Top News

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား သီးခြားစီလက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
24htopnews | August 9, 2024 8:12 PM CST

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား နေပြည်တော်တွင် ဇန်နဝါရီ ၂၈ ရက်က သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက် ချမှတ်ထားသော မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်က လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက်  တပ်မတော်က ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံရာတွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးရာ၌ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံသား လျှောက်ထားမှု လုပ်ငန်းစဉ် ပိုမိုလျင်မြန် သွက်လက်လာစေရေး ကိစ္စ၊ မကြာမီက မြန်မာကိုယ်စားလှယ်အဖွဲ့ ကော့ခ်ဘဇားသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် ထိတွေ့ရှင်းလင်း ပြောကြားခဲ့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များ ချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားချက်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် သဘောထားအမြင်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာ၏ အကြံပြုချက်အရ တာဝန်ခံမှုရှိရေးကိစ္စကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK