Top News

ဒဂုံမြို့နယ်မဲစာရင်းတွင် နေရပ်လိပ်စာ မတိကျမှုနှင့် မှတ်ပုံတင်မရှိသူ ၁၄၀၀ ကျော် ပါဝင်နေ၍ PPP ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်မည်
24htopnews | September 6, 2024 3:13 PM CST

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒရှင်စာရင်းတွင် နေရပ်လိပ်စာ အတိအကျဖော်ပြမထားသူနှင့် မှတ်ပုံတင်မရှိသူ ၁၄၀၀ ကျော် ပါဝင်နေမှုအပေါ် ပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်းကန့်ကွက်ရန် ပြင်ဆင်နေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒဂုံမြို့နယ် ရွေးကောက်ပွဲကိုယ်စားလှယ် ဦးဟန်နိုင်ဦးက ပြောကြားသည်။

ယောမင်းကြီးရပ်ကွက်နှင့် ပြည်လမ်း အရှေ့ရပ်ကွက် မဲစာရင်းများတွင် နေရပ်လိပ်စာ တိကျစွာ ဖော်ပြမထားသော မဲဆန္ဒရှင် ၁၃၉၃ ဦး၊ မှတ်ပုံတင်လျှောက်ထားဆဲ ၆၃ ဦး တွေ့ရှိရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံသားမှတ်ပုံတင် လျှောက်ထားဆဲဟုဖော်ပြထားသော အမည်စာရင်းများအနက် အချို့မဲဆန္ဒရှင်များအမည်နှင့် အဖအမည်များမှာ တစ်ဖက်နိုင်ငံရှိ လူမျိုးများအမည်နှင့်  ဆင်တူနေသည်ကို သံသယဖြစ်ဖွယ် တွေ့ရှိရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလိုတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့က UEC ကို တင်မယ်” ဟု ဦးဟန်နိုင်ဦးက ပြောကြားသည်။

လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ (၄) အရမဲဆန္ဒရှင် အမည်စာရင်း ပြုစုရာတွင်  မှတ်ပုံတင် အမှတ်နှင့် နေရပ်လိပ်စာ တိကျစွာဖော်ပြရမည်ဟု ပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။

ယခု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ကန့်ကွက်မည်ဟုသိရပြီး ပါတီနှစ်ခုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားမှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒဂုံမြို့နယ်အတွင်း မှတ်ပုံတင်မရှိသည့် မဲဆန္ဒရှင်များနှင့် နေရပ်လိပ်စာတိကျစွာ ဖော်ပြထားခြင်းမရှိသည့် မဲဆန္ဒရှင်များ ပါဝင်နေမှုအပေါ် သက်သေအထောက်အထားအချို့  ရရှိထားသော်လည်း ခိုင်လုံမှု ရှိ၊ မရှိကိုမူ စိစစ်နေဆဲဖြစ်ကြောင်း ဒဂုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောကြားသည်။

မှတ်ပုံတင်မရှိဘဲ မဲပေးခွင့်ပြုသော်လည်း မည်သူက မှတ်ပုံတင်ပြသခြင်းမရှိဘဲ မဲပေးသွားသည်ကို အတိအကျ စွပ်စွဲရန် ခက်ခဲသောကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“PPP ပါတီနဲ့ ပြောဆိုထားတာတော့ရှိပါတယ်။ လုပ်ကြရင် အားလုံးကတစ်ပုံစံတည်းပဲ ဖြစ်မယ်လေ။ ဒီမဲရုံမှာဒီလို ဖြစ်မယ်ဆိုရင် ပါတီသုံး၊ လေးပါတီကနေ မျက်မြင် အတိုင်းအတာက အတူတူကြီးပဲ ဖြစ်မှာပါ” ဟု   ဒဂုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောကြားသည်။

 

သို့သော် လက်တလောတွေ့ရှိချက်များအပေါ် ပါတီဗဟိုထံတင်ပြထားပြီး ဗဟိုမှခွင့်ပြုလျှင် ကန့်ကွက်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။

ကော်မရှင်ထံ ကန့်ကွက်ခြင်းနှင့်အတူ လက်ရှိ ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာသက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့က ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းရန် ပြင်ဆင်နေကြောင်းလည်း PPP ပါတီ ဒဂုံမြို့နယ် ရွေးကောက်ပွဲကိုယ်စားလှယ် ဦးဟန်နိုင်ဦးကပြောကြားသည်။

ထို့အတွက် ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ထံ မှတ်ပုံတင်လျှောက်ထားဆဲဆိုသော မဲဆန္ဒရှင်များအနေဖြင့်  အမှန်တကယ် လျှောက်ထားမှု ရှိ မရှိ၊ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေကြောင်းကို လက်ရှိ ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက နိုဝင်ဘာ ၁၈ ရက်တွင်  မေးမြန်းထားကြောင်း သိရသည်။

မှတ်ပုံတင်မရှိသေးသော်လည်း ယာဉ်မောင်းလိုင်စင်နှင့် ကျောင်းသားကဒ်ရှိလျှင် မဲပေးနိုင်ပြီး မှတ်ပုံတင် လျှောက်ထားဆဲဖြစ်သော်လည်း မိဘများက နိုင်ငံသားဖြစ်ကြောင်း ပေါ်လွင်သူများအနေဖြင့် မဲစာရင်းပါဝင်ကြောင်း ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေမေသန်းကရှင်းပြသည်။

“မဲပေးခွင့်ရှိတဲ့ သူဆိုတဲ့နေရာမှာသူရဲ့ မိဘတွေက နိုင်ငံသားဖြစ်မယ်။ မှတ်ပုံတင် နံပါတ်ရှိတယ်ဆိုရင် သူရဲ့ မိဘတွေက နိုင်ငံသား ဖြစ်တယ်ဆိုတာကိုဖော်ပြတယ်လေ။ အန်တီတို့က မဲစာရင်း ပြုစုလိုက်တဲ့ အထဲက FRC နိုင်ငံခြားသားမဲပေးခွင့် မရှိတဲ့သူ စာရင်းကို လဝက ကနေစိစစ်ပြီးတော့ ဒီလူတွေက မဲပေးခွင့် မရနိုင်တဲ့သူတွေ အဲဒါတွေကို အရင်ဖယ်လိုက်တယ်။ ကျန်တဲ့သူတွေက မဲပေးခွင့်ရှိသူဆိုတဲ့နေရာမှာ အခုလောလောဆယ်မှာ မှတ်ပုံတင်မရှိဘူးဆိုရင်တောင်မှ သူ့မိဘတွေက   နိုင်ငံသားဖြစ်တယ် ဆိုတာကို ပေါ်လွင်တာရှိတာလေ။ အဲဒီလိုမျိုး အနေအထားမှာမှပါတာ” ဟု ဒေါ်မေမေသန်းက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ဒဂုံမြို့နယ် တွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် လောင်းသုံးဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖြစ်သည်။           

 


READ NEXT
Cancel OK