ဆက်ပြီးတော့ နေ့တိုင်း ကျွန်တော်တို့ ဆက်သွယ် ဆောင်ရွက်နေပါတယ်။ အဲဒီကရလာတဲ့ အဖြေအပေါ် မူတည်ပြီးမှ ဆုံးဖြတ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးလနီးပါးတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၃၇၅ သန်းအထိ တင်ပို့ထားပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၉၆ ဒသမ ၂၉၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK