Top News

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောနေရာများ၌ ရွေးကောက်ပွဲကျင်းပနိုင်ပါက ပြည်နယ်၏နိုင်ငံရေးအခြေအနေ အကောင်းဘက်သို့သွားနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြား
24htopnews | September 6, 2024 3:13 PM CST

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောနေရာများ၌ ရွေးကောက်ပွဲကျင်းပနိုင်ပါက ပြည်နယ်၏ နိုင်ငံရေးအခြေအနေ အကောင်းဘက်သို့ သွားနိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက ပြောကြားသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် နိုဝင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် The Daily Eleven သတင်းစာတို့၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် သံအမတ်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောနေရာများတွင် ရွေးကောက်ပွဲကျင်းပပေးရန် အစိုးရနှင့် တပ်မတော်ထံ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က နိုဝင်ဘာ ၁၂ ရက်တွင် မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပြီး ထိုသို့ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း တပ်မတော်ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ အင်မတန်မှ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မျှော်လင့်နေတာက အဲဒီကြေညာချက်နှစ်ခုအပေါ်မူတည်ပြီးတော့ တတ်နိုင်သလောက် အမြန်ဆုံးပေါ့။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ အဲဒီနေရာမှာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်တာကို ကျွန်တော် အင်မတန်မှ မျှော်လင့်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် AA အဖွဲ့ ထုတ်ပြန်ချက်နှင့် တပ်မတော်က ယင်းထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း အပြန်အလှန် ထုတ်ပြန်ချက်များ ဖြစ်ပေါ်လာခြင်းသည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

မစ္စတာဆာဆာကာဝါသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား သီးခြားတွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်းငံ့ထားသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ အမြန်ဆုံးပြန်လည်ကျင်းပရန် မျှော်လင့်ကြောင်းကို ပြောကြားခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် လုံခြုံရေးပိုင်းဆိုင်ရာကို တပ်မတော်အနေဖြင့် တာဝန်ယူပေးရန် ပြောကြားခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရန် အရေးကြီးသည်ကို နားလည်ကြောင်းနှင့် မစ္စတာဆာဆာကာဝါအနေဖြင့် အကူအညီပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း ဂျပန်သံအမတ်ကြီးက ဆိုသည်။

“ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲပြီးတော့ သူက ချက်ချင်း မစ္စတာဆာဆာကာဝါကိုယ်တိုင် သူသိတဲ့ ပုဂ္ဂိုလ်ကနေတစ်ဆင့် Arakan Army နဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဆက်သွယ်တဲ့အခါမှာ မစ္စတာဆာဆာကာဝါက Arakan Army ကို တိုက်တွန်းတာက ရွေးကောက်ပွဲဖြစ်အောင် Arakan Army က မျှော်လင့်တယ်ဆိုရင် အဲဒီအတိုင်း ရေးထားတဲ့ ကြေညာချက် ထုတ်လိုက်ပါ။ အဲဒီကြေညာချက်မှာ တခြားကိစ္စတွေ သမိုင်းကိစ္စရော၊ တိုက်ပွဲကိစ္စရော အဲဒီလို ပြီးခဲ့တဲ့ဟာကို ဝေဖန်တဲ့ဟာတွေ မထည့်ဘဲ ရွေးကောက်ပွဲဖြစ်ဖို့ကိစ္စပဲ ရေးလိုက်ပါ။ ရေးတာကောင်းတယ်ဆိုပြီး သူပြောပါတယ်။ ပြောတဲ့အခါမှာ Arakan Army ဘက်ကလည်း သဘောတူတဲ့အကြောင်းကို မစ္စတာဆာဆာကာဝါကို ပြန်အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် မစ္စတာဆာဆာကာဝါက ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆက်သွယ်ပြီးတော့ Arakan Army က ရွေးကောက်ပွဲ လုပ်စေချင်တယ်ဆိုတဲ့ သဘောဆန္ဒကို ကြေညာချက်ထုတ်ပါမယ်။ အဲဒီကြေညာချက်ထုတ်တယ်ဆိုရင် တပ်မတော်ဘက်ကလည်း အဲဒါကို ကြိုဆိုတဲ့ကြေညာချက်ထုတ်တာကောင်းတယ်ဆိုပြီးတော့ တပ်ချုပ်ကြီးကို ပြန်ကြားလိုက်တဲ့အခါမှာ တပ်ချုပ်ကြီးကလည်း လုံးဝသဘောတူပါတယ်။ ဒါကြောင့် အခုက မစ္စတာဆာဆာကာဝါ သူက ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိပြီးလုပ်တဲ့အတွက် အဲဒီကြေညာချက်နှစ်ဖွဲ့စလုံးက ထုတ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ကျင်းပနိုင်တဲ့အတွက် အရမ်းကောင်းတဲ့အချက် ဖြစ်ပါတယ်။ နောက်တစ်ခုရွေးကောက်ပွဲ တကယ်အောင်မြင်စွာ ကျင်းပနိုင်တယ်ဆိုရင် ကျွန်တော်တို့က ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေ အကောင်းဘက်ကိုသွားနိုင်မလားလို့ အဲဒီလို မျှော်လင့်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

မစ္စတာ ဆာဆာကာဝါသည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံရွေးကောက်ပွဲလေ့လာရေးအဖွဲ့ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲကာလတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအပါအဝင် သံရုံးမှ တာဝန်ရှိသူများနှင့်အတူ ရွေးကောက်ပွဲနေ့တွင် ရန်ကုန်မြို့ရှိ မဲရုံ ၁၀ ခု၌လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် COVID-19 အခက်အခဲရှိသော်လည်း အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအား ဂုဏ်ယူကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည်အစိုးရ၊ နိုင်ငံရေးပါတီများ၊ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ COVID-19 ရောဂါကြောင့် အခက်အခဲရှိသော်လည်း မဲရုံတွင်မဲပေးရန် တန်းစီမဲပေးခဲ့သည့် ပြည်သူလူထုများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဟု ယူဆကြောင်း ဂျပန်သံအမတ်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် အချို့သောနေရာများတွင် အားနည်းချက်များ ရှိနိုင်ကြောင်း၊ သို့သော်လည်း မူဝါဒအရ ပြောရမည်ဆိုပါက ရွေးကောက်ပွဲသည် အောင်မြင်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK