Top News

ယူကရိန်း၏သုံးလကြာ တန်ပြန်ထိုးစစ် အရှိန်နှေးကွေးနေခြင်းကို ဝေဖန်နေသူများ ပါးစပ်ပိတ်ထားကြရန် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
24htopnews | September 16, 2024 12:12 AM CST

ယူကရိန်းက ၎င်း၏သုံးလကြာ တန်ပြန်ထိုးစစ် အရှိန်နှေးကွေးနေခြင်းကို ဝေဖန်နေသူများ ပါးစပ်ပိတ်ထားရန် သြဂုတ် ၃၁ ရက်တွင် ပြောကြားလိုက်ပြီး ယူကရိန်းတပ်ဖွဲ့ များသည် ရှေ့ကို ဖြည်းညင်းစွာတက်နေရ သည်ဟုပြောသောအနောက်အုပ်စု တာဝန်ရှိသူများ၏ပြောဆိုမှုများကို စိတ်ပျက်ရကြောင်း ကိယက်ဗ်၏ အပြတ်သားဆုံး ပြောဆိုမှုဖြစ်လာသည်။

အနောက်အုပ်စု၏ ဒေါ်လာဘီလျံချီရှိသော စစ်လက်နက်ပစ္စည်းများကို အသုံးပြု၍ အမွှမ်းတင်မှု အများအပြားခံရသော တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပြီးကတည်းက ယူကရိန်းသည် ရုရှား၏ အဓိကခံစစ်များကို ထိုးဖောက်နိုင်ခြင်းမရှိသေးဘဲ ကျေးရွာတစ်ဒါဇင်ကျော်ကိုသာ ပြန်လည်သိမ်းပိုက်ထားသည်။

နယူးယောက်တိုင်း(မ်)၊ ၀ါရှင်တန်ပို့စ်၊  အခြားသတင်းဌာနများက လွန်ခဲ့သော သီတင်းပတ်တွင် ဖော်ပြခဲ့သောသတင်းများ၌ အမေရိကန်တာဝန်ရှိသူများနှင့်အခြား  အနောက်နိုင်ငံ တာဝန်ရှိသူများက တန်ပြန်ထိုးစစ်မှာ မျှော်မှန်းချက်များ ပြည့်မီခြင်းမရှိဟု ပြောကြားခဲ့သည်များကို ဖော်ပြခဲ့ကြသည်။  တာဝန်ရှိသူအချို့က ယူကရိန်း၏မဟာဗျူဟာကို ချွတ်ယွင်းချက်ရှိနေသည်ဟုပြောကြားခဲ့ကြပြီး ယူကရိန်းသည် ၎င်း၏စစ်သားများကို နေရာချထားပုံမှားယွင်းနေသည်ဟု ပြောကြားခဲ့ကြသည်။

ယူကရိန်း တန်ပြန်ထိုးစစ်သည် ကျဆုံးသွားသည်ဟု ရုရှားက ပြောကြားလျက်ရှိသည်။ ယူကရိန်းတပ်မှူးများကမူ ၎င်းတို့သည် တမင်သက်သက်နှေးကွေးစွာ လှုပ်ရှားနေကြခြင်းဖြစ်သည်ဟု ပြောကြားသည်။ ယင်းသို့ လှုပ်ရှားနေခြင်းမှာ နောက်ဆုံးတွင် အင်ပြည့်အားပြည့် တိုက်ခိုက်သည့်အခါ ဆုံးရှုံးမှုများ နည်းပါးစေရန် ရုရှားခံစစ်နှင့်ထောက်ပံ့ပို့ဆောင်မှုများ လျော့ပါသွားစေရန် လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ဆိုသည်။

“တန်ပြန်ထိုးစစ်ရဲ့အရှိန်နှေးကွေးနေတာကို ဝေဖန်တာဟာ ယူကရိန်းနယ်မြေ တစ်ကီလိုမီတာကိုတစ်ခုပြီးတစ်ခ ုလွတ်မြောက်စေဖို့ ရှေ့တက်ပြီး နေ့တိုင်းအသက် စွန့်နေရတဲ့ ယူကရိန်းစစ်သားရဲ့မျက်နှာကို တံတွေးနဲ့ထွေးနေတာနဲ့တူနေပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလီဘာက သြဂုတ် ၃၁ ရက်တွင်သတင်းထောက်များကို ပြောကြားသည်။

“ဝေဖန်နေသူအားလုံး ပါးစပ်ပိတ်ထားကြဖို့ ကျွန်တော်အကြုံပြုပါတယ်။ သူတို့တတွေ ယူကရိန်းကိုလာပြီး တစ်စတုရန်းစင်တီမီတာ လွတ်မြောက်ဖို့ ကိုယ်တိုင်ကြိုးစားကြည့် ကြပါ”ဟု စပိန်နိုင်ငံတွင်ပြုလုပ်သည့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

နေတိုး အတွင်းရေးမှူးချုပ် ဂျန်စတိုလ်တင်ဘတ်က ယူကရိန်းတပ်မှူးများသည် အကောင်းမြင်မှုနှင့် ထိုက်တန်သူများဖြစ်သည်ဟု CNN ကို ပြောကြားခဲ့သည်။

“ယူကရိန်းသားတွေဟာ မျှော်မှန်းချက်တွေကို ကျော်လွန်အောင် ထပ်တလဲလဲ လုပ်ပြခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာသူတို့ကို ယုံကြည်ဖို့လိုပါတယ်။ ကျွန်တော်တို့ကအကြံပေးတယ်။ ကူညီတယ်။ ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်တွေကို ချမှတ်ကြရတာဟာ ယူကရိန်းသားတွေဖြစ်ပါတယ်”ဟု စတိုလ်တင်ဘတ်က ပြောကြားသည်။

လချီတိုက်ခိုက်နေသော ယူကရိန်းစစ်သားများသည် ရုရှားခံစစ်စည်းနားကို ရောက်လာပြီဟု သိရသည်။

Ref: Reuters


READ NEXT
Cancel OK