Top News

၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စပိန်အသင်း၌ ဘယ်လာရင် ရွေးချယ်ခံရပြီး ဒဏ်ရာရသွားသည့် အန်ဆူဖာတီ၏နေရာတွင် အဆန်စီယိုနှင့် အစားထိုး
24htopnews | September 14, 2024 10:12 PM CST

အာဆင်နယ်အသင်းညာနောက်ခံလူ ဘယ်လာရင်သည် ၂၀၁၆ ခုနှစ် နောက်ပိုင်း စပိန်လက်ရွေးစင်အသင်း တွင် ပထမဆုံးအကြိမ် ပြန်လည်ရွေး ချယ်ခံခဲ့ရကြောင်း သိရသည်။ 

စပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ်သည် ဒဏ်ရာပြဿနာရှိနေသည့် ဆီဗီလာအသင်း၏ ၀ါရင့်ညာနောက်ခံလူ နာဗတ်စ်၏နေရာအတွက် ဘယ်လာရင် (၂၅ နှစ်)အား အစားထိုးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

ဘယ်လာရင်သည် ၂၀၁၆ ခုနှစ် မေလအတွင်းက စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ယခု (၄)နှစ် ခွဲကျော်ကာလတွင် လက်ရွေးစင်အသင်း၌ ပြန်လည်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဘယ်လာရင်သည် စပိန်လက်ရွေးစင်အသင်းအတွက် (၃)ပွဲ ပါဝင်ကစားပေးထားသည်။

အင်းနရစ်သည် ဒဏ်ရာရရှိသွားခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး အန်ဆူဖာတီ၏နေရာတွင် ရီးယဲလ်တောင်ပံကစားသမား အဆန်စီယို (၂၄ နှစ်)အား အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။ 

စပိန်လက်ရွေးစင်အသင်းသည် နိုဝင်ဘာ (၁၁)ရက်နေ့တွင် နယ်သာလန်အသင်းနှင့်ခြေစမ်းပွဲ၊ နိုဝင်ဘာ (၁၄)နှင့် (၁၇)ရက်နေ့များတွင် ဆွစ်ဇာလန်၊ ဂျာမနီတို့နှင့် UEFA Nations League ပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အင်းနရစ်သည် ယင်းပွဲစဉ်များအတွက် စပိန်လက်ရွေးစင်အသင်းလူစာရင်းကို ပြီးခဲ့သည့် အောက်တိုဘာ (၆)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယခုအခါ ဒဏ်ရာပြဿနာများကြောင့် ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ 

အန်ဆူဖာတီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စပိန်လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး စပိန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲကစားသူ၊ အသက်အငယ်ဆုံးဂိုးသွင်း သူစသည့် စံချိန်မှတ်တမ်းများကိုတင်ရှိထားသူဖြစ်သည်။ 

အဆန်စီယိုသည် ၂၀၁၆ ခုနှစ်တွင် စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ လက်ရွေးစင်အသင်းအတွက် (၂၄)ပွဲကစားကာ၊ (၁)ဂိုးသွင်းယူပေးထားသည်။


READ NEXT
Cancel OK