Top News

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှုကြောင့် ကမ်းပြိုမှုများ လျော့နည်းလာပြီး ဗိုလ်မြတ်ထွန်းတံတားအနီး ဖြစ်ပေါ်နေသော သောင်ပြင်အား လာမည့်နှစ်တွင် ထိန်းသိမ်းမှုပြုလုပ်မည်
24htopnews | October 12, 2024 10:12 AM CST

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှုကြောင့် ကမ်းပြိုမှုများ လျော့နည်းလာပြီး ဗိုလ်မြတ်ထွန်းတံတားအနီး ဖြစ်ပေါ်နေသော သောင်ပြင်အား လာမည့်နှစ်တွင် ထိန်းသိမ်းမှု ပြုလုပ်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတားအနီး မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှုအား ဇန်နဝါရီ ၁၈ ရက်က သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ကြည့်ရှုရာတွင် ဗိုလ်မြတ်ထွန်းတံတား အထက်ဘက် ရေလမ်းတွင် သဲသောင်ပြင်ဖြစ်ပေါ်ပြီး တံတားတိုင်အမှတ် ၁၆ နှင့် ၁၅ ဘက်၌ မူလရေ အနက်ပေ ၆၀ ရေအနက်ရှိရာမှ မြစ်ကြောင်းပြုပြင်ဆောင်ရွက်ထားမှုကြောင့် လျော့နည်းလာပြီး တံတားတိုင် မြေဝင်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာကြောင်း၊ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ကမ်းပြိုမှု လျော့နည်းလာပြီး ရေလမ်းကြောင်း ပြောင်းလဲလာကြောင်း၊ လာမည့်နှစ်တွင် ယခုဖြစ်ပေါ်နေသော သောင်ပြင်ကိုလည်း ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှုမှာ ကန်ကြီးထောင့်မြို့နယ်တွင် ဒါးကမြစ်ကမ်းထိန်းလုပ်ငန်းအား အလျားပေ ၆၀၀ အ ထိဆောင်ရွက်ထားပြီး၊ ပုသိမ်မြို့ ငဝန်မြစ်ကူးတံတားသစ် တည်ဆောက်ရာတွင် တံတားရေရှည်တည်တ့ံစေရန် မြစ်ကမ်းထိန်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ထားကာ ပုသိမ်ကမ်းနားလမ်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

ထို့နောက် ဟင်္သာတခရိုင်ရှိ ဇလွန်မြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သည့် အိုးဖို-သဲကုန်း ဆည်မြောင်းတာရှိ ကမ်းပါးအိကျမှုအား ကာကွယ်ရန် သောင်တူးဖော်ခြင်းလုပ်ငန်းများ၊ ကမ်းပါးကာကွယ်ရေးလုပ်ငန်းများကိုလည်း  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း၏ အပိုင်းခွဲ (၃) အနေဖြင့် ရန်ကုန်မှ ညောင်ဦးအကြား ရေလမ်းတွင် ၂၄နာရီ ရေလမ်းပြ အမှတ်အသားတပ်ဆင်ရန် ကွင်းဆင်းဆောင်ရွက်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် အဆိုပါစီမံကိန်း၏ အပိုင်း ခွဲ (၃)အနေဖြင့် ဧရာဝတီမြစ်အတွင်း လုံခြုံစိတ်ချရသော ရေလမ်းရရှိရေးအတွက် ရေလမ်းတိုင်းတာစစ်ဆေးခြင်း(Channel Surveying)၊ ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (River Training Works) နှင့် ၂၄နာရီ ရေလမ်းပြအမှတ်အသားများ (Aidsto Navigation) တပ်ဆင်ခြင်းတို့အား ဆောင်ရွက်နေကြောင်းသိရသည်။


READ NEXT
Cancel OK