Top News

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် အသက်ဝင်လာသည့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဇုန်
24htopnews | September 15, 2024 8:12 PM CST

ဇွန်လ၏ ရခိုင်မိုးက သဲကြီးမဲကြီးရွာသွန်းနေသည်။ ကညင်ချောင်း ဆိပ်ခံတံတားကြီးပေါ်မှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သော် မေယုတောင်တန်းကြီးကို တိမ်မည်းတို့က ဖုံးအုပ်ထားသည်။ အနောက်ဘက် နတ်မြစ်တစ်ဖက်ကမ်း နတ်တောင်ကိုကား မိုးသည်းထန်သည့်ကြားမှ ၀ိုးတဝါးသာမြင်နေရသည်။

ကညင်ချောင်း ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသည့် စက်လှေပေါ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ငါးမြစ်ချင်း ရေခဲပုံးများကိုအလုပ်သမားများက ထမ်းချနေကြသည်။ မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်ဝင်းထဲတွင် ကုန်ကားကြီးများ တန်းစီရပ်နေကြသည်။ ကုန်ကားအများစုမှာ ကြက်သွန်နီကားများဖြစ်ပြီး မေလကတည်းက ဘင်္ဂလားဒေ့ရှ်မှ ကြက်သွန်နီ ဝယ်လိုအားကောင်းလာသဖြင့် တင်ပို့ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ယခင်က မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိရာ မောင်တောဝင်ထွက်စခန်း (POE) ဆိပ်ကမ်းအနီးက နယ်စပ်ကုန်သွယ်ရေး ဆိပ်ခံတံတားမှ ကုန်တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ယင်းဆိပ်ခံတံတားတည်ရှိရာ ရွှေဇားချောင်းမှာ ရေကျချိန် ကုန်တင်စက်လှေများ ဝင်ထွက်မရသဖြင့် ရေတက်ချိန်ကို စောင့်ဆိုင်းကုန်သွယ်ခဲ့ရသည်။ သို့ရာတွင် ယခုအခါ မောင်တော ကညင်ချောင်း စီးပွားရေးဇုန်တည်ရှိရာ ကညင်ချောင်းဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရော်ဘင် ဆိပ်ကမ်းသို့ ကုန်တင်ပို့နေပြီဖြစ်သည်။ ကညင်ချောင်းဆိပ်ကမ်း၏ အားသာချက်မှာ သင်္ဘောကြီးများ အချိန်မရွေးဝင်ထွက်ရပ် နားကုန်တင်ကုန်ချလုပ်နိုင်ခြင်းပင် ဖြစ်သည်။ သို့အတွက် ကညင်ချောင်း ဆိပ်ကမ်းသည် မောင်တောနယ်စပ် ကုန်သွယ်ရေးအတွက် အားသာချက်တစ်ခုဖြစ်လာခဲ့သည်ဟု ဆိုလျှင်လည်း မမှားပေ။

ကညင်ချောင်း စီးပွားရေးဇုန်

ကညင်ချောင်း စီးပွားရေးဇုန်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး၌ ရောင်းသူစျေးကွက် ဖော်ဆောင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရာတွင် လက်ရှိအနေအထားအထိ ပို့ကုန်အသာစီးရနေသော်လည်း စျေးကွက်မှာ ဝယ်သူလက်ထဲတွင် ရှိနေသည့်အနေအထားလည်း ဖြစ်နေသည်။ ကညင်ချောင်း စီးပွားရေးဇုန်သည် မောင်တောမြို့မှ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ ကညင်ချောင်းဘေးတွင်တည်ရှိပြီး သင်္ဘောများ ၂၄ နာရီ ဝင်ထွက်နိုင်သည့် ဆိပ်ကမ်းကောင်းတစ်ခုဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းနှင့် လေးမိုင်ခန့်သာ ဝေးကွာသည့်အတွက် အချိန်တိုအတွင်း ကုန်စည်များ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်သည့် အားသာချက်ရှိနေသည်။ အဆိုပါ ကညင်ချောင်း ကုန်သွယ်ရေးဇုန် ဖြစ်မြောက်ရေးအတွက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ်စတင် အကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် အစိုးရအဆက်ဆက်အပြောင်းအလဲတွင် ကုန်သွယ်ရေးဇုန်မှ စီးပွားရေးဇုန်သို့ တိုးမြှင့်တည်ဆောက်ခဲ့ရသည့်အတွက် ကာလကြာရှည်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က စတင်ကာ ကညင်ချောင်း စီးပွားရေးဇုန် အသက်ဝင်လာခဲ့သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မောင်တော ရွှေဇားချောင်းဘေး POE ဆိပ်ကမ်းမှ ကုန်သွယ်နေသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးကို ကညင်ချောင်းဆိပ်ကမ်းသို့ ပြောင်းရွှေ့ကုန်တင်ပို့နေပြီ ဖြစ်သည်။

လက်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေးအခြေအနေ

ကိုဗစ်ရောဂါကြောင့် လအတော်ကြာ ပိတ်ထားခဲ့ရသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကို ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပိုင်း ကုန်သွယ်မှုများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး မေလအတွင်း မောင်တောနယ်စပ်မှ ကြက်သွန်တန်ချိန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။ မောင်တောနယ်စပ်ကုန်သွယ်ရေးမှ တစ်လအတွင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာတစ်သန်းကျော်ရှိခဲ့ကြောင်းလည်း နယ်စပ်ကုန်သွယ်ရေးစာရင်းအရ သိရသည်။

သို့ရာတွင် မြန်မာမှ ပို့ကုန်များ၏ စျေးနှုန်းအတက်အကျသည် ဘင်္ဂလားဒေ့ရှ်ကုန်သည်လက်ဝယ်တွင်သာ မူတည်နေပြီး ဝယ်သူစိတ်ကြိုက် စျေးကွက်ဖြစ်နေဆဲဖြစ်သည်။ သို့အတွက် ကြက်သွန်စျေးနှုန်းမှာလည်း ကျဆင်းလာခဲ့ပြီး ကုန်သည်များ အရှုံးနှင့်ရင်ဆိုင်လာရကြောင်း ကြားလာရသည်။

“မောင်တောနယ်စပ် ကုန်သွယ်ရေး အခြေအနေကတော့ ကောင်းနေတယ်လို့ ပြောလို့ရတယ်။ နယ်စပ် ကုန်သွယ်ရေးစဖွင့်ကတည်းက ကုန်တင်ပို့မှုအားကောင်းလာတယ်။ လွန်ခဲ့တဲ့လကစလို့ ဘင်္ဂလားဒေ့ရှ်က ကြက်သွန်ဝယ်လိုအား ကောင်းလာတယ်။ ဒါကြောင့် တင်ပို့အားကောင်းတာဖြစ်ပါတယ်။ မောင်တောမှာ ယခင်ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်တဲ့ POE ဆိပ်ကမ်းက ကုန်သွယ်မှုမလုပ်တော့ဘဲ ကညင်ချောင်း စီးပွားရေး ဇုန်ဆပ်ကမ်းက ကုန်သွယ်မှုလုပ်လာတော့ ရေတက်ချိန်စောင့်စရာမလိုဘဲ အချိန်မရွေးဝင်ထွက်လို့ရတယ်။ ဒါပေမဲ့ ကုန်ကားတွေ တစ်နေ့ကို အစီးတစ်ဆယ် နှစ်ဆယ်အထိ ဝင်လာတဲ့အခါကျတော့ ကုန်တင်ပို့ရာမှာ စက်လှေလိုအပ်ချက်ရှိလာတယ်။ မောင်တောမှာကျတော့ စက်လှေက ရှစ်စင်းလောက်ပဲရှိတာဆိုတော့ ကုန်အားလုံးကို ပို့ဖို့မဖြစ်နိုင်ဘူး။ နောက်ကုန်တင်ကုန်ချ အလုပ်သမားကလည်း ကိုဗစ်ကာလမှာ တစ်ဖက်နိုင်ငံမှာလည်း နည်းသွားတယ်။ ဒါကြောင့် ဇုန်ထဲမှာ ကားတွေအများကြီးဖြစ်သွားတာပါ။ ကုန်ချဖို့ ရက်စောင့်ရင်းကားပေါ်မှာ ကြက်သွန်နီတွေ ပျက်စီးသွားတာတွေရှိတယ်။  အခုတော့ သင်္ဘောနှစ်စင်းလောက် ထပ်ရောက်လို့ အဆင်ပြေသွားပါပြီ။ ဇွန်လ ၁၉ ရက်နေ့ကဆိုရင် ဇုန်ထဲမှာ ကား ၁၀ စီးလောက်ပဲ ကျန်ပါတော့တယ်။ လက်ရှိ အဓိကပို့ကုန်ကတော့ ကြက်သွန်နီဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယ ကြက်သွန်တွေလည်း ဝင်လာတဲ့အခါကျတော့ ကြက်သွန်စျေးကျဆင်းသွားတာရှိတယ်။ မြန်မာဘက်က ကြက်သွန်ကုန်သည်တွေ အရှုံးပေါ်သွားတာရှိပါတယ်။ ကြက်သွန်တင်ပို့မှုက တစ်ဖက်နိုင်ငံရဲ့ ဝယ်လိုအားအပေါ်မှာ မူတည်နေပါတယ်။ ဘာဖြစ်လို့လဲဆို တော့စျေးကွက်က ဝယ်ယူသူလက်ထဲမှာပဲ ရှိနေသေးလို့ပါ” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရာတွင် စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းတို့က အဓိကကုန်သွယ်မှု ပြုနေခြင်းဖြစ်သည်။ ပွင့်လင်းရာသီတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ သင်္ဘောများဖြင့် ပင်လယ်ပတ်ကာ တင်ပို့မှုအားကောင်းခဲ့ပြီး တောင်ကုတ်ဘက်မှ ကုန်တင်မော်တော်များမှာလည်း စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတွင် စစ်ဆေးခံကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်တင်ပို့ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ မိုးတွင်းကာလ ရာသီဥတုဆိုးရွားချိန်တွင် ရေကြောင်းဖြင့် ၄၅ မိနစ်သာသာ သွားရသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ကုန်သည်များ ရွေးချယ်လာကြသည်။

သို့အတွက် မိုးတွင်းရာသီတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့မှု များပြားလေ့ရှိသည်။

ဇွန်လအတွင်း ကုန်ကားအရေအတွက် ဒါဇင်ပေါင်းများစွာ မောင်တောကညင်ချောင်း ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေခဲ့ခြင်းမှာ ရာသီဥတု ဆိုးရွားနေသဖြင့် ပင်လယ်ပတ်သွားရသည့် စစ်တွေရွှေမင်းဂံနယ် စပ်ကုန်သွယ်ရေးဆိပ်ကမ်းနှင့် တောင်ကုတ်ရှိ နယ်စပ်ကုန်သွယ် ရေးဆိပ်ကမ်းများမှ စက်လှေများ မထွက်သည့်အတွက် ဖြစ်သည်။

မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်လာသည့် ကုန်စည်အားလုံးသည် တစ်ဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘင်ဒရိုဘင်ခရိုင်ဆိပ်ကမ်းသို့ တင်ပို့သည့် ကုန်စည်များပင်ဖြစ်သည်။ လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ကုန်အများစုသည် ရခိုင်ဒေသထွက်ကုန်များ မဟုတ်ဘဲ ပြည်မဘက်မှ မှာယူတင်ပို့ရသည့် ငါးမြစ်ချင်းနှင့် ကြက်သွန်နီတို့ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်များသည် ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များ၊ အအေးခန်းကားများဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းဖြင့် ရိုးမတောင်တန်းကို ဖြတ်ကျော်လာကြခြင်းဖြစ်ပြီး စစ်တွေနယ်စပ်ကုန်သွယ်ရေးဖြင့် တင်ပို့မည့်ကုန်များသည် ရွှေမင်းဂံဆိပ်ကမ်းသို့ ဝင်ရောက်သည်။ အလားတူ မောင်တောနယ်စပ်ကုန် သွယ်ရေးဖြင့် တင်ပို့မည့် ကုန်ကားများသည် စစ်တွေမြို့နယ်မှ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ ဇက်ရေယာဉ်ဖြင့်ကူးကာ အငူမော်မှ မောင်တောကညင်ချောင်း ကုန်သွယ်ရေးဇုန်သို့ တိုက်ရိုက်ဝင်ရောက်လာနိုင်ကြသည်။

ကညင်ချောင်း ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများသည် ဆိပ်ခံတံတားပေါ်တွင် ရပ်တန့်ကာ ဘင်္ဂလားဒေ့ရှ်သို့ ကုန်တင်ပို့မည့် စက်လှေများပေါ်သို့ တိုက်ရိုက်ကုန်ချနိုင်ခြင်းလည်း ဖြစ်သည်။

“လက်ရှိမှာတော့ ကုန်တင်ပို့မှု ကောင်းနေပါတယ်။ မေလမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့တယ်။ ဇွန်လမှာလည်း မေလထက်ပမာဏများနိုင်ပါတယ်။ အခုဆိုရင် စစ်တွေဘက်က ကုန်တင်သင်္ဘောတွေ ထပ်ရောက်လာတဲ့အတွက် ကုန်ကားတွေသိပ်ပြီး မစောင့်ရတော့ပါဘူး။ ကညင်ချောင်း ကုန်သွယ်ရေးဇုန်ထဲမှာလည်း ကားအစီး ၃၀ လောက်ပဲ ရှိပါတော့တယ်” ဟု မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရိုးမလမ်း

ရခိုင်ပြည်နယ်သို့ ကုန်စည်များ အဓိကဝင်လမ်းဖြစ်သည့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်တွင် တည်ရှိသည့် ရာမောင်တံတားမှာ အသစ်တည်ဆောက်နေချိန်က ဇက်ဖြင့်ကူးရသည့်အတွက် ဇက်ကူးရန် ကုန်တင်ကားများ ရပ်တန့်စောင့်ဆိုင်းခဲ့ရသည်။ ကားအစီးရေများစွာ ပိတ်မိနေခဲ့ရသည်။ သို့ရာတွင် ဇွန် ၇ ရက်ကစပြီး ရာမောင်တံတားအသစ်ပေါ်မှ ကုန်ကားများ ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ကုန်တင်ကားများ အချိန်မရွေး သွားလာနိုင်ခဲ့သည်။ သို့ရာတွင် မိုးရွာသွန်းမှုကောင်းနေသဖြင့် ရိုးမပေါ်တွင် တောင်ပြိုလမ်းပိတ်မှုများ ဖြစ်နေရာ ကုန်တင်ကားများ လမ်းချော်တိမ်းမှောက်ခြင်း၊ လမ်းပိတ်သဖြင့် စောင့်ဆိုင်းနေရခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ တောင်စောက်ကျေးရွာနှင့် ငပြယ်ကျေးရွာအကြားရှိ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီးပေါ်တွင် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ပို့ကုန်များ အချိန်မီတင်ပို့နိုင်ရေးမှာလည်း ရိုးမလမ်းကောင်းမကောင်းနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။

ကိုဗစ်ကာကွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး

ရခိုင်ပြည်နယ်၌ လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာပေါင်း ၃၈ ဦးအထိရှိလာပြီဖြစ်သည်။ ယင်းကိုဗစ်လူနာအားလုံး မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာခဲ့သူများဖြစ်နေသည်။ သို့အတွက် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းသည် ကိုဗစ်ရောဂါဝင်ရောက်လာသည့် လမ်းကြောင်းများထဲမှ တစ်ခုတွင် ပါဝင်နေသည်။

ပြီးခဲ့သည့် မေလမှစပြီး ရခိုင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ပြီး ပြန်ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်ကာ ရောဂါပိုးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ စစ်တွေမြို့နယ်တွင် မေ ၁၂ ရက်က လေးဦး၊ မေ ၁၄ ရက်က  တစ်ဦး၊ မေ ၁၈ ရက်ကတစ်ဦး၊ မေ ၂၁ ရက်က ခုနစ်ဦးနှင့် ဇွန် ၁ ရက်က သုံးဦး၊ ဇွန် ၈ ရက်က ကိုးဦး ၊ ဇွန် ၁၆ ရက်တစ်ရက်တည်းတွင်ပင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀ ဦးဖြင့် စုစုပေါင်း ၃၅ ဦးရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ချောင်းဆိုး၊ ဖျားနာသဖြင့် စစ်တွေဆေးရုံတွင် တက်ရောက်ဆေးကုသနေသူ တစ်ဦးတွင် ဇွန် ၂၁ ရက်က ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။ ၎င်း၏မိသားစုဝင်များကို နေအိမ်ကွာရန်တင်းထားရှိကာ ဆေးစစ်ချက်အရ နောက်ထပ်သုံးဦးတွင် ကိုဗစ်ပိုးထပ်တွေ့ခဲ့သည်။  ဇွန် ၂၃ ရက်အထိ စစ်တွေမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၇၇  ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူများကို ဖမ်းဆီးရမိပြီး ကိုဗစ်စစ်ဆေးရာတွင် ဇွန် ၁၀ ရက်က တစ်ဦး၊ ဇွန် ၁၁ ရက်က တစ်ဦးနှင့် ဇွန် ၁၆ ရက်က တစ်ဦး စုစုပေါင်း ကိုဗစ်ပိုးတွေ့လူနာ သုံးဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၀ ရက်တွင် မောင်တောခရိုင် ထွေအုပ်ဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ယင်းနောက်ပိုင်း ဇွန် ၂၃ ရက်အထိ မောင်တောခရိုင်အတွင်း ကိုဗစ်ပိုးတွေ့လူနာခြောက်ဦးအထိရှိလာပြီး ယင်းအထဲတွင် မောင်တောထွေအုပ်ဝန်ထမ်း သုံးဦးလည်း ပါဝင်သည်။

ထို့ပြင် သံတွဲအကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိ ရခိုင်ပြည်နယ် မြို့နယ်သုံးခုတွင် ကိုဗစ်ပိုးတွေ့လူနာ ၈၅ ဦးအထိ ရှိလာပြီဖြစ်သည်။

ပိုးတွေ့လူနာအများစုမှာ နယ်စပ်ကုန်သွယ်ရေးမှ လှေအလုပ်သမားများဖြစ်ကာ ထိုကုန်သွယ်ရေးသမားများသည် တစ်ဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ပြန်ဝင်လာသူဖြစ်ကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများလည်း ပါဝင်နေကြောင်း သိရသည်။

ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ဒုတိယလှိုင်း ပြင်းထန်စွာကူးစက်မှုကို ကြုံခဲ့ရပြီး ထိုအချိန်က ကိုဗစ်ပိုးတွေ့ရှိသူများထဲတွင်လည်း ရောဂါလက္ခဏာမပြသည့် လူနာများရှိကာ သေဆုံးသူ ၃၇ ဦးနှင့် ရောဂါပိုးကူးစက်ခံရသူ ၄၂၆၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဌာန၏ စာရင်းအရ သိရသည်။

ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ မြင့်တက်လာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ခိုးဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူများကို ကြပ်ကြပ်မတ်မတ်စစ်ဆေးရန် အရေးတကြီး လိုအပ်နေကြောင်း ဒေသခံများ စိုးရိမ်တကြီး ပြောဆိုလာကြပြီ ဖြစ်သည်။

“နယ်စပ်ကုန်သွယ်ရေးနဲ့ ဝင်လာသူတွေကိုတော့ ကွာရန်တင်းသီးခြားထားပြီး ကျန်းမာရေးစစ်ဆေးပေးလို့ အဆင်ပြေတယ်လို့ပြောလို့ရပေမဲ့ မောင်တောက ခိုးဝင်နေတာကတော့ ဖမ်းမိမှ စစ်ဆေးနိုင်တဲ့ သဘောဖြစ်နေတယ်။ မဖမ်းမိဘဲ ဘယ်လောက်ဝင်နေသလဲ။ ဝင်လာတဲ့သူတွေမှာ ရောဂါပိုးပါလာပြီး ဒေသတွင်းမှာ ဘယ်လောက်ကူးစက်မှုများနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မပေါ့သင့်ဘူးလေ။ ခိုးဝင်တွေကို တားဆီးဖို့ဆိုတာက အစိုးရမှာ တာဝန်ရှိတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေရွှေမင်းဂံနယ်စပ် ကုန်သွယ်ရေးဂိတ်နှင့် မောင်တော နယ်စပ်ကုန်သွယ်ဂိတ်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူများကို ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း၊ တစ်ဖက်နိုင်ငံက ပြန်လာသည့်  စက်လှေသမားများကို ကုန်းပေါ်တက်ခွင့်မပေးဘဲ သတ်မှတ်နေရာတွင် ၁၀ ရက် သီးသန့်ထားပြီး ကိုဗစ်ရှိမရှိ စစ်ဆေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုက မြင့်တက်နေတဲ့အခါကျတော့ တစ်နိုင်ငံလုံး လော့ခ်ဒေါင်းအနေအထားဖြစ်တယ်။ ကျွန်တော်တို့ မောင်တောနယ်စပ် ကုန်သွယ်ရေးကလည်း ရှိနေတဲ့အခါကျတော့ စက်လှေသမားတွေကို စက်လှေဆိုက်ကပ်ပြီးတာနဲ့ အလုပ်သမားတွေနဲ့လည်း ထိတွေ့ခွင့်မရအောင် ချက်ချင်းသီးသန့်ဆောင်ကို သွားစေပါတယ်။ ကုမ္ပဏီတွေက သူတို့လှေသမားကို သူတို့အဆောက်အအုံတွေမှာ သီးသန့်ထားရှိပါတယ်။ စက်လှေဝင်လာရင် ပိုးသတ်ဆေးဖျန်းတာတို့ လုပ်ပါတယ်။ နောက်စက်လှေသမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ကုန်တင်ကုန်ချ အလုပ်သမားတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးထားတာ ရှိပါတယ်။ အခုမောင်တောမှာ ကိုဗစ်လူနာ သုံးယောက်စလုံးဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ သက်ဆိုင်သူတွေ မဟုတ်ပါဘူး” ဟု မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ ကုန်သည်ကြီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများပြားလာသည့်အတွက် ဘင်္ဂလားဒေ့ရှ်မှ ကိုဗစ်ကူးစက်ဖြစ်ပွားမှု ဖြစ်စေသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ပိတ်ထားရန် ပြောဆိုလာခြင်းများ ရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားမည်မဟုတ်ဘဲ  ဒေသတွင်းကူးစက်မှုမဖြစ်ပွားစေရန် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှ လှေသမားများကို သီးသန့်ကွာရန်တင်းထားရှိပြီး ကျန်းမာရေး စစ်ဆေးထိန်းချုပ်နေကြောင်းနှင့် ကိုဗစ်ပိုးတွေ့ရှိမှု မြင့်တက်လာသည့်အခြေအနေကို ထိန်းချုပ်ရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်နယ်ကောင်စီက ပြောကြားလာသည်။

လမ်းပန်းဆက်သွယ်ရေး အခရာ

ကညင်ချောင်း စီးပွားရေးဇုန်ဟု ရေးထိုးထားသည့်မုခ်ဦးက မောင်တောနယ်စပ်၏ ဂုဏ်ကိုထင်ဟပ်နေ သော်လည်း ဇုန်အတွင်းလမ်းများမှာ မြင်မကောင်းအောင် ဗွက်ထနေသည်။ ကုန်ကားကြီးများ မကြာခဏ ဗွက်နစ်သည်ဟုလည်း ပြောကြသည်။ အောင်ဗလရွာဦးစေတီအနီးမှ ဖောက်လုပ်ထားသည့် ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားလမ်းမှာလည်း မိုးတွင်းရာသီတွင် ရွှ့ံထူနေသည့်အတွက် ကုန်ကားများသွားလာရန်အခက် ရှိနေသည်ဟု ကားသမားများက ပြောကြသည်။ စီးပွားရေးဇုန်သို့  သွားသည့်ကုန်ကားများသည် ရွှေဇားကျေးရွာအတွင်း ယခင်လမ်းဟောင်းမှ သွားလာ၍ရသော်လည်း ဇုန်အတွင်းလမ်းမှာ ဆိုးရွားစွာမြင်မကောင်းအောင် ဖြစ်နေသည်။

လက်ရှိအနေအထားများမှာ စီးပွားရေးဇုန်တစ်ခု၏ မပြည့်စုံသေးသော လိုအပ်ချက်များ ရှိနေသေးသော  မြင်ကွင်းများပင်ဖြစ်ပါသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါလာမည့် ဇုန်၊  ရောင်းသူစျေးကွက်ဖော် ဆောင်ပေးမည့် စီးပွားရေးဇုန်၊ မောင်တောနယ်စပ်၏ တစ်ခုတည်းသော အထင်ကရစီးပွားရေးဇုန် ဖြစ်သော ကညင်ချောင်းစီးပွားရေးဇုန်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ဆိုချင်ပါသည်။

ကုန်သွယ်ရေးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ကလည်း အခရာကျပါသည်။


READ NEXT
Cancel OK