Top News

ဇွန်လတွင် ဆင်းရဲသောနိုင်ငံများအတွက် ဒေါ်လာနှစ်ဘီလျံ ထပ်မံလိုအပ်ဟု Covax ထုတ်ပြန်
24htopnews | September 13, 2024 9:12 PM CST

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မျှဝေရေးအစီအစဉ်ဖြစ်သည့် Covax က ဝင်ငွေနိမ့်ကျသော နိုင်ငံများတွင် ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်နိုင်ရန်အတွက် ဇွန်လမှစတင်ပြီးနောက်ထပ် ဒေါ်လာနှစ်ဘီလျံ လိုအပ်ကြောင်း မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။

“၃၀ ရာခိုင်နှုန်းနီးပါးအထိ အကျုံးဝင်နိုင်ဖို့အတွက် ကျွန်တော်တို့တွေ နောက်ထပ် ဒေါ်လာနှစ်ဘီလျံကို ဇွန် ၂ ရက်နေ့မှာလိုအပ်ပြီး အဲ့ဒီပမာဏရရှိမှသာ ၂၀၂၁ ခုနှစ်ကုန်ပိုင်းနဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းတွေမှာ ကာကွယ်ဆေးကိုဖြန့်ချိပေးပို့နိုင်မှာ ဖြစ်ပါတယ်” ဟု Covax အစီအစဉ်ကိုပူးတွဲ ပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် Gavi ကာကွယ်ဆေးမဟာမိတ်တို့က ထုတ်ပြန်ခဲ့သည်။

မူလ Covax ရည်မှန်းချက်များအတိုင်း ကမ္ဘာ့ခေါင်းဆောင်များက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ ကာကွယ်ဆေးအလုံးရေ နှစ်ဘီလျံ ဖြန့်ချိနိုင်ပြီး ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ဆင်းရဲသောနိုင်ငံ ၉၂ နိုင်ငံသို့ ကာကွယ်ဆေးအလုံးရေ ၁.၈ ဘီလျံ ပို့ဆောင်ပေးနိုင်ရန် ကောင်းစွာလုံလောက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

“ဒါပေမဲ့ အစိုးရတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေအနေနဲ့ ကာကွယ်ဆေးအလုံးရေတွေရဲ့ အရင်းအမြစ်အသစ်ကို အမြန်ဆုံးရရှိနိုင်ဖို့ လုပ်ဆောင်ရန်လိုအပ်ပြီး ဇွန်လမှာ ရန်ပုံငွေရရှိပြီးတာနဲ့ ကာကွယ်ဆေးဖြန့်ချိနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၁၂၆ နိုင်ငံသို့ ကာကွယ်ဆေးအလုံးရေသန်း ၇၀ ဖြန့်ချိထားပြီးဖြစ်သော်လည်း အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေသောကြောင့် ယခုနှစ် ဒုတိယလေးလပတ်၌ Covax ၏ ကာကွယ်ဆေးထောက်ပံ့ ဖြန့်ချိမှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေသည့်အတွက် ဇွန်လကုန်တွင် ကာကွယ်ဆေးအလုံးရေ သန်း ၁၉၀ လိုအပ်မှုနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း Covax ကထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် အိန္ဒိယနိုင်ငံရှိ Serum Institute က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမတိုင်မီ နှစ်စဉ်နှစ်တိုင်း ဆေးအလုံးရေ ၁.၅ ဘီလျံ ထုတ်လုပ်နေသည်။

Covax သည် ကာကွယ်ဆေးကုမ္ပဏီ အများအပြားနှင့် သဘောတူညီချက်များမှ ယခုနှစ်ကုန်ပိုင်းအတွင်း ကာကွယ်ဆေးပမာဏ အများအပြားရရှိလိမ့်မည်ဖြစ်သည့်တိုင် လက်ရှိကြုံတွေ့နေရသည့် ကာကွယ်ဆေးပြဿနာများကို မဖြေရှင်းလျှင် နောက်ဆက်တွဲအနေဖြင့် ကာကွယ်ဆေးပြတ်တောက်မှုများ ကြုံတွေ့လာရနိုင်သည်ဟု Covax အစီအစဉ် ဆောင်ရွက်သူများက သတိပေးခဲ့သည်။

Covax သည် ကာကွယ်ဆေးကတိကဝတ် ပြုထားသော ပြင်သစ်၊ ဂျာမနီ၊ဆွီဒင်၊အီတလီ၊ စပိန်၊နယူးဇီလန်နှင့် ယူအေအီးအပါအဝင် နိုင်ငံအများအပြားကို ကြိုဆိုကြောင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် ကာကွယ်ဆေးအလုံးရေ သန်း ၈၀ နီးပါးထောက်ပံ့သွားမည်ဟု ကတိပြုထားပြီး ယင်းပမာဏသည် နိုင်ငံတစ်နိုင်ငံတည်းမှ ကာကွယ်ဆေးပမာဏအများဆုံး ထောက်ပံ့ပေးမှုဖြစ်သော်လည်း ကာကွယ်ဆေးများကို မည်ကဲ့သို့ ဖြန့်ချိမည့်အကြောင်း သို့မဟုတ် မည်သည့်နိုင်ငံများက ယင်းကာကွယ်ဆေးများကို ရရှိလိမ့်မည်ဆိုသည် ့အကြောင်းများကို ပြောကြားခဲ့ခြင်းမရှိပေ။


READ NEXT
Cancel OK