Top News

တိုင်းရင်းသားအရေး၊ ဒေသအရေး၊ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်လောင်း ရှစ်ဦးက မဟာမိတ်ပါတီများ၊ ညီနောင်ပါတီများနှင့်လက်တွဲ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပါတီမူဝါဒအပေါ် အခြေခံကြိုးပမ်းဆောင်ရွက်မည်ဟု KySDP ထုတ်ပြန်
24htopnews | September 6, 2024 3:13 PM CST

တိုင်းရင်းသားအရေး၊ ဒေသအရေး၊ နိုင်ငံတော်ပြုပြင် ပြောင်းလဲရေးဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်ရှစ်ဦးက ညီနောင်ပါတီများနှင့်လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုပါတီ မူဝါဒအပေါ် အခြေခံကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

KySDP က အချက်ငါးချက်ပါ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်ထုတ်ပြန်ရာတွင် ထိုသို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

KySDP ကိုယ်စားပြု အနိုင်ရရှိလာသောကိုယ်စားလှယ်လောင်းများသည် ပါတီနှင့်အတူလက်တွဲ၍ တိုင်းရင်းသားဒေသအရေး၊ နိုင်ငံပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မဟာမိတ်ပါတီများ၊ တိုင်းရင်းသားညီနောင်ပါတီများနှင့်လက်တွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပါတီမူဝါဒများအပေါ် အခြေခံပြီး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း KySDP ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ တခြားသောမဟာမိတ်ပါတီနဲ့ ညီနောင်တိုင်းရင်းသားပါတီတွေ ပူးပေါင်းပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျွန်တော်တို့ တည်ဆောက်ဖို့အတွက် နိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက် နောက် ကျွန်တော်တို့ဒေသအရေးကို ဆောင်ရွက်တဲ့နေရာမှာ ပူးပေါင်းပါဝင်ပြီးတော့မှ စုပေါင်းပြီးတော့မှ ကျွန်တော်တို့ အတူတကွ လက်တွဲဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ကို ဝန်းရံခဲ့တဲ့ပုဂ္ဂိုလ်တွေရော မဲထည့်ခဲ့တဲ့ပြည်သူလူထုတွေရော ကျေးဇူးတင်ကြောင်း အဓိကထားပြီးတော့မှ ထုတ်ပြန်တာဖြစ်ပါတယ်” ဟု KySDP အတွင်းရေးမှူး ခူးသဲရယ်က ပြောကြားသည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုဝင်ဘာ  ၈ ရက်၌ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် KySDP မှ ပြည်နယ်မဲဆန္ဒနယ် ၃၄ နေရာတွင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၊ မဲဆန္ဒပြုခဲ့ကြသော ပြည်သူများနှင့် အောင်နိုင်ရေးအတွက် ငွေအား၊ လူအား ကူညီခဲ့ကြသူများ၊ ဝန်းရံပေးခဲ့ကြသော လူငယ်များ၊ ဆိုရှယ်မီဒီယာပေါ်တွင်ပါတီ၏ မူဝါဒ၊ ရပ်တည်ချက်များအား ကူညီမျှဝေပေးသူများအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားထားသည်။

“ အဓိကကတော့ ရွေးကောက်ပွဲအတွက်ပေါ့နော်။ ရွေးကောက်ပွဲကို ကျွန်တော်တို့ တိုင်းရင်းသားပါတီကို ဝန်းရံပေးခဲ့တဲ့ လူတွေရော၊ နောက်ပြီးတော့မှ ဒီကြားထဲမှာ တချို့မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့လူတွေရောပေါ့နော်။ ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့ နောက်နောင် ဒီလိုမဖြစ်ဖို့ ကျွန်တော်တို့ ကူညီမယ်။ နောက်ပြီးတော့မှ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသားပါတီကို အားပေးထောက်ခံကြတဲ့ ပြည်သူလူထုအားလုံးနဲ့ လူငယ်ထုတွေပေါ့။ နောက်တော့ ပြည်တွင်းပြည်ပက ဆိုရှယ်မီဒီယာကနေ ဝေမျှပြီးတော့မှ စည်းရုံးကူကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ရှိတာပေါ့နော်” ဟု KySDP အတွင်းရေးမှူး ခူးသဲရယ်က ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်က မဲပေးပိုင်ခွင့် လက်လွတ်ဆုံးရှုံးခဲ့ကြသော မဲဆန္ဒရှင်များအတွက် စာနာထောက်ထားကြောင်းနှင့် နောက်နောင် အလားတူဖြစ်ရပ်မျိုးမဖြစ်စေရန် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို မျှော်ကိုး၍ ပြည်တွင်းပြည်ပမှ မဲဆန္ဒရှင်များ ဆန္ဒပြုထောက်ခံသဖြင့် ကိုယ်စားလှယ်လောင်း ရှစ်ဦး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း KySDP ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖရူဆိုမြို့နယ်၌ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် နှစ်နေရာနှင့် အမျိုးသားလွှတ်တော် နှစ်နေရာ စုစုပေါင်း ငါးနေရာ၌ လည်းကောင်း၊ ရှားတောမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK