Top News

ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ တရုတ်စစ်လေယာဉ်များ ထပ်မံဝင်ရောက်လာခဲ့သဖြင့် ထိုင်ဝမ်လေတပ်က လေယာဉ်များ အရေးပေါ်ပျံတက်ခဲ့ရ
24htopnews | September 13, 2024 6:12 PM CST

ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ ဝင်ရောက်လာသည့် တရုတ်လေယာဉ် ၂၇ စင်းကို ခြောက်လှန့်သတိပေးရန်အတွက် နိုဝင်ဘာ ၂၈ ရက်က ထိုင်ဝမ်လေတပ်သည် အရေးပေါ် လေယာဉ်ပျံတက်မှုများ ထပ်မံပြုလုပ်ခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင်က ၎င်း၏ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံနေချိန်တွင် ထိုင်ဝမ်ရေလက်ကြား တစ်လျှောက်၌ လတ်တလော တင်းမာမှု မြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ်လေတပ်က မစ်ရှင်များကို ဆက်တိုက်ပြုလုပ်လာနေသည်ဟု ထိုင်ဝမ်က ကန့်ကွက်ပြောဆိုလာခဲ့သည်မှာ တစ်နှစ်ကျော် ရှိလာခဲ့ပြီဖြစ်သည်။ တရုတ်က အဆိုပါမစ်ရှင်များကို ထိုင်ဝမ်ထိန်းချုပ်ထားသော ပရာတက်စ်ကျွန်းစုအနီး၊ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန် အနောက်တောင်ပိုင်းတွင် အဓိကပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်က အနီးအနားတွင် စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်ပြုလုပ်လာခြင်းသည် စစ်အင်အားပြကာ ခြိမ်းခြောက်နေသည့် စစ်နည်းဗျူဟာကို အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်ဝမ်က ပြောဆိုထားသည်။ ထိုင်ဝမ်လေတပ်ကို အကြိမ်ကြိမ် အရေးပေါ် ပျံတက်မှုများ လုပ်ဆောင်စေခြင်းဖြင့် ခြေကုန်လက်ပမ်း ကျလာစေရန်နှင့် ထိုင်ဝမ်၏ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

တရုတ်နိုင်ငံ၏ အမျိုးသားနေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်မှစပြီး လေးရက်တာကာလအတွင်း ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်ထဲသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စစ်လေယာဉ် အစင်း ၁၅၀ နီးပါး ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်က ပြောဆိုထားသည်။ လေကြောင်းကာကွယ်ရေးဇုန်ဆိုသည်မှာ ဝေဟင်ပိုင်နက် မဟုတ်ဘဲ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် အချိန်ပိုမို ရရှိစေရန်အလို့ငှာ ထိုင်ဝမ်က ကင်းလှည့်စောင့်ကြည့်မှုများ ပြုလုပ်နေသော ပိုမိုကျယ်ပြန့်သည် ဧရိယာကို ဆိုလိုခြင်းဖြစ်သည်။

လတ်တလော တရုတ်စစ်လေယာဉ်များ ဝင်ရောက်မှုတွင် ဂျက်တိုက်လေယာဉ် ၁၈ စင်းနှင့် နျူကလီးယားဗုံး တင်ဆောင်နိုင်သည့် H-6 ဗုံးကြဲလေယာဉ်ငါးစင်း ပါဝင်သကဲ့သို့ မကြုံစဖူးအဖြစ် လေထဲတွင် ဆီဖြည့်ပေးသည့် လေယာဉ်အမျိုးအစားဖြစ်သော Y-20 လေယာဉ်တစ်စင်းလည်း ပါဝင်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်ခြောက်စင်းသည် ထိုင်ဝမ်တောင်ပိုင်းသို့ ပျံသန်းခဲ့ပြီး ထိုင်ဝမ်ကျွန်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ပိုင်းခြားထားသည့် ဘာရှီရေလက်ကြားဆီသို့ ဆက်လက်ပျံသန်းခဲ့ကာ ထို့နောက်တွင် ပစိဖိတ်သမုဒ္ဒရာဆီသို့ ဦးတည်ပျံသန်းသွားပြီးမှ တရုတ်ပြည်မကြီးသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟုလည်း သိရသည်။

ထိုင်ဝမ်ကလည်း တရုတ်စစ်လေယာဉ်များကို မောင်းထုတ်ရန်အတွက် တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီး ၎င်းတို့ကို စောင့်ကြည့်ရန် ဒုံးကျည်စနစ်များကိုလည်း ဖြန့်ကြက်ခဲ့သည်ဟု သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် မိမိတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် ဖြစ်သည်ဟု တရုတ်က အစောပိုင်းတွင် ပြောဆိုထားသည်။


READ NEXT
Cancel OK