Top News

တရုတ်တွင် COVID-19 ၏ မူလဇာစ်မြစ်သုတေသနကို ဒုတိယအဆင့် ဆက်လက်လုပ်ဆောင်ရန် WHO အား အမေရိကန်တိုက်တွန်း
24htopnews | September 13, 2024 9:12 PM CST

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် တရုတ်နိုင်ငံတွင်နမူနာများ၊မူလအချက်အလက်များကို အပြည့်အဝအသုံးပြုပြီး လွတ်လပ်သောကျွမ်းကျင်သူများနှင့်အတူကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ် လေ့လာစုံစမ်းမှု ဒုတိယအဆင့်ကို ဆက်လက်လုပ်ဆောင်ရန် အမေရိကန်က မေ ၂၇ ရက်၌ တိုက်တွန်းခဲ့သည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် တရုတ်သုတေသီများနှင့်အတူ သီတင်းလေးပတ်ကြာ သုတေသနပြုလုပ်ခဲ့သော WHO ဦးဆောင်သည့်အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်သည် လင်းနို့များမှတစ်ဆင့် အခြားတိရစ္ဆာန်များကိုဖြတ်၍ လူများဆီသို့ ကူးစက်ရောက်ရှိလာနိုင်ပုံရကြောင်းနှင့် ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာသည်ဆိုသည့် အယူအဆမှာလုံးလုံးလျားလျား ဖြစ်နိုင်ခြေမရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က COVID-19 ရောဂါကို ဖြစ်ပေါ်စေသောဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို အဖြေရှာရန် လက်ထောက်များကို အမိန့်ထုတ်ပြန်ခဲ့ပြီးအမေရိကန် စုံစမ်းထောက်လှမ်းရေး အေဂျင်စီများ အနေဖြင့် ဝူဟန်မြို့ဓာတ်ခွဲခန်းမှ မတော်တဆ ထွက်ပေါ်လာနိုင်ခြေရှိသည့်ဖြစ်စဉ်အပါအဝင် အလားအလာရှိသည့် အပြိုင်ယူဆချက်များကို လေ့လာနေသည်ဟု မေ ၂၆ ရက်က ပြောကြားခဲ့သည်။

WHO ၏ ကနဦးလေ့လာမှုသည် လုံလောက်ခြင်းမရှိသည့်အပြင် အဖြေထွက်ရှိလာခြင်း မရှိကြောင်း၊ဒုတိယအဆင့် စုံစမ်းစစ်ဆေးမှုတွင် တရုတ်အပါအဝင် ပွင့်လင်းမြင်သာမှုရှိပြီး သက်သေအထောက်အထားပေါ် အခြေခံ၍ပြုလုပ်ရန် ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်တာဝန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ကပ်ရောဂါရဲ့ မူလအဆင့်နဲ့ ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကိုနားလည်သိရှိစေနိုင်ဖို့အတွက် သင့်လျော်တဲ့နမူနာတွေ၊ မူလအချက်အလက်တွေကို လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေထံ အပြည့်အဝအသုံးပြုခွင့်ပေးဖို့ အရေးကြီးပါတယ်” ဟု အမေရိကန်က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အစောပိုင်းတွေ့ရှိခဲ့သော COVID-19 ကူးစက်မှုအားလုံး၏ ပြီးပြည့်စုံသော လေ့လာမှုတစ်ရပ်နှင့်ကမ္ဘာတစ်ဝန်းရှိ ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများနှင့် အချို့သိုဝှက်သော အခြေခံအကြောင်းအရင်းများကို မခြွင်းမချန်လေ့လာမှုတို့အား ထောက်ပံ့နေကြောင်း အမေရိကန်ရှိ တရုတ်သံရုံးက မှတ်ချက်ပြုပြောကြားခဲ့သည်။

“WHO ဦးဆောင်တဲ့ ပထမအဆင့် COVID-19 ရဲ့ မူလဇာစ်မြစ်လေ့လာမှုတွေက ဆောင်ရွက်ချက်တွေရဲ့ အစဖြစ်ပြီး အဆုံးသတ်တော့မဟုတ်ပါဘူး။ အချိန်မီ၊ ပွင့်လင်း မြင်သာစွာဖြင့် သက်သေအထောက်အထားပေါ် အခြေခံ၍ ပြုလုပ်ရန် ကျွန်တော်တို့ တောင်းဆိုလိုပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံအပါအဝင် ကျွမ်းကျင်သူတွေဦးဆောင်တဲ့ ဒုတိယအဆင့်လေ့လာမှုတွေကိုလည်း ကျွမ်းကျင်သူတွေရဲ့အစီရင်ခံစာပါ အကြံပြုချက်အတိုင်း လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုလိုပါတယ်” ဟု ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဆိုင်မွန်မန်လေက သီးခြားအစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၉ သန်းနှင့်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၅၁ သန်းရှိသည်။ 


READ NEXT
Cancel OK