Top News

ကာဂျစ္စတန်-မြန်မာပွဲကို လုပ်ပွဲသံသယဖြင့် ဖီဖာနှင့် AFC မှ လာရောက်စစ်ဆေးခဲ့ကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော် အတည်ပြု
24htopnews | September 12, 2024 11:12 PM CST

၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်ကို လုပ်ပွဲ သံသယရှိသဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့က လာ ရောက်စစ်ဆေးခဲ့ခြင်းမှာ မှန်ကန်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က Eleven Sports သို့ အတည်ပြုပြောကြားသည်။

အဆိုပါပွဲစဉ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ(၁၀)ရက်က ကာဂျစ္စတန်အသင်း၏အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် (၀-၇) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။

ယင်းပွဲစဉ်ရလဒ်ကို လုပ်ပွဲသံသယရှိသဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့က လာရောက်စစ်ဆေးခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို MFF ဥက္ကဋ္ဌ ဦးဇော် ဇော်က '' ဂိုးကွာဟချက်အရမ်းများတဲ့ဟာတွေကို ပုံမှန်စစ်ဆေးတဲ့ဟာပါပဲ။ အဲဒီတော့ သူတို့စစ်ဆေးတဲ့ဟာကို ကျွန်တော်တို့ဘက်က လိုအပ်တာပံ့ပိုးပေးတယ်။ အဲဒါပဲ။ သူက နိုင်ငံတော်တော်များများကို ပုံမှန်စစ်နေကျလေ။ အဲဒီအတွက် သူတို့က ကျွန်တော်တို့ဆီလာပြီး မေးတာမြန်းတာကို လိုအပ်တဲ့ အချက်အလက်တွေ ကူညီပံ့ပိုးပေးတယ်။ ဒါပါပဲ''ဟု အတည်ပြုဖြေကြားခဲ့သည်။

မြန်မာအသင်းအနေ ဖြင့် ကာဂျစ္စတန်အသင်းအား (၀-၇) ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ခြင်းအတွက် ပရိသတ်များက ဝေဖန်ခဲ့ကြသလို ယင်းပွဲကို တာဝန်ယူကိုင်တွယ်ခဲ့သည့် မွန်တီနီဂရိုးနိုင်ငံသားနည်းပြချုပ် ရာဒူလိုဗစ်မှာလည်း နည်းပြသက်တမ်း (၆)လ အကြာမှာပင် လမ်းခွဲခဲ့ရသည်။

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲ ပွဲစဉ်အချို့တွင် ၂၀၁၇ ခုနှစ်က လုပ်ပွဲသံသယ ရှိခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်အတွင်းက ဧရာဝတီယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားခဲ့သည့် AFC Cup ပြိုင်ပွဲအုပ်စုပွဲစဉ်တွင်လည်း လုပ်ပွဲသံသယရှိသည့် သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် MFF က အထူးကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့သည်။

သို့သော် အ ပြီးသတ်ဆုံးဖြတ်ချက်ချမှတ်သည့် အခြေအနေကို သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။

လက်ရှိတွင်လည်း လုပ်ပွဲသံသယဖြင့် လာရောက်စစ်ဆေးခဲ့ခြင်းအပေါ် သတင်းထုတ်ပြန်နိုင်ခြင်းရှိ မရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်အား ဆက် လက်မေးမြန်းရာ ၎င်းက '' ဒါက တစ်ကမ္ဘာလုံးမှာ စစ်ဆေးနေတာတွေ အများကြီးပဲ။ မသေချာဘဲနဲ့ ဘယ်အရာကိုမှ သတင်းထုတ်လို့မရဘူး။ မဟုတ်ဘူးဆိုရင် နစ်နာတာပေါ့။ လုပ်ထုံးလုပ်နည်းအရ သူတို့ တွေ့ချင်၊ သိချင်တဲ့သူတွေပဲစစ်တယ်။ ပြီးရင် ဒါမျိုးကလည်း တစ်ကမ္ဘာလုံးက Match Fixing၊ ပူး ပေါင်းဆောင်ရွက်တဲ့ အဖွဲ့ချုပ်တိုင်းက လုပ်ရတဲ့အ တွက် ဘာလုပ်တယ်၊ ဘယ်သူ့ကို စစ်တယ်ဆိုတာ ဘယ်တော့မှမကြေညာဘူး။ တကယ်တမ်း အပြစ် ရှိတယ်ဆိုရင် ကြေညာမယ်။ အပြစ်မရှိဘူးဆိုရင် မကြေညာဘူး''ဟု ဖြေကြားခဲ့သည်။

ယခုစစ်ဆေးခဲ့ သော လုပ်ပွဲသံသယစစ်ဆေးမှု၏ရလဒ်အပေါ် MFF အနေဖြင့် သတင်းထုတ်ပြန်နိုင်ခြင်းရှိ၊ မရှိ ဆက်လက်မေးမြန်းမှုကို ဦးဇော်ဇော်က '' အဲဒါက ကျွန်တော်တို့နဲ့မဆိုင်ဘူး။ သူတို့ရဲ့ Process က သူတို့ဟာ သူတို့ရှိပါတယ်''ဟု ဆက်လက်ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ်အတွက် ကာဂျစ္စတန်နှင့် မြန်မာ အသင်းတို့၏ပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် ကစားသမား(၈)ဦးကို ဖီဖာနှင့် AFC မှ တာဝန်ရှိသူများက တစ်ဦးချင်းတွေ့ဆုံကာ ဗီဒီယိုဖိုင်များဖြင့် အချက်အလက်များပြသ၍ အမေးအဖြေ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

လတ်တလောတွင် အဆိုပါဖြစ်စဉ်အတွက် လိုအပ်သည်များကို စစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK