Top News

ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်အများအပြားသို့ ဝင်ရောက်လာသည့် ကိုဗစ်အန္တရာယ်
24htopnews | September 15, 2024 8:12 PM CST

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ နောင်ချို၊ ချင်းရွှေဟော်၊ ကွတ် ခိုင်၊ သိန္နီ၊ တန့်ယန်း၊ လောက်ကိုင်၊ မိုးမိတ်၊ ဟိုပန်မြို့များနှင့် နမ့်လန် ကျေးရွာတို့တွင် ဇွန်လ ဒုတိယပတ် မှစတင်ကာ COVID-19 ရောဂါပိုးကူးစက်ခံရသူ အများအပြားတွေ့ရှိခဲ့သည်။

COVID-19 ရောဂါပိုး ကူးစက်ခံရသည့် မြို့များထဲတွင် လားရှိုးမြို့တွင် ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး ဇွန် ၈ ရက်မှစတင်ကာ ကူးစက်မှုနှုန်း တစ်စထက်တစ်စ မြင့်မားလာခဲ့သည်။

လားရှိုးမြို့တွင် ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် တက်ရောက်ကုသနေသည့် လူနာတစ်ဦးကို ရောဂါအခြေအနေအရ မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံသို့ စေလွှတ်ကုသခဲ့ရာမှ အဆိုပါလူနာအပြင် ၎င်း၏မိသားစုဝင်များပါ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဆက်စပ်သူများအား ကွင်းဆက်လိုက်ပြီး စစ်ဆေးခြင်း၊ အနံ့ပျောက်သဖြင့် မိမိကိုယ်ကိုယ် သံသယဖြစ်ကာ လာရောက်စစ်ဆေးခံသူများ၌ COVID-19 ရောဂါပိုးကူးစက်ခံထားရမှုများမှာ တစ်စတစ်စ များပြားလာခဲ့သည်။

“လားရှိုးမှာ ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ကူးစက်သူက တစ်ရှိန်ထိုး မြင့်တက်လာခဲ့တယ်။ အခြေအနေက ဘယ်သူ့ဘယ်သူမှ ယုံကြည်လို့မရအောင် ရောဂါကူးစက်မှုက ရှိနေတဲ့ပုံပဲ။ အခုရက်ပိုင်းမြို့ထဲမှာ တော်တော်ခြောက်ကပ်သွားတယ်။ ဆေးဆိုင်တွေမှာ ဆေးဝယ်သူတွေများနေတယ်။ ဖွင့်တဲ့စျေးဆိုင်တွေမှာ ကုန်ခြောက်ပစ္စည်းတွေ ဝယ်တဲ့သူတွေ များတာတွေ့နေရတယ်။ စားသောက်ဆိုင်တွေမှာလည်း ဆိုင်ထိုင်စားစနစ်မရတော့လို့ ပါဆယ်စနစ်နဲ့ပဲ ဝယ်ယူစားသောက်နေရတယ်” ဟု လားရှိုးမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုစည်သူက ပြောသည်။

လားရှိုးမြို့တွင်း ကိုဗစ်ကူးစက်မှုသည် ရပ်ကွက်တိုင်းနီးပါးဖြစ်လာပြီး ပိုးတွေ့ရှိမှုအလွန်များသော ရပ်ကွက်အချို့ရှိလမ်းများကို ယာယီ Lockdown ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ရပ်ကွက်ထဲက ကိုဗစ်ကူးစက်မှုရှိတဲ့ အိမ်ရှိတဲ့လမ်းတချို့က ပိတ်ထားတာတွေရှိတယ်။ အဲဒီလမ်းထဲမှာ နေထိုင်သူတွေကို ဘယ်မှပေးမထွက်ဘူးပေါ့။ ရပ်ကွက်ကနေ စားစရာတော့ မထောက်ပံ့ဘူး။ သူတို့လိုတာရှိရင်တော့ ရပ်ကွက်ကနေ သွားဝယ်ပေးတယ်” ဟု လားရှိုးမြို့ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးက ပြောသည်။

လားရှိုးမြို့တွင်းရှိ ရပ်ကွက်အသီးသီး၌ နေထိုင်သူများတွင် ရောဂါပိုးကူးစက်မှုများလာရုံမက လားရှိုးမြို့တစ်ခုလုံး၏ အဓိကထားကုန်စည် ရောင်းဝယ်ရာနေရာဖြစ်သည့် လားရှိုးမြို့မစျေးကြီး၌လည်း COVID-19 ရောဂါပိုးကူးစက်မှု များလာသည့်အတွက် ဇွန် ၂၃ ရက် မှစတင်ကာ ရက်သတ္တနှစ်ပတ်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း လားရှိုးမြို့နယ်စည်ပင်သာယာဌာနက စာထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ လားရှိုးမြို့ရှိ ကုန်စိမ်းစျေး၊ နံနက်ခင်းစျေး၊ ဘူတာစျေး၊ လားရှိုးကြီးစျေး၊ အောင်မင်္ဂလာစျေး တို့ကိုလည်း နှစ်ပတ်ကြာ ယာယီပိတ်ခဲ့သည်။

မြို့မစျေးအနီး ကုန်စိမ်းစျေးတွင် စျေးရောင်းချသည့် စျေးသည်များတွင် COVID-19 ရောဂါပိုး ကူးစက်မှုခံခဲ့ရပြီးနောက် မြို့မစျေးကြီးအတွင်းရှိ စျေးသည်များတွင်လည်း ကူးစက်မှုများရှိလာသည်။

မြို့မစျေး၊ ကုန်စိမ်းစျေး၊ နံနက်ခင်းစျေးများ ယာယီပိတ်ခဲ့ခြင်းကြောင့် ဒေသခံများအဖို့ မီးဖိုဆောင် အသုံးအဆောင်နှင့် ဟင်းသီးဟင်းရွက်များ ဝယ်ယူရန် အနည်းငယ် ခက်ခဲလာခဲ့သည်။

“အရင် ကိုဗစ် First Wave နဲ့ Second Wave တုန်းက စျေးပိတ်ခဲ့တယ်ဆိုပေမဲ့ အသီးအနှံတွေ လက်လီလက်ကားရောင်းတဲ့ နံနက်ခင်း စျေးဖွင့်သေးတဲ့အတွက် ဆိုင်ကယ်စျေးသည်တွေ သုံးဘီးစျေးသည်တွေ မြို့ထဲနဲ့ တခြားရွာတွေဘက် လှည့်လည်ရောင်းချနိုင်သေးတယ်။ အခုက အဲဒီလိုမဟုတ်ဘူး။ နံနက်ခင်း စျေးလည်း ပိတ်လိုက်တော့  စျေးဝယ်ရတာ အခက်နည်းနည်းတော့တွေ့တယ်။ ဆိုင်ကယ်စျေးသည်တွေ သိပ်မထွက်နိုင်တော့ဘူး။ မြို့ထဲရွာတွေထဲ လိုက်ရောင်းတဲ့ ရွေ့လျားစျေးသည်တွေ စျေးရောင်းထွက်ဖို့ ခက်ကုန်တာပေါ့။ ဒါပေမဲ့ အရင်စျေးမှာ ရောင်းကြတဲ့သူတွေက သူတို့အိမ်မှာ  တစ်နိုင်တစ်ပိုင်ရောင်းကြတာတွေရှိတော့ လိုအပ်ရင် အဲဒီမှာပဲ ဝယ်ကြတော့တာပေါ့” ဟု လားရှိုးဒေသခံတစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောသည်။

မန္တလေးမြို့ဘက်မှလာလျှင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ အဝင်မြို့တစ်မြို့ဖြစ်သည့် နောင်ချိုမြို့တွင်လည်း တစ်ပတ်အတွင်း ကူးစက်ခံခဲ့ရသူ တစ်ရာကျော်ရှိလာကြောင်းသိရသည်။

“နောင်ချိုမှာ ကိုဗစ်ပေါ့စတစ်စဖြစ်တဲ့သူ အနံ့မရလို့ဆိုပြီးဆေးလာစစ်တဲ့ လင်မယားနှစ်ယောက်ကို ဆေးစစ်ကြည့်တော့ ပေါ့စတစ်စတွေ့တာပေါ့။ အဲဒါနဲ့ သူတို့နဲ့ ထိစပ်ဆက်နွှယ်ခဲ့တဲ့  လူတစ်ရာလောက်ကို ဆေးစစ်တဲ့အချိန်မှာ ကိုဗစ်ပိုးကူးစက်တာတွေတွေ့တော့တာပါပဲ။ ဒီကြားထဲ ကိုယ့်ကိုယ်ကိုယ် အနံ့မရလို့လာစစ်သူတွေနဲ့ဖျားလို့ လာစစ်တဲ့သူတွေဆီမှာလည်း ကိုဗစ်ကူးစက်မှုတွေ ထပ်တွေ့တယ်” ဟု နောင်ချိုမြို့နေ ဒေါ်သန်းသန်းထွေးက ပြောကြားသည်။

နောင်ချိုမြို့တွင် COVID-19 ရောဂါကူးစက်မှု တစ်စစများလာခဲ့ခြင်းကြောင့် နောင်ချိုမြို့မစျေးကြီးနှင့် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးလက်စျေးများဖြစ်သည့် ဟိုခို၊ ဘန့်ဘွေး၊ သုံးဆယ်၊ ကံကြီး၊ တောင်းခမ်းစျေးများကိုလည်း ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိယာယီပိတ်ခဲ့ရသည်။

နောင်ချိုမြို့နယ်တွင် COVID-19 ရောဂါကူးစက်သူကို ဇွန် ၁၉ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ဇွန် ၂၄ ရက်အထိ ခြောက်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၀၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၊နမ့်လန်ကျေးရွာတွင်လည်း COVID-19 ရောဂါ ကူးစက်မှုများရှိနေပြီး ဇွန် ၁၃ ရက်တွင် အနံ့ပျောက်လူနာသုံးဦးစတင်တွေ့ရှိကာ သီပေါဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

“နမ့်လန်မှာတော့ စျေးဆိုင်တော်တော်များများ ဆိုင်ထိုင်စားတာ လက်မခံတော့ဘူး။ ပါဆယ်စနစ်နဲ့ပဲ ရောင်းနေကြတာတွေ့တယ်။ နမ့်လန်မှာ ကိုဗစ်ပိုးစတွေ့တဲ့ တစ်ယောက်က ရောဂါမဖြစ်ခင်တစ်ပတ်လောက်မှာ မင်္ဂလာဆောင်သွားတယ်။ မင်္ဂလာဆောင်ကလည်း ကလေးမြို့ဘက်ကနေ နမ့်လန်ကို မင်္ဂလာလာဆောင်တယ်လို့ပြောတယ်။နှစ်ရက်သုံးရက်ကြာတော့ ဆေးခန်းသွားလို့ စစ်ကြည့်လိုက်တော့ ကိုဗစ်ရောဂါ ကူးစက်ခံနေရတယ်လို့ပြောတယ်” ဟု နမ့်လန်ဒေသခံ စိုင်းဆမ်က ပြောသည်။

ဇွန် ၂၅ ရက်အထိ နမ့်လန်ကျေးရွာတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၆ ဦးအထိရှိသွားပြီဖြစ်ပြီး အဆိုပါ လူနာများကို သီပေါဆေးရုံနှင့် နမ့်လန်ဆေးရုံတို့တွင် ကုသပေးလျက်ရှိကြောင်း သိရသည်။

“သီပေါမြို့မှာတော့ COVID-19 ရောဂါ ကူးစက်ခံရတဲ့သူ ကိုးဦးရှိသွားပြီဖြစ်ပြီး တစ်ယောက်ကတော့ သေဆုံးသွားပါတယ်။ နမ့်လန်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့သူတွေကို တချို့ကို သီပေါဆေးရုံကိုပို့တယ်။ တချို့ကိုတော့ နမ့်လန်ဆေးရုံမှာပဲ ကုပါတယ်။ နမ့်လန်ကနေ သီပေါကိုဆေးလာကုတဲ့အထဲက တစ်ယောက်လည်း သေဆုံးသွားပါတယ်” ဟု သီပေါမြို့နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။

သီပေါမြို့တွင် COVID-19 ရောဂါကူးစက်မှုများ ရှိနေသော်လည်း ဇွန် ၂၅ ရက်အထိ ဆိုင်ထိုင်စားစနစ်ရှိနေပြီး ဆိုင်အချို့သာ ပါဆယ်စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့တွင်လည်း ဇွန် ၁၆ ရက်က မန္တလေးနှင့် လားရှိုးမြို့ဘက်မှ လာရောက်သည့် ပညာရေးဝန်ထမ်းသုံးဦးတွင် COVID-19 ရောဂါကူးစက်မှု ခံထားရသဖြင့် ၎င်းတို့စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ဂိတ်များကို ယာယီပိတ်ခဲ့ရသည်။

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပြန်လာသူတစ်ဦး COVID-19 ရောဂါ ကူးစက်မှုခံထားရကြောင်း သိရသဖြင့် ၎င်းမိသားစုဝင်များကို RDT Testkit ဖြင့်စစ်ဆေးခဲ့ရာ သုံးဦးတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာလေးဦးနှင့်ထိတွေ့ဆက်စပ်သူ ၂၁ ဦးကို ထပ်မံစစ်ဆေးခဲ့ရာသုံးဦးတွင် ရောဂါပိုးကူးစက်ခံထားရကြောင်း ထပ်မံတွေ့ရသဖြင့် ဟိုပန်မြို့တွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ခုနစ်ဦးအထိရှိလာခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇွန် ၂၆ ရက် အထိကိုဗစ်အတည်ပြုလူနာ ၂၉၈ ဦးအထိရှိလာပြီး ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံဆင်းလာသူ ၅၆ ဦးအထိရှိကြောင်း၊ ကိုဗစ်ကူးစက်မှုရောဂါကြောင့် သေဆုံးသူလေးဦးရှိကြောင်း လားရှိုးပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

COVID-19 ရောဂါကူးစက်မှုသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးသို့ တဖြည်းဖြည်း ဝင်ရောက်လာသလို မကြာသေးမီကမှ ရပ်နားထားခဲ့ကြသည့် မြို့အဝင် ကိုဗစ်စစ်ဆေးရေး ဂိတ်များလည်း ပြန်လည်ဖွင့်လှစ်လာသည်ကိုတွေ့ရသည်။

ရောဂါကူးစက်ခံနေရသူများရှိနေသည့် မြို့များတွင် ဒေသခံပြည်သူများအနေဖြင့် မည်သည့်နေရာသွားသွား Mask တပ်သွားရန်လိုကြောင်းနှင့် ဖြစ်နိုင်ရင် မလိုအပ်ဘဲ အပြင်မထွက်ရန်လိုကြောင်း ကိုဗစ်ရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်အောင် ကျန်းမာရေး အသိ ၊ သတိဖြင့် စည်းကမ်းတကျနေထိုင်ကြရန် လိုအပ်ကြောင်း အကြံပြုလိုက်ပါသည်။       


READ NEXT
Cancel OK