Top News

၂၀၂၃ ခုနှစ် သြဂုတ်သည် အိန္ဒိယနိုင်ငံတွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံးလဖြစ်သည်ဟု အိန္ဒိယ မိုးလေဝသဌာန ထုတ်ပြန်
24htopnews | September 16, 2024 12:12 AM CST

အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော နှစ်တစ်ရာကျော်တွင် နိုင်ငံအဆင့်မှတ်တမ်းများကို စတင်ရယူခဲ့ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် သြဂုတ်လသည် နိုင်ငံ၏အပူဆုံးနှင့်အခြောက်သွေ့ဆုံးလဖြစ်သည်ဟု ထုတ်ပြန်လိုက်ရာ ရာသီဥတုပြောင်းလဲမှု အရှိန်ပြင်းထန်လာစဉ် ကမ္ဘာအနှံ့ အပူချိန်စံချိန်များ ဆက်တိုက်တင်နေချိန် နောက်ဆုံးအပူချိန် စံချိန်တင်မှုဖြစ်လာသည်။

သြဂုတ်လသည် အိန္ဒိယ၏ နှစ်စဉ်မုတ်သုံရာသီ၏အလယ်တွင် ကျရောက်နေသောလဖြစ်သည်။ မုတ်သုံရာသီတွင် အိန္ဒိယသည် နိုင်ငံ၏နှစ်စဉ် မိုးရေချိန် ၈၀ ရာခိုင်နှုန်းအထိ ရရှိသည်။

သြဂုတ်လအတွင်းတွင် မိုးများခြင်းက အိန္ဒိယမြောက်ပိုင်းဒေသများတွင် ဆိုးရွားသောရေကြီးမှုများကို ဖြစ်ပေါ်စေသည်ဆိုသော်လည်း ခြုံငုံကြည့်လိုက်ပါက စံချိန်တင်အပူကြောင့် မိုးများသည် ပိုမိုလျော့နည်းသွား သည်။

“၂၀၂၃ ခုနှစ် သြဂုတ်လထဲမှာ ပျမ်းမျှအပူချိန်နဲ့ အမြင့်ဆုံးအပူချိန်တွေဟာ ၁၉၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်ဖြစ်ပါတယ်”ဟု အိန္ဒိယမိုးလေဝသဌာန(IMD)က ပြောကြားသည်။

“မိုးရေချိန် အများအပြား လျော့နည်းမှုနဲ့ အားနည်းတဲ့ မုတ်သုံအခြေအနေတို့ဟာ အဓိကအကြောင်းအရင်းဖြစ်ပါတယ်”ဟု ဆိုသည်။

ယခုနှစ်တွင် သြဂုတ်လ၏ ပျမ်းမျှမိုးရေချိန် ၁၆၁ ဒသမ ၇ မီလီမီတာသည် ၂၀၀၅ ခုနှစ်က သြဂုတ်မှတ်တမ်းထက် ၃၀ ဒသမ ၁ မီလီမီတာ လျော့နည်းနေသည်ဟု IMD အချက်အလက်များက ဖော်ပြလျက်ရှိသည်။

လယ်သမား သန်းပေါင်းများစွာသည် ၎င်းတို့၏ ကောက်ပဲသီးနှံများအတွက် မုတ်သုံမိုးများကို မှီခိုနေရခြင်းနှင့်အတူ နွေရာသီမိုးများသည် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုနှင့် အိန္ဒိယကျေးလက်လုပ်သားထု၏ အသက်မွေးမှုလုပ်ငန်းများအတွက် အလွန်အရေးပါနေသည်။

နွေရာသီ အပူက အိန္ဒိယကုန်းမြေထုကို ပူနွေးစေသည့်အခါလေများသည် အထက်သို့တက်ကာ ပိုမိုအေးမြသော အိန္ဒိယသမုဒ္ဒရာလေများကို စုပ်ယူသောကြောင့် မုတ်သုံမိုးများရွာသည်။ နွေရာသီမုတ်သုံမိုးသည် မိုးပမာဏ အများအပြားကို ရွာစေသည်။

သို့ရာတွင် ယင်းသို့မိုးများခြင်းက နှစ်စဉ်မြေပြိုမှုများနှင့်ရေကြီးမှုများကို ဖြစ်ပေါ်စေသည်။ ရေခဲမြစ်များ အရည်ပျော်ခြင်းက မိုးရေများကို တိုးလာစေသည်။ ထိုသို့သောအနေအထားတွင် ရေကြီးမှုဖြစ်ပွားလွယ်သည့် ဒေသများ၌ စည်းမဲ့ကမ်းမဲ့ တည်ဆောက်မှုတို့က ထိခိုက်ဆုံးရှုံးမှုကို ကြီးမားစေသည်။

စံချိန်တင်နည်းပါးသည့် မိုးရေချိန်များရှိ ခဲ့လင့်ကစား အိန္ဒိယဟိမဝန္တာဒေသတစ်ဝိုက် မိုးများခြင်းကြောင့် ဖြစ်ပေါ်သည့် ရေကြီးမှုများနှင့် မြေပြိုမှုများက သြဂုတ်လထဲတွင် အနည်းဆုံး လူ ၆၅ ဦး သေဆုံးစေခဲ့သည်။

အိန္ဒိယ မိုးလေဝသဌာနသည် လွန်ခဲ့သောဆယ်စုနှစ်တွင် နှစ်တိုင်းနီးပါး အပူလှိုင်းများကို ကြေညာပေးခဲ့ရသည်။ အပူချိန်သည် တစ်ခါတရံ ၅၀ ဒီဂရီဆဲလ်စီယပ်(၁၂၂ ဒီဂရီ ဖာရင်ဟိုက်) အထိရှိတတ်သည်။

ကမ္ဘာတစ်ဝန်းတွင် လွန်ခဲ့သောနှစ်များက အပူချိန်စံချိန်များ တစ်ခုပြီးတစ်ခု စံချိန်ကျိုးခဲ့သည်။ ရာသီဥတုပြောင်းလဲမှုက မိုးလေဝသဆိုင်ရာအခြေအနေများကို ပိုမိုပြင်းထန်စေသောကြောင့် အပူစံချိန်သစ်များ ဖြစ်ပေါ် လာခြင်းဖြစ်သည်။ ယခုနှစ် ဇူလိုုင်လတွင် ကမ္ဘာတစ်ဝန်း အပူလှိုင်းများနှင့် တောမီးများ  ပြင်းထန်ခဲ့သည်။                          

Ref: AFP


READ NEXT
Cancel OK