Top News

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလ လူမျိုးရေးအကြောင်းပြု မဲဆွယ်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးမောင်မြင့်အား ရွေးကောက်ပွဲဥပဒေဖြင့် ယင်းမြို့နယ်ရှိ NLD ပါတီဥပဒေအထောက်အကူပြုအဖွဲ့က အမှုဖွင့်တိုင်ကြား
24htopnews | September 6, 2024 3:13 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလ လူမျိုးရေးအကြောင်းပြု မဲဆွယ်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မြင့်အား ရွေးကောက်ပွဲဥပဒေဖြင့် ယင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့က ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ဦးမောင်မြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ လက်ရှိ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

မင်းကင်းမြို့နယ် ဥယျာဉ်မကျေးရွာတွင် အောက်တိုဘာ ၈ ရက်က ဦးမောင်မြင့်၏ ဟောပြောမှုများ၌ လူမျိုးရေးကို အကြောင်းပြုကာ မဲဆွယ်ခဲ့သောကြောင့် မင်းကင်းမြို့မရဲစခန်းတွင် တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်အကူအဖွဲ့ဝင် ဦးစိန်သန်းက ပြောကြားသည်။

“ သူပြောခဲ့တာတော့ ၂၀၁၀ မှာ သူ့တို့ ပါတီက ကုလားသုံးယောက်ထည့်ခဲ့တယ်။ အဲဒီလိုထည့်ခဲ့တဲ့အတွက် သူတို့ မှားတယ်ပေါ့။ ကုလားသုံးယောက် ထည့်ခဲ့တုန်းက လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ ပြောခဲ့ဆိုခဲ့တဲ့သူတွေက အခု ၂၀၂၀ မှာကျတော့ ကုလား ဘယ်နှစ်ယောက်ထည့်ထားတယ် ဆိုတာကို ခင်ဗျားတို့ သိဖို့လိုတယ်ပေါ့။ သူကြားတဲ့ အတိုင်းဆိုရင်ကတော့ ကုလား ၄၂ ယောက်လို့လည်းကြားတယ်။ ၆၂ ယောက်လို့လည်း ကြားတယ်ဆိုပြီး သူပြောခဲ့တယ်။ အဲဒီလူတွေက NLD ပါတီကို ကိုယ်စားပြုပြီးတော့ ပြိုင်တဲ့သူတွေပေါ့။ ပါတီနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ ဘယ်ပါတီကို မဲထည့်မလဲဆိုပြီး ပြောခဲ့တယ်။ သူပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တယ်” ဟု မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေအထောက်အကူအဖွဲ့ဝင် ဦးစိန်သန်းက ပြောကြားသည်။

အဆိုပါအမှုဖွင့်လှစ်ခြင်းကို နိုဝင်ဘာ ၂၀ ရက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပက်သက်၍ မင်းကင်းမြို့မရဲတပ်ဖွဲ့စခန်းမှုး ဒုရဲမှူး ဇော်ဝင်းကျော် “ ရွေးကောက်ပွဲဥပဒေ ၅၈ (ဂ) နဲ့ပဲဗျ။ လက်တလောကတော့ ကျွန်တော်တို့က တရားလိုတွေကိုတော့စစ်ဖို့ရှိပါတယ်။ ကျန်တာတော့ ဘာမှမလုပ်ရသေးပါဘူး” ဟု ဆိုသည်။

ထိုသို့အမှုဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မြင့်က “ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမသိသေးပါဘူး” ဟု ပြောကြားသည်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းမှာ လက်ရှိဆောက်လုပ်ရေး ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်နေသူ ဦးကျော်လင်းဖြစ်ပြီး အနိုင်ရရှိထားသည်။

ယင်းကိစ္စနှင့်ပက်သက်၍ မင်းကင်းမြို့ မရဲစခန်းမှ (ပ) ၂၃၂/၂၀၂၀ ၊ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဂ) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


READ NEXT
Cancel OK