Top News

တိုင်ဖွန်းဆေအိုလာသည် တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်ချိန်တွင် စူပါတိုင်ဖွန်းအဆင့်မှ ပြင်းထန်မုန်တိုင်းအဆင့်သို့ အားလျော့ခဲ့
24htopnews | September 16, 2024 12:12 AM CST

တိုင်ဖွန်းဆေအိုလာသည် တရုတ်နိုင်ငံ တောင်ပိုင်းသို့ စက်တင်ဘာ ၂ ရက်တွင်ဝင် ရောက်တိုက်ခတ်ချိန်၌ စူပါတိုင်ဖွန်းအဆင့်မှ ပြင်းထန်မုန်တိုင်းအဆင့်သို့  အားလျော့သွားခဲ့သည်။ ဟောင်ကောင်သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒေသ၏ အကြီးမားဆုံးမုန်တိုင်းများမှ တစ်ခုဖြစ်သည့် တိုင်ဖွန်းဆေအိုလာမှ စိုးရိမ်ဖွယ်တိုက်ရိုက်ဝင်ရောက်မှုကို ရှောင်လွှဲနိုင်ခဲ့သော်လည်း မုန်တိုင်းကြောင့် သစ်ပင်များ လဲကျပြီး ပြတင်းတံခါးများကွဲခဲ့ပြီးနောက် မုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတောင်ပိုင်းရှိ လူဦးရေသိပ်သည်းထူထပ်သော ကမ်းရိုးတန်းဒေသများတွင် လူပေါင်းသန်းချီသည်မုန်တိုင်းမဝင်ရောက်မီ စက်တင်ဘာ ၁ ရက်နေ့က လုံခြုံသည့် အဆောက်အအုံများအတွင်း ခိုလှုံနေထိုင်ခဲ့ကြသည်။

ဆေအိုလာသည် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် ဟောင်ကောင်၏အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်မှုကို ဖြစ်စေခဲ့ပြီး ယင်းထုတ်ပြန်ချက်ကို ဒုတိယကမ္ဘာစစ် နောက်ပိုင်း ၁၆ ကြိမ်သာ ထုတ်ပြန်ခဲ့ဖူးသည်။ မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် အမြင့်ဆုံးအဖြစ် တစ်နာရီလျှင် ၂၁၀ ကီလိုမီတာဝန်းကျင် တိုက်ခတ်ခဲ့သည်။

တိုင်ဖွန်းသည် မြို့ကို ဖြတ်သွားခဲ့ပြီးနောက် တရုတ်ပြည်မကြီး၏ ကမ်းရိုးတန်းဒေသများသို့ ဦးတည်ချိန် စက်တင်ဘာ ၂ ရက် အရုဏ်ဦးမတိုင်မီ ပြင်းထန်မုတ်သုံမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့သည်။

ဟောင်ကောင်တွင် မုန်တိုင်းကြောင့် သေဆုံးသူမရှိဘဲ ၂၀၁၈ ခုနှစ်က အင်အားပြင်းတိုင်ဖွန်း မန်းခွတ်ကြောင့် ပျက်စီးသွား သော အပျက်အစီးများထက် အပျက်အစီး ပမာဏလျော့နည်းခဲ့သော်လည်း အာဏာပိုင်များက ဆေအိုလာကြောင့် လေတိုက်နှုန်းပြင်းထန်နိုင်သည့်အတွက် ဒေသခံများအနေဖြင့် ကမ်းစပ်အနီးသို့ မသွားရောက်ကြရန် သတိပေးခဲ့သည်။

ဟောင်ကောင်လမ်းများတစ်လျှောက် လဲကျနေသောအပင်များ၊ ကွဲနေသောပြတင်း တံခါးများနှင့် ဆောက်လက်စအဆောက်အအုံများမှ ပြိုပျက်နေသော ငြင်းစင်များကို အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့ပြီး ဒေသခံမီဒီယာတွင်ဖော်ပြချက်အရ ခေါင်မိုးများတွင်တပ်ဆင်ထားသည့် ဆိုလာပြားများ ပြုတ်ကျနေသည်ကို မြင်တွေ့ရသည်။

“စက်တင်ဘာ ၁ ရက်နေ့က တော်တော်လေး ထိတ်လန့်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့အဆောက်အအုံဝန်းအတွင်းမှာ သစ်ပင်တွေလဲကျနေပြီး ပြတင်းပေါက်မှန်အချို့ ကွဲကုန်ပါတယ်”ဟု အန်ဂျလီအမည်ရှိအမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ဟောင်ကောင်၏ အမြင့်ဆုံးတိုင်ဖွန်းသတိပေးချက် ထုတ်ပြန်ခဲ့ရသည့် နောက်ဆုံး တိုင်ဖွန်းမုန်တိုင်းသည် မန်းခွတ်မုန်တိုင်းဖြစ်ပြီး ထိုအချိန်က သစ်ပင်များလဲကျကာ မြို့တစ်ဝန်း ရေကြီးခဲ့ပြီး လူ ၃၀၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဟောင်ကောင်၏ အရပ်ဘက်အကူအညီပေးရေးအဖွဲ့က အပျက်အစီးများကို တွက်ချက်ရန်အတွက် မြို့တစ်ဝန်းတွင် လူ ၅၀၀ ကျော်ကို ဖြန့်ကျက်ခဲ့ပြီး မြေနိမ့်ပိုင်းတံငါရွာလေးဖြစ်သည့် လိုင်ယူမွန်ခရိုင်တွင်လည်း အခြေအနေကို စူးစမ်းရန် စေတနာ့ဝန်ထမ်းများကို စေလွှတ်ခဲ့သည်။

လေကြောင်းခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ရပြီးနောက် ဟောင်ကောင်လေဆိပ်တွင် လေကြောင်းခရီးစဉ်များကို တဖြည်းဖြည်း စတင်ပြန်လည်ပြေးဆွဲခဲ့သည်ဟု ဆိုသည်။ 


READ NEXT
Cancel OK