Top News

ယခုနှစ် စက်တင်ဘာလမတိုင်မီ နိုင်ငံတိုင်းရှိ လူဦးရေ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေးထိုးပေးပြီးဖြစ်ရေး ကူညီထောက်ပံ့ပေးရန် WHO က အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း
24htopnews | September 13, 2024 9:12 PM CST

ယခုနှစ် စက်တင်ဘာလမတိုင်မီ နိုင်ငံတိုင်းရှိ လူဦးရေ၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေးထိုးပေးပြီးဖြစ်ရေး ကူညီထောက်ပံ့ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပြောကြားထားသည်။

မေ ၂၅ ရက်အထိ COVID-19 ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီးသူသည် ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များမှ သုတေသီများ ပြုစုထားသည့်စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းတွင် ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် အတိအကျမသိရှိရသေးသောနိုင်ငံနှင့် ဒေသများ၏ အချက်အလက်များကိုမူ ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် ယင်းစစ်တမ်းအရ အစ္စရေးနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၂ ဒသမ ၉ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ၌ ၅၆ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်ဂိုလီးယားနိုင်ငံတွင် ၅၆ ဒသမ ၂ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံ၌ ၅၂ ဒသမ ၈ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံ၌ ၄၉ ဒသမ ၁ ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံတွင် ၄၀ ဒသမ ၇ ရာခိုင်နှုန်း၊ အီတလီနိုင်ငံ၌ ၃၅ ဒသမ ၉ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ၌ ၃၅ ဒသမ ၁ ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံ၌ ၂၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် ၇ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကိုရိုနာဗိုင်းရပ်စ် စတင်ထွက်ပေါ်လာသည့်နေရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ပြန်လည်သုံးသပ်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ မူလဇာစ်မြစ်အပေါ် နိုင်ငံရေးသဘော သက်ဝင်နေခြင်းသည် နောက်ထပ်စုံစမ်းစစ်ဆေးမှုများကို ထိခိုက်စေနိုင်ပြီး ကပ်ရောဂါကိုတိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို လျော့ကျစေနိုင်သည်ဟု အမေရိကန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

အချို့နိုင်ငံရေးအင်အားစုများသည် နိုင်ငံရေးဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်မှုနှင့် အပြစ်တင်သည့်ကစားပွဲတစ်ရပ်အပေါ် အစွဲအလမ်းကြီးကြသည်ဟု ၀ါရှင်တန်မြို့တော်ရှိသံရုံးက မေ ၂၆ ရက်တွင် ၎င်း၏ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သည်။

SARS-CoV-2 ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် သုတေသနအထူးပြု ဓာတ်ခွဲခန်းမှ ယိုစိမ့်လာခြင်းဖြစ်ကြောင်း စွပ်စွဲချက်များထွက်ပေါ်နေသည့်ကြားမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို စူးစမ်းလေ့လာမှု ဒုတိယအဆင့် စတင်ရန်ပြင်ဆင်နေချိန်တွင် တရုတ်နိုင်ငံသည် စုံစမ်းစစ်ဆေးမှုများကို ပိုမိုတွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခွင့်ပြုရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံကမူ ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ယိုစိမ့်ထွက်ပေါ်လာသည်ဟူသည့် စွပ်စွဲချက်ကို ထပ်တလဲလဲ ငြင်းဆန်ခဲ့ပြီးအမေရိကန်နှင့် အခြားနိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် ၎င်းတို့ကိုယ်ပိုင်ကျရှုံးမှုများအား အာရုံလွှဲရန်ကြိုးပမ်းနေသည်ဟုလည်း ပြောကြားခဲ့သည်။

COVID-19 သည် ဓာတ်ခွဲခန်းမတော်တဆမှုမှ သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံရသည့် တိရစ္ဆာန်နှင့် လူသားတို့ ထိတွေ့မိရာမှ ဗိုင်းရပ်စ်စတင်ပေါ်ပေါက်ခဲ့ခြင်း ဟုတ်၊ မဟုတ် အကြောင်းရင်းအတိအကျကို ခွဲခြားရန် အမေရိကန် စုံစမ်းထောက်လှမ်းရေး အေဂျင်စီများကို အမိန့်ပေးခဲ့ကြောင်း ဘိုင်ဒင်က မေ ၂၆ ရက်၌ ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အစောပိုင်းတွေ့ရှိခဲ့သော COVID-19 ကူးစက်မှုအားလုံး၏ ပြီးပြည့်စုံသော လေ့လာမှုတစ်ရပ်နှင့် ကမ္ဘာတစ်ဝန်းရှိ ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများနှင့် အချို့သိုဝှက်သော အခြေခံအကြောင်းရင်း များကို မခြွင်းမချန်လေ့လာမှုတို့အား ထောက်ပံ့နေကြောင်း တရုတ်သံရုံးက ဆိုသည်။

ဓာတ်ခွဲခန်းမှထွက်ပေါ်သည့်သီအိုရီကို နောက်ထပ်စစ်ဆေးမှုလုပ်ဆောင်လိုလျှင် အမေရိကန်အနေဖြင့် Fort Detrick ရှိ ဓာတ်ခွဲခန်းအပါအဝင် ၎င်း၏ဓာတ်ခွဲခန်းအားလုံးကို စစ်ဆေးခွင့်ပြုသင့်ကြောင်း Global Time သတင်းစာတွင် မေ၂၆ ရက်၌ ဖော်ပြခဲ့သည်။  


READ NEXT
Cancel OK