Top News

နှစ်ဖက်ညှိနှိုင်းဆွေးနွေးခြင်းမှ ထွက်ပေါ်လာသည့်ရလဒ်အရ လုပ်ဆောင်ခြင်းကသာ အနာဂတ်ငြိမ်းချမ်းရေးအတွက် အာမခံချက်ဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | August 10, 2024 12:12 PM CST

နှစ်ဖက်ညှိနှိုင်းဆွေးနွေးခြင်းမှ ထွက်ပေါ်လာသည့် ရလဒ်အရ လုပ်ဆောင်ခြင်းကသာ အနာဂတ်ငြိမ်းချမ်းရေးအတွက် အာမခံချက်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။

NCA လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်ချင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် တာဝန်ထမ်းဆောင်ခွင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၀ မှာပေါ့လေ။ အဲဒီအချိန်တုန်းက NCA လည်း မရှိသေးဘူး။ ဘာမှ မရှိခဲ့သေးဘူး။ အဲဒီ ၂၀၁၀ မှာဆိုရင် နယ်ခြားစောင့်တပ် ဘာတွေလုပ်ဖို့ တိုက်တွန်းပြောဆိုမှုတွေ ဖိအားပေးတာတွေ ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။ သို့သော်လည်း ဒီကိစ္စရပ်တွေအပေါ်မှာ တကယ်ပဲ ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ ပြောမယ်ဆိုရင် အဲဒီလိုမျိုးတစ်ဖက်က ပြောလို့ လိုက်လုပ်ရတာထက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာ လုပ်တာက အနာဂတ်ပြည်ထောင်စုအတွက် အနာဂတ်ငြိမ်းချမ်းရေးအတွက် အာမခံချက်ဖြစ်နိုင်တဲ့ အစီအစဉ်တစ်ခုလို့ ကျွန်တော်တို့ခံယူပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်သည် ၎င်း၏အမြင်၊ ၎င်း၏ရှုထောင့်မှနေ၍ ဖြစ်စေချင်သည့် အာသီသကို ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်ဟု နားလည်ကြောင်း ၎င်းက ဆိုသည်။

“ကာချုပ်ကနေပြီးတော့ ပြောသွားတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA ကို ရေးထိုးပြီးတဲ့နောက်မှာ ဆက်လက်ပြီးတော့ လက်နက်ကိုင်ချင်တယ်ဆိုရင် တပ်မတော်နဲ့ နယ်ခြားစောင့်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ဆောင်ရွက်ပေးမယ်ဆိုတာက ဒါတွေကတော့ ကျွန်တော်တို့ နားလည်တဲ့ NCA နဲ့ကတော့ နည်းနည်းမတူမသလိုမျိုး ဖြစ်တာပေါ့ဗျာ။ NCA ကို ချုပ်ပြီးပြောရရင် ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ဖို့အတွက် နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်မယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ တိုင်းရင်းသားတွေအနေနဲ့ ကိုင်ထားတဲ့လက်နက်တွေကို လက်ထဲမှာ ကိုင်ထား။ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင်တော့ NCA စာချုပ်ကို လက်မှတ်ထိုးပြီးမှ စကားပြောဆိုပြီးတော့ အစဉ်အဆက်က အဲဒီလိုမျိုးပဲ ကြိုးပမ်းလုပ်ဆောင်လာခဲ့တဲ့ အချိန်မှာကတော့ NCA ကို ထိုးပြီးတဲ့နောက် ဆက်လက်ပြီးတော့ လက်နက်ကိုင်ချင်သေးတယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့စကားကတော့ ကျွန်တော်တို့နားလည်တာနဲ့ NCA နဲ့တော့ ကွဲလွဲမှုရှိတယ်။ ဒါတွေကလည်းပဲ ကျွန်တော်တို့အနေနဲ့ နားလည်ပေးနိုင်တာကတော့ ဒီအချိန်က ကျွန်တော်တို့ နိုင်ငံက ပုံမှန်အနေအထားတစ်ခု မဟုတ်တဲ့အတွက်ကြောင့်မို့လို့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်းမှာသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုချင်းမှာသော်လည်းကောင်း အဲဒီလိုမျိုး သဘောထား မတိုက်ဆိုင်တာတို့ အမြင်တူတာတို့ ရှိကောင်းရှိနိုင်တယ်။ သို့သော်လည်းပဲ နစကဥက္ကဋ္ဌက ပြောတဲ့ မိန့်ခွန်းက သူ့အမြင် သူ့ရှုထောင့်အရပေါ့လေ။ သူဖြစ်စေချင်တဲ့ အာသီသအပေါ်မှာ သူ့အနေနဲ့ ထုတ်ဖော်ပြောကြားတယ်လို့ပဲ ကျွန်တော်တို့ နားလည်ပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၂၂ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ NCA လက်မှတ်ထိုးပြီးပါက လက်နက်ဆက်ကိုင်ချင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များ  တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် တာဝန်ထမ်းဆောင် ခွင့်ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နစကဥက္ကဋ္ဌအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် နေပြည်တော်တွင် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေသည်။


READ NEXT
Cancel OK