Top News

COVID-19 ရောဂါပိုး ပြန့်ပွားမှုနှုန်းများလာပြီး လာမည့်တစ်ပတ်အတွင်း ပိုမိုမြင့်တက်လာရန် အခြေအနေရှိသောကြောင့် ပြင်ဆင်ထားရန်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
24htopnews | September 6, 2024 3:13 PM CST

COVID-19 ရောဂါပိုး ပြန့်ပွားမှုနှုန်းများလာပြီး လာမည့်တစ်ပတ်အတွင်း ပိုမိုမြင့်တက်လာရန် အခြေအနေရှိသောကြောင့် ပြင်ဆင်ထားရန်လိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၀ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုဆောင်းလေကလည်း ဝင်လာပြီဆိုတော့ ကျွန်မတို့ ပြည်သူလူထုတွေ ပိုပြီး ကျန်းမာရေးဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ခန့်မှန်းတဲ့အတိုင်းပဲပေ့ါ။ COVID-19 ပြန်ပြီးတော့ ပြန့်ပွားမှုက များလာပါတယ်။ ဒါကိုတွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲအပြီးကာလနဲ့ အခုထိဆိုရင် တစ်ပတ်၊ ဆယ်ရက်ဆိုတာ ဒါစနေတဲ့ သဘောပါပဲ။ နောက်နှစ်ပတ်လောက်။ တစ်ပတ်လောက်ဆိုရင် နည်းနည်း ပိုပြီးတော့ မြင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီဟာအတွက်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်ထားပြီးသားပါ။ ပြည်သူတွေကလည်း ပြင်ဆင်ထားဖို့လိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရောဂါလက္ခဏာရှိပါက ဆေးရုံသို့ မြန်မြန်သွားစေချင်ကြောင်း၊ ဆေးရုံတက်ရမည်ကို ကြောက်၍မသွားနှင့်ဆိုသည့် သတင်းများကို ကြားသိရကြောင်း၊ ကွယ်လွန်အနိစ္စရောက်သွားသူ တော်တော်များများသည် ဆေးရုံတက်နောက်ကျသည်ဟု နားလည်ကြောင်း၊ ထို့ကြောင့် ဆေးရုံစောစောစီးစီးတက်ရန် အင်မတန်အရေးကြီးကြောင်း၊ လက်ရှိတွင် ဆေးရုံများ၌ သေချာစီစဉ်ထားသဖြင့် စိုးရိမ်စရာမလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြားချက်ထုတ်ပြန်ထားပြီး၊ ယခုအချိန်တွင် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဖြစ်နိုင်ပါက အပြင်မထွက်ဘဲ အိမ်မှာပဲနေရန်နှင့် Mask နှင့် Face Shield တို့ တပ်ရန်လိုကြောင်း၊ အထူးသဖြင့် Stay at Home မြို့များအပြင် ရောဂါဖြစ်ပွားမှုများသည့် နေရာများတွင် ယခုကဲ့သို့ လုပ်ဆောင်စေချင်ကြောင်း၊ ရောဂါပြန့်ပွားမှုနှုန်း တက်လာသည့်နေရများတွင် Stay at Home ကြေညာရမည်ဖြစ်ပြီး လျော့ကျသွားသည့်နေရာများကိုကြည့်ပြီး ဖြေလျော့ပေးမည်ဖြစ်ကြောင်း၊ အခြေအနေကောင်းသည်နှင့် ဖြေလျှော့ပေးမည်ဖြစ်ပြီး နည်းနည်းပိုပြီး သတိထားရမည့် နေရာများတွင် ပိုပြီးတင်းကျပ်ရမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများက လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့ ခုခရစ္စမတ်နီးလာပြီ။ ခရစ္စမတ်ပြီးတဲ့အခါကျရင်လည်း နှစ်သစ်ကူးကလာပါတော့မယ်။ ခရစ္စမတ်ကာလမှာဆိုရင် အထူးသဖြင့် မြို့ကြီးတွေဆိုတာ ရန်ကုန်မြို့တို့ မန္တလေးမြို့တို့ ကိုဗစ်လည်း မြန်မြန်ပြန့်ပွားနေတဲ့ နေရာတွေလည်းဖြစ်ပါတယ်။ လူဦးရေလည်း များတဲ့နေရာတွေလည်းဖြစ်ပါတယ်။ ဒီမြို့ကြီးတွေဟာဆိုရင် နှစ်တိုင်း နှစ်တိုးလိုလို ရစ္စမတ်ပွဲတော်ကို ကြီးကြီးကျယ်ကျယ် လူစုလူဝေးနဲ့ ကျင်းပလေ့ရှိပါတယ်။ ဒီဟာတွေ ဒီနှစ်ခွင့်မပြုထားပါဘူး။ ဒါပေမဲ့ ခွင့်မပြုလို့လည်း ပြည်သူတွေရဲ့ စိတ်ကျဉ်းကျပ်မှုတွေကို ကျွန်မတို့ နားလည်သောအားဖြင့် တတ်နိုင်သမျှ ရုပ်မြင်သံကြားကတစ်ဆင့် ပြည်သူအတွက် ဖျော်ဖြေရေးအစီအစဉ်တွေလုပ်ဖို့ ကြိုးစားနေပါတယ်။ တတ်နိုင်သလောက်လုပ်ပါမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းအပြင် ကာကွယ်ဆေးများ သိုလှောင်၊ ဖြန့်ဖြူး၊ ထိုးပေးရန်အစီအစဉ်များ စတင်လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် ပြည်သူများ အဆိုပါကာလတွင် ရောဂါမရအောင် နေထိုင်ရန်လိုကြောင်း၊ ကာကွယ်ဆေးပေါ်ခါနီးမှ ရောဂါရပါက မကောင်းကြောင်း၊ ထို့ကြောင့် အားတင်ထားရန်နှင့် ဂရုစိုက်ရန်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။


READ NEXT
Cancel OK