Top News

အညာတောင်သူတို့ရဲ့ မိုးဦးသီးနှံအိပ်မက်
24htopnews | September 15, 2024 8:12 PM CST

မကြာမီ ပဲနောက်ကောက်ချိန် ရောက်တော့မယ်။ ကျွန်တော်တို့ အညာဒေသမှာ ပဲတီစိမ်းကို ပဲနောက်လို့ ခေါ်ကြတော့ စိုက်ချိန်ရောက်ရင် ပဲနောက်စိုက်မယ်လို့ ပြောသလို ခူးဆွတ်ချိန်ရောက်ရင် ပဲနောက် ကောက် မယ်လို့ ပြောကြဆိုကြတယ်။ “ပဲနောက် ခြောက်ကောက်သွားကြမယ်” လို့လည်း ပြော တတ်ကြတယ်။ ပဲတီစိမ်းခေါ် ပဲနောက်က အပင်စိုက် အပွင့်လေးတွေပွင့်ပြီးရင် အသီးစိမ်းတွေ သီးတယ်။ အဲဒီအသီးက အစိုကုန် လို့ ခြောက်လာမှ ဆွတ်ကြခူးကြတာ။ တစ် ကြိမ်တည်းနဲ့ အပြီးရိတ်သိမ်းရတဲ့ သီးနှံ မဟုတ်ဘူး။ ပွင့်လိုက်သီးလိုက် ခူးလိုက်နဲ့ တစ်လကျော်လောက် သီးနှံရတဲ့အပင်။

ဒီနှစ် အညာမှာ မိုးဦးထိုက်သင့်သ လျောက် ရွာတယ်ဆိုပေမဲ့ ကွက်ကျားမိုးက များတယ်။ တစ်နယ်လုံးခြုံပြီး မိုးရွာရက်နည်း ပါတယ်။ တချို့နေရာများမှာ မိုးဦးရွာပြီး နောက် မိုးမလိုက်ဘူး။ တချို့နေရာများမှာ မိုး ဦးက နောက်ကျမှရွာတော့ စိုက်ချိန်ပျိုးချိန် လင့်ကုန်တယ်။ ရာသီဥတုမတူညီပေမဲ့ သီး နှံဖြစ်ထွန်းမှု အားနည်းတာတော့ တူညီကြ တယ်။ တချို့စိုက်ခင်းတွေ ရက်ပေါင်း ၆၀ နီး လာပေမဲ့ ပဲတီစိမ်းပင်တွေက လောက်လောက် လားလား မဖြစ်သေးဘူး။ အပွင့်တော့ ပွင့်ပါရဲ့ အသီးသီးတာက နည်း။ တချို့အပင် တော့ ဖြစ်ပါရဲ့ နောက်မိုးမရလို့ ရွက်စားပိုး ကျပြီး အပင်ပျက်။

“ပဲတီစိမ်းက စိုက်ပြီးတဲ့နောက် မိုးရတယ်။ အပူရှိန်ပြင်းတာကနေ အပင်မဖြစ် တော့တာ။ ဖြစ်တဲ့အပင်တွေကျတော့လည်း ရွက်ဝါပိုးရွက်စား ပိုးကျကုန်တယ်။ ရွက်ဝါပိုး ကျပြီဆိုရင် တစ်ပင်လုံးဝါပြီး ခြောက်ကုန် တာ။ အသီးမရတော့ဘူး။ ပဲတီစိမ်းက လက်ရှိ အတိုင်းဆို ခူးရဆွတ်ရဖို့ မလွယ်လှဘူး။ လက်ရှိ အပွင့်အသီးအရ အရင်းရဖို့တောင် မလွယ်ဘူး”လို့ ပခုက္ကူမြို့နယ်မှ တောင်သူ ကိုသက်ခိုင်က ပြောပါတယ်။

တစ်ဧက ထွန်ခယက်ခ၊ မျိုးစေ့ဖိုး၊ စိုက် စရိတ်အားလုံးပေါင်းရင် တစ်သိန်းကျော် နှစ် သိန်းနီးပါး။ လက်ရှိ ပဲတီစိမ်းစျေးက တစ်တင်း ကျပ် ၃၂၀၀၀ ဝန်းကျင်ဆိုတော့ တောင်သူအ တွက် တစ်ဧက ၁၀ တင်းလောက်မှ မထွက် ရင် အကျိုးအမြတ်ခံစားရဖို့ မလွယ်။ ပဲတီစိမ်း ပင်များဖြစ်ထွန်းရင် တောင်သူရော အလုပ် သမားပါ အကျိုးများတဲ့သီးနှံ။ အခြားမြေပဲ၊ နှမ်း၊ ပဲစင်းငုံဆိုတာ အလုပ်သမား တစ်ရက် ငှားပြီး လုပ်ငန်းသိမ်းလို့ရတယ်။ ပဲတီစိမ်းက အဲဒီလို မဟုတ်။ ပွင့်လိုက် သီးလိုက်ဆိုတော့ မကြာခဏ သီးနှံဆွတ်ရတယ်။ အဲဒီအတွက် အလုပ်သမားတွေ မကြာမကြာ အလုပ်ရကြ တယ်။

“ပဲနောက် ကောက်ချိန်ရောက်ပြီဆိုရင် တစ်လကျော်လောက် အလုပ်ရတယ်။ အလုပ်သမားတစ်ယောက် တစ်ရက် ၄၅၀၀၊ ၅၀၀၀ ရတယ်။ ပဲခြောက်တာတွေ များလာပြီ ဆိုရင် ပဲနောက် ကောက်လိုက်မှာလားဆိုပြီး ရွာကို လူလာခေါ်တယ်။ တချို့လည်း တစ်အိမ်လုံး လိုက်ကြတယ်။ တချို့လည်း တစ် အိမ်နှစ်ယောက်လောက် လိုက်ကြတယ်။ ပထမတစ်ရက် ပဲနောက်ကောက်ပြီးရင် သုံး ရက်လောက်ပြန်နား။ သုံးရက်ကို တစ်ရက် လောက်တော့ ပဲကောက်လိုက်ရတယ်။ တစ် လခွဲလောက်ကြာမှ ပဲနောက်က အပွင့်ထပ် မပွင့်တော့မှ အခင်းဖျက်ကြတာ” လို့ သိမ်ကုန်း ရွာမှ ဦးခင်ဝင်းက ပြောပါတယ်။

ပဲတီစိမ်းက အညာတောင်သူတို့ရဲ့ မိုးဦး သီးနှံ။ ဒီမိုးဦးသီးနှံလေးရပါမှ နောက်စိုက် မယ့် မြေပဲတို့၊ နှမ်းနက်တို့အတွက် အပြင်က နေ ငွေမရှာဘဲ စိတ်အေးလက်အေး နေနိုင် တာ။ ပထမသီးနှံဖြစ်တဲ့ ပဲတီစိမ်းကရတဲ့ အမြတ်လေးနဲ့ ဝမ်းရေးလေးဖြေရှင်းပြီး မိုး နှောင်းသီးနှံ အားထည့်စိုက်။ မိုးနှောင်းသီး နှံရတဲ့ အကျိုးအမြတ်မှ တောင်သူက နောင် ရေးအတွက် စုဆောင်းရတာ။ မိုးမကောင်းလို့ ပဲတီစိမ်းမရရင်တော့ တောင်သူများအရင်း ရှုံး အချိန်တွေရှုံးရုံကလွဲရင် ဘာတတ်နိုင် မှာလဲ။

အညာမှာ မိုးဦးသီးနှံကို ပဲတီစိမ်းတစ် မျိုးတည်းတင်မဟုတ် အခြား ဆီနှမ်းလို့ခေါ်တဲ့ နှမ်းလည်း စိုက်ပျိုးကြပါသေးတယ်။ နှမ်းစိုက် တဲ့ ဒေသအများစုက တောင်သူတွေ ပြော ကြားမှုအရ မိုးရွာသွန်းမှု နည်းတဲ့အတွက် ဖြစ် ထွန်းမှုနည်းတယ်လို့ သိရပါတယ်။ အပင် ဖြစ်မဆိုးဘူးဆိုပေမဲ့ အပွင့်အသီးနည်းတယ်။ မိုးမှ ထပ်မရွာဘူးဆိုရင် အသီးတွေမှာ အစေ့ အဆန်မပါဘဲ နေတော့မယ်လို့လည်း စိုးရိမ် နေကြပါတယ်။

“မိုးဦးကျလို့ နှမ်းစိုက်ပြီးတဲ့နောက် မိုး က သိပ်မရွာဘူး။ နေ့တိုင်း နီးပါးလောက် မိုး အုံ့ပေမဲ့မိုးမရွာဘူး။ နှမ်းပင်တွေရေရတာ နည်းတော့ အပင်တွေက ခုမှ တစ်ပေလောက် ပဲရှိသေးတယ်။ အပွင့်ပွင့်လို့ သီးစပြုနေပြီ။ နောက်ရက်မိုးမရရင် သီးတဲ့အသီးတွေက အ ဆန်မပါနိုင်ဘူး။ ဒီဒေသအခေါ်ဆို ဖိုကုန် တယ် ပြောရမှာပေါ့။ နောက်ရက် မိုးရရင် တော့ အဆင်ပြေမှာပါ။ လက်ရှိကတော့ မကောင်းသေးဘူး”လို့ မြိုင်မြို့နယ်မှ ကို ဗညားက ပြောပါတယ်။

မိုးဦးမကောင်းတာ မိုးဦးမမှန်တာ ငါး နှစ်ခန့်ရှိပါပြီ။ ဒီငါးနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှု ပိုသိသာလာပါတယ်။ ဒါကြောင့် လည်း တချို့တောင်သူများ မိုးဦးသီးနှံကို မစိုက်ပျိုးရဲကြတော့။ မိုးနှောင်းနှမ်း တစ်မျိုး ကိုပဲ အားထားစိုက်ပျိုးလာကြပါတယ်။ မိုး နှောင်းသီးနှံ တစ်မျိုးတည်း အားထားစိုက် ပျိုးသူတွေလည်း အဆင်မပြေပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မိုးနှောင်းကာလ အောက်တို ဘာနဲ့ နိုဝင်ဘာလတွေမှာ မိုးနှောင်းမရွာလို့ နှမ်းခင်းအတော်များများ ပျက်သွားပါတယ်။

စိုက်စရိတ်အရှုံးအပြင် နွားစာရှားပါးမှု နဲ့ သဘာဝမြေသြဇာပါ ဆုံးရှုံးကြပါတယ်။ အညာတောင်သူတွေ စိုက်ပျိုးတဲ့ သီးနှံတွေက အသီးအနှံ ရောင်းချဖို့အတွက်တင်မဟုတ်  ဘဲ အရိုးအရွက်နဲ့ ခြွေလှေ့လို့ထွက်လာတဲ့ အမှုန်အမွှားက  နွားစာရပါတယ်။ နှမ်းရိုး ဆိုရင် ရိတ်သိမ်းခြွေလှေ့ပြီးတာနဲ့ အကြွင်းအကျန်ကို ယာခင်းထဲမှာပဲ မြေသြဇာအဖြစ် ပြန် သုံးကြတာပါ။

ရာသီဥတုတွေ ပြောင်းလဲလာပေမဲ့ အညာတောင်သူတွေရဲ့ စိုက်ပျိုးနည်းစနစ် တွေက ရှေးနည်းအတိုင်းပါပဲ။ ဒါကို ပြောင်းလဲဖို့ လိုပါတယ်။ ရာသီဥတုနဲ့ လိုက်လျောညီ ထွေစွာ စိုက်ပျိုးနိုင်မှ တောင်သူတွေ အကျိုး အမြတ် ခံစားရမှာပါ။ ပြောင်းလဲနေတဲ့ ရာ သီဥတုမှာ အညာတောင်သူတို့ လိုက်ပါ ပြောင်းလဲ မစိုက်ပျိုးနိုင်ရင်တော့ သီးနှံဖြစ် ထွန်းချိန်ရောက်တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပြီး မိုးရွာပါစေကြောင်း အမြဲဆု တောင်းနေရမှာတော့ အသေအချာပါပဲ။

 


READ NEXT
Cancel OK