Top News

ပုံစံ (၁၅) ဖြင့် လျှောက်ထားသော်လည်း ကြိုတင်မဲမပေးနိုင်သည့် မဲဆန္ဒရှင်များအနေဖြင့် မိမိနေရပ်သို့ ပြန်ကာမဲပေးနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလိုမှ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ဝေဖန်မှုများရှိနေ
24htopnews | September 14, 2024 10:12 PM CST

ပုံစံ (၁၅) ဖြင့် လျှောက်ထားသော်လည်း ကြိုတင်မဲမပေးနိုင်သည့် မဲဆန္ဒရှင်များအနေဖြင့် မိမိနေရပ်သို့ ပြန်ကာမဲပေးနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလိုမှ ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ဝေဖန်မှုများ ရှိနေသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် (ယနေ့) တွင် ပြုလုပ်မည်ဖြစ်ပြီး ကျင်းပခြင်းမပြုနိုင်သည့် မဲဆန္ဒနယ်အချို့မှအပ တနိုင်ငံလုံးတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲတွင် နေရပ်မှအဝေးသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်များအနေဖြင့် မိမိရောက်ရှိရာဒေသတွင် ပုံစံ (၁၅) ဖြင့် လျှောက်ထားပြီးကြိုတင်မဲပေးနိုင်သည်။ သို့သော် ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလိုတွင် ပုံစံ (၁၅) ဖြင့် လျှောက်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြို့နယ်များတွင် ကြိုတင်မဲပေးနိုင်ခြင်းမရှိသော မဲဆန္ဒရှင်များအနေဖြင့် မိမိနေရပ်မဲဆန္ဒနယ်သို့ သွားရောက်မဲပေးလိုပါက ပုံစံ (၁၅) ဖြင့် လျှောက်ထားခဲ့သည့် မြို့နယ်တွင် ကြိုတင်မဲမပေးရသေးကြောင်း အဆိုပါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထောက်ခံချက်ကိုရယူ၍ မိမိနေရပ်မဲဆန္ဒနယ်ရှိ မဲရုံမှူးထံ တင်ပြနိုင်လျှင် မဲပေးခွင့်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက် ည ၈ နာရီမှသာ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ခဲ့ပြီးနောက်တွင် လူမှုကွန်ရက်စာမျက်နှာများတွင်သာမက ပြင်ပတွင်လည်း ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook တွင် တင်ရှိထားသည့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းဆိုသည့် Post အောက်တွင် မဲဆန္ဒရှင်ပြည်သူများက ဝေဖန်သည့် မှတ်ချက်များ ပေးထားသည်ကို တွေ့ရသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေသဖြင့် တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား ဖြတ်သန်းသွားလာခြင်းများကို ကန့်သတ်ထားသည့်အချိန်တွင် ယင်းသို့ ထုတ်ပြန်ခြင်းကြောင့် မဲပေးရန် မိမိနေရပ်သို့ ပြန်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ပုံစံ (၁၅) ဖြင့်လျှောက်ထားနိုင်သည်ဟု ကြေညာထားသဖြင့် လျှောက်ထားခဲ့ရာတွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့များထံ အချိန်မီမရောက်ခြင်းမှာ ကော်မရှင်တွင် တာဝန်ရှိကြောင်း မှတ်ချက်ပြုရေးသားထားမှုများ ရှိနေသည်ကို တွေ့ရသည်။

“ ပေးရမှာ သဘက်ခါလေဗျာ..ခုမှ ကြေညာတာတော့.. သိပ်အဓိပ္ပါယ်မရှိပါဘူးဗျာ.. UEC က ဒီချိန်မှ ကိုယ့်ဇာတိ ကိုယ့်ဒေသ ပြန်ဖို့.. Public transportation ကလည်း မဖွင့်သေး..ပေးချင်တာပေါ.. ကိုယ့်ဒေသမှာ အမှန်တကယ် အလုပ်လုပ်ပေးမယ့်.. အမတ်လောင်းတွေ..မပြန်ရလို့ မဲမပေးရလည်း ထားပါ။ အတတ်နိုင်ဆုံး ပေးထားတဲ့ မဲတွေကိုတော့ သမာသမတ်ကျကျနဲ့ စစ်ပြီး ထုတ်ပြန်ပေးပါဗျ” ဟု Kyaw Thet Naing ဆိုသည့် အကောင့်ပိုင်ရှင်က မှတ်ချက်ပြုရေးသားထားသည်။

“ မူဆယ်နဲ့ မြစ်သား တစ်ရက်ခရီးကို အခုချိန်ထိ မဲစာအိတ်မရောက်လို့ မပေးရသေးဘူး။ မူဆယ်မြို့ကော်မရှင်ရုံးမှာ October ၁၂ ရက်နေ့ကတင်ထားတာ အခုချိန်ထိ မဲစာအိတ်မရောက်သေးဘူး။ ဒါနဲ့ မြစ်သားမြို့နယ် ကော်မရှင်ရုံးကို ဖုန်းဆက်တော့ ကိုင်တော့ ကိုင်ပါတယ်။ ဘာမှပြန်မပြောဘူး။ နောက်တစ်ခါ ဖုန်းဆက်တယ်။ Call မရတော့ဘူး။ အကွက်တွေ အကွက်တွေ။ ရိုးနေပြီ ကြားထဲက ကိုယ့်မဲကတော့ ဆုံးရှုံးပါပြီ။ မပေးလိုက်ရတော့ဘူး” ဟု Myo Htet ဆိုသည့်အကောင့်ပိုင်ရှင်က ရေးသားထားသည်ကို တွေ့ရသည်။

“ ပုံစံ ၁၅က ဟာသအကွက်လုပ်ထားတာပဲ။ အစတည်းကနေရပ်မပြန်နိုင်လို့ ဖောင်တင်ထားကြတာ။ အခုက ပေးချင်သပဆိုရင် ပြန်ပေးလေ ဆိုတဲ့အကွက်ကြီးနော်။ ဝန်ထမ်းတွေက အလုပ်သေချာမလုပ်နိုင်ကြတာ အခြေအနေအရပ်ရပ်အတွက် မနိုင်ပဲ လုပ်နေတဲ့ကော်မရှင်အတွက် ရှက်စရာသိပ်ကောင်းတယ်။ အသွားအပြန် ၃ ကြောင်းပို့ဖို့ မပြောနဲ့ ​ပုံစံ ၁၅ ဖောင်လေး နေရပ်ရောက်ဖို့ အသွား ၁ ကြောင်းတောင် မဖြစ်မြောက်လို့ အခုလို ပြဿနာတွေ တက်နေကြတာ။ အခု ကြိုတင်မဲပေးပြီးသား မဲတွေရော အချိန်မှီနေရပ်အသီးသီး ပြန်ရောက်ပါ့မယ်လို့ရော အာမခံရဲ့လား၊ အဲ့လူတွေကရော နယ်ရပ်ပြန် မဲမပေးပဲနဲ့ ငါတို့မဲတော့ ကျိန်းသေပြီဆိုပြီး စိတ်ချလက်ချ နေခွင့်ရှိကြပြီလား၊ ကျေးဇူးပြု၍ ဖြေပေးကြပါဦး” ဟု Harley Zaw ဆိုသည့်အကောင့်ပိုင်ရှင်က မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရသည်။

ပြင်ပတွင်လည်း ရွေးကောက်ပွဲနေ့တွင် နေရပ်သို့ မပြန်နိုင်သည့် မဲဆန္ဒရှင်များက ကြိုတင်မဲပေးနိုင်ရန် ပုံစံ (၁၅) ဖြင့် လျှောက်ထားခဲ့သော်လည်း မဲစာရင်းများမှာအချိန်မီ မရောက်သည့်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“ ပြီးခဲ့တဲ့လ ၁၀ ရက်နေ့ကတည်းက လျှောက်ထားခဲ့တာ။ သူတို့က ရတယ်ဆိုပြီး ပြောတာနဲ့ ပုံစံ (၁၅) တင်လိုက်တာ။ ၂၅ ရက် ၂၆ ရက်အထိ ဘာမှအကြောင်းမကြားသေးဘူး။ ဒါပေမဲ့ လိုသေးတာပဲလေ ဆိုပြီးနေလိုက်သေးတယ်။ ၂၈ ရက်လောက်ကျတော့ ကျွန်တော်ဖုန်းဆက်ကြည့်တော့ နေရပ်ကနေ ပြန်မရောက်သေးဘူးလို့ပြောတယ်။ သူတို့ပြောတာနဲ့ ကျွန်တော်က နယ်ဘက်က အမျိုးတွေဆီကို ဖုန်းဆက်ပြီး ကော်မရှင်ရုံးမှာ အစ်ကို လျှောက်ထားတဲ့ ပုံစံ (၁၅) ရောက်ပြီလားဆိုပြီး ညီမကို သွားစုံစမ်းခိုင်းလိုက်တယ်။ ဟိုကို အမျိုးတွေက သွားစုံစမ်းတော့ ဟိုကိုမရောက်သေးဘူးဆိုပြီးပြောတယ်” ဟု မကွေးတိုင်း ကံမမြို့နယ်မှတစ်ဆင့် ရန်ကုန်မြို့တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် ကိုဇင်မောင်က ပြောကြားသည်။

ယင်းကြောင့် ကမာရွတ်မြို့နယ်ကော်မရှင်ထံသို့ ထပ်မံမေးမြန်းခဲ့ရာတွင် နယ်သို့ပို့ထားသည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ကမာရွတ်မြို့နယ် ကော်မရှင်က ရန်ကုန်မြို့တွင် မဲပေးမလားဟု မေးမြန်းလာကြောင်း၊ မိမိမဲဆန္ဒနယ်တွင်သာ မဲပေးချင်သည့်အတွက် ကြိုတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သို့မျှ အဆင်မပြေသဖြင့် ရန်ကုန်တွင်သာ မဲပေးမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလိုအထိ ထပ်မံအကြောင်းကြားခြင်း မရှိတော့ကြောင်း ကိုဇင်မောင်က ပြောကြားသည်။

“ မဲပေးခွင့်မရဘူးဆိုရင် ပြည်ထောင်စုအဆင့် UEC အထိပြောရမယ်လို့ ပြောတော့ အစ်ကိုမကျေနပ်ဘူးဆိုရင် ပြောတဲ့။ နယ်က မဲလက်မှတ်က ရန်ကုန်ကို ဒီနေ့ (နိုဝင်ဘာ ၆ ရက်) ရောက်လာတယ်ဆိုရင်တောင် မဲပေးပြီး ရင်တောင်မှ အစ်ကို့မြို့နယ်ကို မဲစာရွက်ပြန်ရောက်ဖို့က မသေချာဘူးတဲ့။ မဲက ပြန်ရောက်တယ်ဆိုရင် ၈ ရက်နေ့ ၄ နာရီ ၅ နာရီလောက် ရောက်မှ အဆင်ပြေတာတဲ့။ အချိန်မမီရင် အစ်ကို့မဲက ခိုင်လုံမဲထဲမပါဘူးဆိုပြီး ပြန်ပြောတယ်” ဟု ကိုဇင်မောင်က ပြောကြားသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများမှာ ရွေးကောက်ပွဲကျင်းပသည့်နေ့ ညနေ ၄ နာရီမတိုင်မီ  သက်ဆိုင်ရာမဲရုံသို့ မရောက်ရှိပါက ပယ်မဲအဖြစ်သာသတ်မှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီခန့်တွင် ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က မဲပေးခွင့်ရပြီဟု ဆက်သွယ်လာကြောင်း၊ မဲပေးပြီးပါက မိမိဒေသသို့ ယင်းမဲလက်မှတ်ကို ပြန်လည်ပို့ဆောင်ပါက အချိန်မမီသဖြင့် ခိုင်လုံမဲအဖြစ် အကျူံးမဝင်မည်ကို စိုးရိမ်ကြောင်း ကိုဇင်မောင်က ပြောကြားသည်။

အလားတူ ရန်ကုန်မြို့တွင် အခြေစိုက်သည့် လျှပ်စစ်သွယ်တန်းသည့် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှလည်း ဝန်ထမ်း ၂၀ ခန့်မှာ ကြိုတင်မဲ ပေးပိုင်ခွင့်မရှိသဖြင့်ဝန်ထမ်းများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် ကုမ္ပဏီပိုင်ရှင်မှ မော်တော်ယာဉ်စင်းလုံးဌားကာ နေရပ်သို့ ပြန်ပို့ရန် စီစဉ်ခဲ့ခြင်းများလည်း ရှိသည်။

“ ဒီမှာက ဘယ်လိုမှ အချိန်မီမှာမဟုတ်တော့ဘူးဆိုတော့ ဝန်ထမ်းတွေကိုနေရပ်ပြန် မဲပေးနိုင်ဖို့ ကားတွေဌားပေးလိုက်တယ်။ မဲပေးပြီးတာနဲ့ ပြန်လာခိုင်းထားတယ်” ဟု M P Mind Engineering ကုမ္ပဏီမှ ဦးစန်းဝင်းက ပြောကြားသည်။

မူလက ပုံစံ (၁၅) လျှောက်ထားကာ ကြိုတင်မဲပေးနိုင်သည်ဟုဆိုခြင်းကြောင့် ဝန်ထမ်းများကို လျှောက်ထားခိုင်းခဲ့သော်လည်း မဲလက်မှတ်များအချိန်မီရောက်ရှိလာခြင်း မရှိခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်းဖြစ်ကြောင်း ဦးစန်းဝင်းက ပြောကြားသည်။

“ သူတို့နေရပ်မှာတော့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ပြောတယ်။ အခုတော့ ဒီကနေ လိုအပ်တဲ့ထောက်ခံချက်တွေ လိုက်တောင်းနေတယ်။ ဒါပေမဲ့လမ်းမှာ ဘယ်လိုအခက်အခဲတွေ့မလဲ မသိသေးဘူး။ သိတဲ့အတိုင်းပဲ ဟိုမြို့က ပိတ်ထား။ ဒီမြို့က ပိတ်ထားဆိုတော့ ဝင်လို့ရမရက ရှိသေးတယ်” ဟု ဦးစန်းဝင်းက ပြောကြားသည်။

၂၀၁၅ ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် ကုမ္ပဏီဝန်ထမ်းများ မဲပေးခွင့်မဆုံးရှုံးစေရန် စီစဉ်ပေးခဲ့ကြောင်း၊ ယခုရွေးကောက်ပွဲတွင် နယ်ပြန်ပေးနိုင်ရန်စီစဉ်ခဲ့သော်လည်း COVID-19 ဖြစ်ပွားလာသဖြင့် ရန်ကုန်မြို့မှသာ မဲပေးနိုင်ရန် စီစဉ်ခဲ့ကြောင်း၊ ယင်းသို့စီစဉ်ခဲ့သော်လည်း အဆင်မပြေမှုများရှိနေကြောင်း ဦးစန်းဝင်းက ပြောကြားသည်။

“ ပုံစံ ၁၅ နဲ့ လုပ်ရင် ကိုယ့်နယ်က မဲလက်မှတ်ရောက်မယ်ဆိုတော့ အဲဒါဆိုပိုကြိုက်တယ်။ လုပ်မယ်ဆိုပြီး လုပ်လိုက်တာ။ ၆ ရက်နေ့ ပေးလို့ရမယ်ဆိုပြီး အရင်က ပြောထားတာ။ အခုကျတော့ မကွေးကနေ လက်မှတ်တွေ မရောက်လို့ ပေးလို့မရဘူးဆိုပြီးဖြစ်သွားတယ်” ဟု ဦးစန်းဝင်းက ပြောကြားသည်။

ယင်းသို့ တတ်နိုင်သမျှ စီစဉ်ထားသော်လည်း မဲပေးခွင့်မရရှိခဲ့ပါက မည်သည့်အကြောင်းကြောင့် မဲပေးခွင့်မရသနည်းဆိုသည်ကို လိုအပ်သည့် မေးမြန်းမှုများ ဆက်တိုက်လုပ်ဆောင်မည်ဟု ဦးစန်းဝင်းက ပြောကြားသည်။

“ ဘာကြောင့်မဲပေးလို့မရတာလဲ။ ဘာကြောင့်နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ဆုံးရှုံးတာလဲဆိုတာကို ဆက်လုပ်မှာ” ဟု ဦးစန်းဝင်းက ပြောကြားသည်။

အလုပ်သမားအများစုရှိသည့် လှိုင်သာယာမြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့သည့် အလုပ်သမားများစွာရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ နိုဝင်ဘာ ၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။          ယင်းကြေညာချက်တွင် အလုပ်သမားများ တွေ့ကြုံနေရသည့်အခက်အခဲများကို အချက်သုံးချက်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

အသက် (၁၈) နှစ်ပြည့်ပြီးသော၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ရှိသော။ ကိုင်ဆောင်ထားသော၊ ၎င်းတို့၏ သက်ဆိုင်ရာ မြို့နယ်များတွင် အမှန်တကယ်နေထိုင်သော စက်ရုံ/ အလုပ်ရုံ အလုပ်သမားများ မဲစာရင်း ထုတ်ပြန်ကြေညာခဲ့သော ရပ်/ ကျေး မဲစာရင်းများတွင် အမည်မပါဝင်ခြင်းနှင့် အမည်လွဲမှားနေခြင်း၊ အလုပ်သမားအများစုသည် နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုဇုန်မြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရင်း ပြောင်းရွှေ့နေထိုင်ကြသည့် အလုပ်သမားများ ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ရှိသည့်သူများလည်းရှိကြောင်း၊ အလုပ်သမားများသည် လူမှုစီးပွား အခက်အခဲများ‌ကြောင့် ရပ်ကွက် တစ်ခုချင်းစီ အလိုက်တွင်ရှိသော အဆောင်များတွင် မကြာခဏပြောင်းရွှေ့နေထိုင်ကြရပြီး ယင်းအဆောင်များတွင် ရက်ပေါင်း (၉၀) ပြည့်အောင် မနေထိုင်နိုင်ကြရသဖြင့် သက်ဆိုင်ရာ အဆောင်မှူးများမှ ရက်ပေါင်း (၉၀) ပြည့်အောင် နေထိုင်ကြကြောင်းကို ထောက်ခံပေးရန် အခက်အခဲရှိခြင်း၊ သက်သေပြနိုင်မည့် ယာယီသန်းခေါင်စာရင်းသို့မဟုတ် ဧည့်စာရင်းများ မရှိခြင်းကို ကြုံတွေ့ရခြင်းများရှိကြောင်း၊ အချို့သော နယ်မှလာရောက် အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများမှာ အထွေထွေရွေးကောက်ပွဲအတွက် အရေးကြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိခြင်း၊ COVID-19 ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home အစီအစဉ် ဆောင်ရွက်ရသောအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မှ လာရောက်အလုပ်လုပ်သည့် အလုပ်သမားများ နေရပ်ပြန်၍ ဆန္ဒမဲထည့်ရန် အခက်အခဲရှိခြင်း စသည်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVID-19 ရောဂါကြောင့် Stay at Home အစီအစဉ် ဆောင်ရွက်ရသောအခါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီးသို့ နယ်မှလာရောက် အလုပ်လုပ်ကိုင်နေသည့် ဝင်ငွေနည်း ၃၀ နှစ်အောက် ပုဂ္ဂလိကစက်မှုလက်မှု လုပ်ငန်းကဏ္ဍမှ  အလုပ်သမားများ၏ ဆန္ဒမဲပေးပိုင်ခွင့်၊ အခွင့်အရေးဆုံးရှုံးရကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

“ ဒီမှာက ပုံစံ ၁၅ လျှောက်ဖို့ နေနေသာသာ နေထိုင်ကြောင်း ထောက်ခံချက်အတွက်လည်း အဆင်မပြေဘူးဖြစ်နေတယ်။ ရက် ၉၀ မနေဘဲနဲ့ အလုပ်သဘောအရ ဟိုအဆောင်ပြောင်းရ၊ ဒီအဆောင်ပြောင်းရတာတွေလည်းရှိတယ်။ နယ်ကိုပြန်ပြီး မဲပေးဖို့ဆိုတာက ကိုဗစ်လည်းဖြစ်နေတဲ့အပြင် စက်ရုံ၊ အလုပ်ရုံတွေနဲ့လည်း ညှိရတဲ့အပိုင်းတွေရှိတော့ အဆင်မပြေတော့ မဲပေးခွင့်ဆုံးရှုံးခဲ့တာ တွေအများကြီးရှိတယ်။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ စက်ရုံတွေမှာဆို ဥပမာ ၅၀၀ ရှိတဲ့ စက်ရုံမှာ ၁၀၀ လောက်က မဲမပေးရဘူး ဖြစ်နေတယ်” ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးအောင်ကျော်ထွန်းနိုင်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရပ်သို့ ပြန်နိုင်ခြင်းမရှိသည့် မဲဆန္ဒရှင်များကို ပုံစံ ၁၅ ဖြင့် လျှောက်ထားခွင့်ပြုပြီး ရောက်ရှိလာသည့် မဲလက်မှတ်များကို သက်ဆိုင်ရာမြို့နယ်များသို့ လက်ရှိအချိန်အထိ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ COVID ကာလဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိ နေရာရောက်ရှိခြင်းမရှိသေးသည့် မဲလက်မှတ်များလည်း ရှိကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

“ ရောက်လာတဲ့ဟာတွေကိုတော့ ဆန္ဒပြုပြီးတော့ သက်ဆိုင်ရာမြို့နယ်တွေကိုတော့ ပို့ပေးနေတုန်းပဲ။ ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာတွေရှိတယ်” ဟု ဦးတင်မောင်ဝင်းက ပြောကြားသည်။

ယင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းကော်မရှင်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း၊ နယ်ပြန်ပြီး မဲပြန်ပေးသူများ ပိတ်ဆို့တားဆီးခံရခြင်း စသည့်အခြေအနေများမှာ သက်ဆိုင်ရာအာဏာပိုင်များပေါ်တွင်သာ မူတည်ကြောင်း ဦးတင်မောင်ဝင်းက ပြောကြားသည်။

“ ခုနက ကျွန်တော်ပြောတဲ့ကြေညာချက်အရ ကျွန်တော်တို့လုပ်ပေးခဲ့ပြီးပြီ။ မဲပေးခွင့်ရတဲ့သူတွေလည်း ရတယ်။ ကျန်တဲ့အုပ်ချုပ်ရေးပိုင်းက လုပ်ရမယ့် Admin ပိုင်းပေါ့။ အုပ်ချုပ်ရေးပိုင်းနဲ့ပဲ ဆိုင်ပါမယ်။ အဲဒီအပိုင်းကို ကျွန်တော်တို့က သွားပြီး Control လုပ်လို့မရပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲအတွက် မဲလက်မှတ်နှင့် စာအိတ်များ ပေးပို့ခြင်းအတွက် ခန့်မှန်းခုနစ်ရက် ဆန္ဒမဲပေးပြီး၍ သက်ဆိုင်ရာမြို့နယ်သို့ မဲလက်မှတ်ပြန်ပို့ချိန် ခန့်မှန်းခုနစ်ရက်ကြာမြင့်နိုင်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

ပြည်လုံးကျွတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကောက်ခံရာတွင် မဲလက်မှတ်များ မှားယွင်းခြင်း၊ မဲထည့်သည့်စာအိတ်များမှာ အရည်အသွေးမမှီခြင်း၊ တံဆိပ်တုံးထုရမည့်နေရာများတွင် ဘောလ်ပင်နှင့် ခြစ်ခိုင်းခြင်း၊ ကြိုတင်မဲရုံများအနီးတွင် ပါတီတံဆိပ်များ ထားရှိခြင်းများကို ကြုံတွေ့ခဲ့ရသည်။

ယင်းသို့ လိုအပ်ချက်များနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က အသိပေးထုတ်ပြန်ထားခြင်းများလည်း ရှိသည်။ ၂၀၂၀ ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတွင် မဲပေးနိုင်သူဦးရေ ၃၈ သန်းရှိပြီး ပလက်ဝ မဲဆန္ဒနယ်အချို့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသဖြင့် မဲပေးနိုင်သူဦးရေ အနည်းငယ် လျော့နည်းသွားမည်ဖြစ်သည်။


READ NEXT
Cancel OK