Top News

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ Other Account များအား ပြည်ထောင်စုငွေစာရင်းအကောင့်ကို ပြောင်းလဲခြင်းနှင့်ပတ်သက်၍ မည့်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ရှင်းလင်းပေးရန် လွှတ်တော်ကိုယ်စားလှယ် တောင်းဆို
24htopnews | August 9, 2024 8:12 PM CST

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ Other Account များအား ပြည်ထောင်စု ငွေစာရင်းအကောင့်ကို ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မည်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများက ရှင်းလင်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ပထမတွဲ(၁၆/၂၀၁၉) အပေါ် ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းရဲ့ Other Account ဟာ ကျပ်ဘီလျံပေါင်း ၁၃၉၆၆ ဖြစ်ပါတယ်။ ဒီငွေပမာဏဟာ မနှစ်က ၁၉-၂၀ ကျွန်တော်တို့နိုင်ငံရဲ့ အသုံးစရိတ် ဘီလျံ ပေါင်း ၃၂၀၀၀ ရဲ့ တစ်ဝက်နီးနီးကို ရှိပါတယ်။ အဲဒီတော့ Other Account နဲ့ ပတ်သက်ပြီးတော့မှ ပြီးခဲ့တဲ့ ဘတ်ဂျက်ဥပဒေမှာ တစ်ခုတည်းသော ပြည်ထောင်စု ငွေစာရင်းအကောင့်ကို ပြောင်းရတော့မယ်ဆိုပြီးတော့ ပါလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းပေါင်း ၃၁ ခုအနေနဲ့ မည်သည့်အဆင့်ကို ရောက်နေပြီဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ ရှင်းလင်းပေးဖို့ ပြောကြားလိုပါတယ်” ဟု ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအနေဖြင့် အားသာချက်များရှိပြီး မြေယာငှားရမ်းခ ပေးဆောင်ရန် မလိုခြင်း၊ နိုင်ငံတော် လုပ်ခလစာဖြစ်၍ လုပ်ခလစာနည်းပါးခြင်းများကြောင့် အရင်းအနှီးများသော်လည်း အမြတ်အစွန်းနည်းသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ မူဘောင်သည် အရေးပါပြီး အပူတပြင်းလိုအပ်နေသည်ကို စာရင်းဇယားများ ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခုချင်းစီနှင့် နိုင်ငံတော်စာရင်းတို့အကြားတွင် ရရန်ရှိ၊ ပေးရန်ရှိအဖြစ် စာရင်းတင် ဖော်ပြထားသော UFA (OA) စာရင်းပိတ်လက်ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလျံကို စာရင်းချေသည့်နည်းဖြင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြီးခဲ့သည့် ၁၄ ကြိမ်မြောက်လွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားထားသည်။

“ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်နေ့ရှိ UFA (OA) စာရင်းပိတ်လက်ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလျံဆိုသည်မှာ စာရင်းအရသာ ဖော်ပြထားတဲ့ လက်ကျန်များဖြစ်ပြီး နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခုချင်းစီနဲ့ နိုင်ငံတော်စာရင်းတို့အကြားမှာ ရရန်ရှိ၊ ပေးရန်ရှိအဖြစ် စာရင်းတင်ဖော်ပြထားတဲ့ စာရင်းများသာ ဖြစ်ပါတယ်။ ၎င်းတို့ကို စာရင်းချေတဲ့နည်းဖြင့် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် UFA (OA) လက်ကျန်စာရင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်ဖြင့် စာရင်းများ ပိတ်သိမ်းပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်းသို့ စာရင်းပြောင်းရွှေ့ညှိနှိုင်းရန် ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်စွဲပါ စာအမှတ်၊ စဘ/ဘဏ္ဍာ - ၄/၁/၉ (၃၉၀၉/ ၂၀၁၉) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားပြီး ၎င်းညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ဆက်လက်၍ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ UFA (OA) စာရင်းများကို ပိတ်သိမ်းပြီး UFA (SEE Account) တစ်ခုတည်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခုချင်းစီ၏ OA လက်ကျန်စာရင်းများနှင့် နိုင်ငံတော်စာရင်းတို့အကြား စာရင်းချေရှင်းလင်းသည့်နည်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

 

 


READ NEXT
Cancel OK