Top News

တောမီးလောင်ကျွမ်းမှုကြောင့် ထိတ်လန့်နေကြသည့် ကနေဒါဒေသခံများ
24htopnews | September 15, 2024 11:12 PM CST

ခရစ္စတယ်ဆန်းဂရစ်အမည်ရှိ အမျိုးသမီးသည် ၎င်း၏မွေးရပ်မြေဖြစ်သော ကနေဒါနိုင်ငံမြောက်ပိုင်းတွင် တောမီးများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့် ကြုံတွေ့နေရသော ကြောင့် အိပ်မပျော်သည်မှာသုံးရက် ခန့်ရှိနေပြီဖြစ်ပြီး ၎င်းတို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ကျလာချိန်တွင် ၎င်း၏စိုးရိမ်စိတ်များသည် မချိတင်ကဲ ဝေဒနာအဖြစ်သို့ ပြောင်းလဲခဲ့သည်။

“ဒီလိုနေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးထားမိပါဘူး”ဟု ဆန်းဂရစ်က ကယ်ဂါရီလေဆိပ်တွင် ပြောကြားခဲ့ပြီး သူသည် ရဲလိုးနိုက်ဖ်မြို့ရှိ နေအိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် လူဦးရေ နှစ်သောင်းဝန်းကျင်ရှိ ထိုမြို့လေးသည် မီးခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

“ကျွန်မ အိမ်လေးကို မခွဲချင်ပါဘူး။ ကျွန်မမျက်ရည်ကျမိတယ်”ဟု ဆန်းဂရစ်ကဆိုသည်။

အသက် ၃၃ နှစ်အရွယ်အိမ်ရှင် မတစ်ဦးဖြစ်သည့် ဆန်းဂရစ်သည် ၎င်း၏ခင်ပွန်းနှင့် သားသမီးသုံးဦးနှင့်အတူ တောမီးလောင်ကျွမ်းမှုများမှ မိုင်ပေါင်း ၁၀၀၀ ကျော်ဝေးသည့် ကယ်ဂါရီမြို့သို့ လေကြောင်းခရီးစဉ်များမှ တစ်ခုဖြင့် ရွှေ့ပြောင်းခဲ့သည်။

အိမ်နီးချင်း အယ်ဘာတာပြည်နယ်ရှိ ကယ်ဂါရီလေဆိပ်သည် ဒေသတွင်းမကြုံစဖူး လူအုပ်စုလိုက် ဘေးလွတ်ရာပြောင်းရွှေ့လာသူများအတွက် ကြိုဆိုလက်ခံရေးစင်တာ တစ်ခုဖြစ်လာသည်။

တောမီးသည် ရဲလိုးနိုက်ဖ်မြို့မှ ၁၅ ကီလိုမီတာအကွာတွင် လောင်ကျွမ်းနေပြီး လက်ရှိတွင်မြို့သို့ ချဉ်းကပ်ရောက်ရှိလာခဲ့ကာ ရာသီဥတုအခြေအနေသည် မီးသတ်သမားများ၏ အလုပ်တာဝန်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ရဲလိုးနိုက်ဖ်မြို့က အကျပ်အတည်းသည် ကနေဒါတွင် တောမီးများအတွက် ကြောက်စရာကောင်းသော နွေရာသီ၏ အဆန်းသစ်ဆုံးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ တောမီးများသည် နိုင်ငံအနှံ့တွင် လျင်မြန်စွာ ပျံ့နှံ့နေကြရာ ပြည်သူ ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရကာ မြေဧရိယာအများအပြားသည် မီးလောင်မြေများဖြစ်ခဲ့ရသည်။

ကျယ်ပြန့်သော ကနေဒါနိုင်ငံ၌ တောမီး ၁,၀၀၀ ကျော်လောင်လျက်ရှိသည်။ ကနေဒါ၏ အပူဆုံးဒေသဖြစ်ပြီး မြောက်ကမ္ဘာခြမ်းဒေသအများစုတွင် အပြင်းထန်ဆုံးနွေရာသီ ကျရောက်ရာဒေသဖြစ်သော အနောက်မြောက်ပိုင်းနယ်မြေတွင် လောင်နေသော တောမီးသည် ၂၃၀ ခန့်ရှိသည်။

ဘေးလွတ်ရာရွှေ့ပြောင်းလာသူများအနေဖြင့် ကယ်ဂါရီ၏ပြည်တွင်းလေကြောင်းခရီးစဉ်ဂိတ်သို့ ရောက်ရှိချိန်တွင် ချက်ချင်းစာရင်းပေးသွင်းရပြီး အချို့လူများတွင် အိမ်မွေးတိရစ္ဆာန်များလည်း ပါဝင်လာကြသည်။

အနောက်မြောက်ပိုင်းနယ်မြေ၏ လူအများဆုံး ပြောင်းရွှေ့မှုဟု ကြေညာထားသော ပြောင်းရွှေ့အမိန့်ကြောင့် ရဲလိုးနိုက်ဖ်မြို့ခံများ၏ရွှေ့ပြောင်းမှုသည် အာတိတ်နယ်မြေအနီးရှိ လူဦးရေတစ်ဝက်ပြောင်း ရွှေ့ရသည့် အနေအထားဖြစ်သည်။            

“ကျွန်မ အရမ်း စိတ်ပင်ပန်းပြီး ဖိစီးနေပါတယ်။ ကျွန်မတို့ မိသားစု တစ်ခုလုံးပါပဲ။ ကျွန်မတို့တွေအားလုံး ပင်ပန်းနေကြပါပြီ”ဟု ဆန်းဂရစ်က သတ်မှတ်ထားသောဟိုတယ်သို့ သွားရောက်ရန် မိသားစုနှင့်အတူ ဘတ်စ်ကားစောင့်ဆိုင်းနေချိန်တွင် ပြောကြားခဲ့သည်။

“ကျွန်မသမီးလေးက အသက် နှစ်နှစ်စွန်းစွန်းပဲ ရှိပါသေးတယ်။ သူ့အတွက် အရာရာတိုင်းက ထူးဆန်းနေပြီး ဘာတွေဖြစ်နေလဲဆိုတာသူ နားမလည်ပါဘူး။ ကျွန်မသားလေးကတော့ အသက်ငါးနှစ်ရှိပြီဖြစ်ပြီး အိမ်ပြန်ချင်တဲ့အကြောင်း အမြဲပြောလေ့ရှိပါတယ်။ သားလေးကို အိမ်ပြန်လို့မရတဲ့အကြောင်း နားလည်အောင်ပြောပြဖို့ ကြိုးစားနေပါတယ်” ဟု ဆန်းဂရစ်ကဆိုသည်။

အာဏာပိုင်များက ရွှေ့ပြောင်းရန်အတွက် ပြင်ဆင်ထားရန် ၎င်းတို့ကို ပြောကြားခဲ့ချိန်၌ ဆန်းဂရစ်သည်  အထိတ်တလန့်မဖြစ်ရန် ကြိုးစားခဲ့ရသည်ဟု ဆိုသည်။

“ကျွန်မရဲ့ကလေးတွေအတွက် ကျွန်မသန်မာချင်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေရှိပြီး တုန်လှုပ်မိပါတယ်။ ကျွန်မမျက်ရည်တွေကျလာခဲ့တယ်။ကျွန်မငိုနေတာကို ကျွန်မသားလေးကို မမြင်စေချင်ဘူး”ဟု ၎င်းကဆိုသည်။

ဆန်းဂရစ်သည် နေအိမ်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ချိန်တွင် ၎င်း၏သမီးဖြစ်သူ မွေးဖွားပြီးနောက် ပထမဆုံးဝတ်ဆင်ခဲ့သည့် အဝတ်အထည်များ၊ ကွယ်လွန်သွားသည့်ဆွေမျိုးများ၏ ဓာတ်ပုံများနှင့် ၎င်း၏ကလေးများ ကျောင်းတက်နေသည့် ဓာတ်ပုံများကဲ့သို့ ၎င်းအတွက် တန်ဖိုးရှိသည့်အရာများကို ထုတ်ပိုးခဲ့သည်ဟု ဆိုသည်။သူသည် အကျပ်အတည်းကြောင့် ပင်ပန်းနွမ်းနယ် နေပြီဖြစ်သော်လည်း အကောင်းမြင်စိတ်ကို ဆက်လက်မွေးမြူထားဆဲဖြစ်သည်။ “ဒီအခက်အခဲကို ကျွန်မတို့ အားလုံးအတူတကွ ဖြတ်သန်းနိုင်ပြီး အိမ်ကို ဘေးကင်းလုံခြုံစွာနဲ့ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဆန်းဂရစ်က ပြောကြားခဲ့သည်။       


READ NEXT
Cancel OK