Top News

တရားမဝင်သစ်ခိုးထုတ်မှုများက ဆီးရီးယားသစ်တောများကို ကျတ်တီးမြေအဖြစ်သို့ ပြောင်းလဲစေခဲ့
24htopnews | September 15, 2024 11:12 PM CST

စစ်ဒဏ်ခံနေရသော ဆီးရီးယားနိုင်ငံ မြောက်ဘက်ပိုင်းရှိ မြစ်ကမ်းပါးတွင် သစ်ပင်များခုတ်လှဲခြင်း ကြောင့်တစ်ချိန်က စိမ်းလန်းစိုပြေနေသော သစ်တောတွင် သစ်ပင်အနည်းငယ်သာ ကျန်ရှိပြီး ခြောက်သွေ့နေသော မြေဆီလွှာပေါ်တွင်ခုတ်လှဲ ခံခဲ့ရသော အပင်များမှ ပင်စည်အတိုအပြတ်များသာ ကျန်ရှိနေခဲ့သည်။

၁၂ နှစ်ကြာ ဖြစ်ပွားသောပဋိပက္ခသည် ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းသက်ရောက်မှုများ နှင့်အခြားအကြောင်းအရာများနှင့် အတူတရားမဝင် သစ်ခိုးထုတ်မှုများသည် ဆီးရီးယားနိုင်ငံ၏ စိမ်းလန်းစိုပြေနေမှုကို တိုက်စားသွားခဲ့သည်။

ယူဖရေးတီးမြစ်ကမ်းရှိသစ်တောများသည် တစ်နှစ်ထက်တစ် နှစ်ကျုံ့လာခဲ့သည်ဟု ကာဒ့်တို့ထိန်း ချုပ်ထားသော ဆီးရီးယားနိုင်ငံရက် ကာပြည်နယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဂျာဘားကျေးရွာရှိ စူပါမားကတ်ပိုင်ရှင် အသက် ၄၀ အရွယ် အာမတ်အယ်ရှိတ်က ပြောကြားခဲ့သည်။

“အရင်က သစ်တောတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ငှက်တွေကို ဆွဲဆောင်နေပြီး လေထုကို သန့်စင်ပေးကာ ဖုန်မှုန့်မုန်တိုင်းတွေရန်ကနေ ကာကွယ်ပေးထားပါတယ်”ဟု ၎င်းကဆိုသည်။

သို့သော် စစ်ပွဲအတွင်း လောင်စာဆီပြတ်လပ်မှုများနှင့် ဆင်းရဲချို့တဲ့မှုများသည် ဆီးရီးယားနိုင်ငံသား အများအပြားအား သစ်ပင်များကို ခုတ်လှဲ၍ ရောင်းချရန် သို့မဟုတ် အနွေးဓာတ်ရရှိရန်အတွက် အသုံးပြုရန် အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး ဂျာဘား၏သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

၎င်း၏ရှေးကျသော ခံတပ်မြို့သည် စစ်မက်မဖြစ်ပွားမီက နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ဝန်းကျင်အလယ်ပိုင်းတွင် စတင်ခဲ့သော သစ်ပင်များပြန်လည်စိုက်ပျိုးမှု စီမံကိန်းသည် ပူပြင်းသော အပူဒဏ်မှ ရှားရှားပါးပါး သက်သာရာရစေခဲ့သည်။

“လူတစ်ချို့က သစ်ပင်တွေကို ရောင်းချပြီး ဝင်ငွေရှာဖို့ ခုတ်ထွင်ကြ သလို အချို့တွေက ဆောင်းရာသီအတွင်း အနွေးဓာတ်ရစေဖို့ သစ်ပင်တွေကို ခုတ်ထွင်အသုံးပြုကြပါတယ်”ဟု ရှိတ်က ဆိုသည်။

“ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် တစ်စတစ်စနဲ့ သဲကန္တာရဖြစ်လာပါလိမ့်မယ်”ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ဒေသခံများက သစ်ပင်များကို ခုတ်လှဲရန်ညအချိန် တောထဲသို့ မော်တော်ဆိုင်ကယ်များ စီးနင်းလာသော သစ်ခိုးထုတ်သူများ၏ အသံကို ကြားနေရသည်ဟု ဆိုသည်။

နေ့အလင်းရောင်ရှိနေသည့် အချိန်များ၌ပင် လူငယ်များသည် သစ်ပင်များခုတ်လှဲရန်အတွက် ကင်းလှည့်နေသည့် သစ်တောတာဝန်ရှိသူများ မမြင်တွေ့စေရန်အတွက် တောထဲသို့  ပုန်းလျှိုးကွယ်လျှိုးဖြင့် သွားရောက်လေ့ရှိကြသည်။

ဆီးရီးယား၏ စစ်ပွဲအတွင်းလူ ငါးသိန်းကျော်သေဆုံးခဲ့ပြီး လူပေါင်း သန်းချီ ရွှေ့ပြောင်းခဲ့ကြရသည်။

“သစ်ပင်တွေ ခုတ်လှဲတာဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပြီး နိုင်ငံတစ်ဝန်းလုံး သစ်တောဖုံးလွှမ်းမှု စိုးရိမ်ဖွယ်ရာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်”ဟု နယ်သာလန်ငြိမ်းချမ်းရေးတည်ဆောက်မှုအဖွဲ့ PAX က ယခုနှစ်အစောပိုင်းတွင် သတိပေးခဲ့သည်။

ဆီးရီးယားသည် ၂ဝဝဝပြည့်နှစ်ကတည်းက သစ်တောဖုံးလွှမ်းမှု ၂၆ ရာခိုင်နှုန်း လျော့ကျလာသည်ဟု Global Forest Watch ၏ အချက်အလက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျာဘားမြို့မှ ခြောက်မိုင်အကွာရှိ တူဝေးဟီနာတောအုပ်ရှိ သစ်ပင်များအပေါ်၌လည်း အလားတူ ကံကြမ္မာ သက်ရောက်လျက်ရှိသည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီတောထဲမှာရှိတဲ့ ယူကလစ်ပင်တွေနဲ့ ထင်းရှူးပင်တွေရဲ့အရိပ်အာဝါသအောက်မှာ သူငယ်ချင်းတွေနဲ့အတူ လာကစားလေ့ရှိပါတယ်”ဟု ဒေသခံ မိုဟာမက်အလီကဆိုသည်။

“ဒါပေမဲ့ အခုတော့ ဒီနေရာက ကျတ်တီးမြေဖြစ်နေပါပြီ။ ဘာအရိပ်အာဝါသမှလည်းမရှိတော့ဘူး။ နေရာတိုင်း နေရဲ့အပူချိန်သာ ကျရောက်နေပါတယ်”ဟု အသက် ၃၀ အရွယ် သူနာပြုတစ်ဦးဖြစ်သည့် အလီက ဆိုသည်။

“ဖုန်မှုန့်မုန်တိုင်းတွေကလည်း ဘယ်တော့မှ ရပ်မသွားပါဘူး။ ရေကန်တွေလည်း ခြောက်သွေ့နေပြီး ဘာအပင်မှကိုမကျန်တော့တာပါ” ဟု အလီက ဆီးရီးယား၏ အကြီးဆုံး ရေချိုဆည်လှောင်ကန်ဖြစ်သည့် အာဆတ်ရေကန်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ယူဖရေးတီးမြစ်တွင် ရေပမာဏကျဆင်းသွားပြီး ရေညစ်ညမ်းမှုများ ပိုမိုဆိုးရွားလာခဲ့သည်။ ဆီးရီးယားတွင် သစ်တောပြုန်းတီးမှုသည်  အများစုမှာ သစ်ခုတ်ခြင်းနှင့် ထင်းရရှိရန်အတွက် ခုတ်လှဲခြင်းတို့ဖြစ်သည်ဟု PAX အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လောင်စာဆီစျေးနှုန်းမြင့်တက်နေတဲ့အတွက် ဒေသခံတွေဟာ ချက်ပြုတ်ဖို့နဲ့ မီးဖိုဖို့အတွက်သစ်ပင် တွေကို ခုတ်ဖြတ်ကြပါတယ်။လက် နက်ကိုင်အဖွဲ့ကလည်း ဝင်ငွေအရင်းအမြစ်အတွက်သစ်ခိုးထုတ်ကြပါတယ်”ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။


READ NEXT
Cancel OK