Top News

ဧရာဝတီတိုင်းတွင် ကိုယ်စားမဲပေးသူနှင့် မဲပေးမှုကိုခွင့်ပြုသည့် ကျေးရွာကော်မရှင် အတွင်းရေးမှူးနှင့် မဲရုံမှူးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်
24htopnews | September 6, 2024 3:13 PM CST

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့တွင် ကိုယ်စားမဲပေးခဲ့သူ နှစ်ဦးအပါအဝင် မဲပေးမှုကို ခွင့်ပြုသည့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် မဲရုံမှူးတို့ကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ကော်မရှင်၏နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင်ပါရှိသော ဖြစ်စဉ်ခုနှစ်ခုအနက် ခြောက်ခုမှာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှဖြစ်ပြီး ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ်တွင် UEC တံဆိပ်တုံးအတုဖြင့် မဲပေးသည့် ဖြစ်စဉ်တစ်ခုပါဝင်သည်။

သာပေါင်းမြို့နယ် ကင်းတပ်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) တွင် မဲစာရင်း မပါဝင်သူ မဲဆန္ဒရှင်တစ်ဦးက ၎င်းင်း၏အစ်ကိုဖြစ်သူ ကိုယ်စားမဲပေးခဲ့ကာ ယင်းသို့မဲပေးခွင့်ရစေရန် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ခွင့်ပြုပေးခဲ့သည်ဟု ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ အလားသဏ္ဌာန်တူ ဖြစ်စဉ်မျိုး မြောင်းမြမြို့နယ် ရန်မနိုင်ကျေးရွာအုပ်စု မဲရုံအမှတ် (၂) တွင် ဖြစ်ပွားခဲ့ပြီး မဲပေးခွင့်ရစေရန် မဲရုံးမှူးတာဝန်ထမ်းဆောင်သူက ခွင့်ပြုပေးသည်ကို စစ်ဆေးတွေ့ရှိသည်ဟု ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကိုယ်စားမဲပေးသူများအပါအဝင် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် မဲရုံမှူးတို့ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ (၅၈) (၅၉) တို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ထို့ပြင် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတွင် ကိုယ်စားမဲပေးမှု၊ ဆန္ဒမဲနှစ်ကြိမ်ပေးမှုနှင့် ဆန္ဒမဲပေးမှုအနှောင့်အယှက်ဖြစ်စေရန် ဆန္ဒမဲပေးရာတွင် အသုံးပြုမည့်ပစ္စည်းများ ဖျက်ဆီးခဲ့မှုတို့ ဖြစ်ပွားခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) တွင်လည်း ကိုယ်စားမဲပေးသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကိုယ်စားမဲပေးသူ၊ ဆန္ဒမဲနှစ်ကြိမ်ပေးသူနှင့် ဆန္ဒမဲပေးရာတွင်  အသုံးပြုသည့်ပစ္စည်းများ ဖျက်ဆီးသူတို့ကို ရွေးကောက်ပွဲဥပဒေ ရာဇသတ်ကြီးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

သို့သော် ဆန္ဒမဲပေးရာတွင် အသုံးပြုသည့် ပစ္စည်းများဖျက်ဆီးသည့် တရားခံကို စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စုရှိ မဲရုံအမှတ် (၃) ရှိ မဲဆန္ဒရှင်တစ်ဦးမှာ ၎င်းယူဆောင်လာသည့် UEC အမှတ်အသားမပါဝင်သော တံဆိပ်တုံးအတုဖြင့် ဆန္ဒမဲပေးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းသို့တံဆိပ်တုံးအတုဖြင့် ဆန္ဒမဲပေးသူကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဖော်ပြသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ နှင့် ၅၉ ပါ ပြစ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်း ထင်ရှားလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်တို့ချမှတ်နိုင်သည်။

ယင်းအခန်းပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ကာတိုင်ကြားမှုကို မဲဆန္ဒရှင်၊လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်၊  ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံအဖွဲ့ဝင်တစ်ဦးဦးတို့က ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်းပြုလုပ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။


READ NEXT
Cancel OK