Top News

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့  စက်တင်ဘာ ၇ ရက်တွင် တွေ့ဆုံမည်
24htopnews | August 10, 2024 12:12 PM CST

ရုရှားနိုင်ငံသို့ရောက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စက်တင်ဘာ ၇ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံပေါင်းစုံပူးတွဲတွေ့ဆုံခြင်းမဟုတ်ဘဲ တစ်နိုင်ငံခြင်း သီးခြားစီတွေ့ဆုံမည့် အစီအစဉ်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက Eleven Media Group ၏ဆက်သွယ်မေးမြန်းမှုအပေါ် ဖြေကြားသည်။

နစကဥက္ကဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ စတင်သွားရောက်ခဲ့ခြင်းဖြစ်ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၅ ရက်တွင် ရုရှားနိုင်ငံ ဗလာဒီမော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် Far Eastern Federal University(FEFU) အတွင်းရှိ Medical Schoolနှင့် Medical Center တို့သို့ သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

ယခုခရီးစဉ်အတွင်း နစကဥက္ကဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK