Top News

အစိုးရအဖွဲ့များ၏ ခေါင်းဆောင်မှုအပေါ် အဆက်မပြတ် မေးခွန်းထုတ်နေဦးမည့် COVID-19
24htopnews | July 30, 2024 10:12 AM CST

 အာဆီယံနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှု၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများသည် ဖြစ်ပွားနှုန်း အများဆုံးရှိနေပြီး မြန်မာနိုင်ငံမှာမူ အဆင့်- ၅ နေရာ၌ ရှိနေသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း ၃၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ကူးစက်မှုနှုန်းမြင့်မားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဥရောပတစ်ဝန်းရှိ နေရာအများအပြားတွင် ဗိုင်းရပ်စ်ကူူးစက်မှု တားဆီးရန် စည်းမျဉ်းသစ်များကို စက်တင်ဘာ ၁၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ဗြိတိန်နိုင်ငံတွင် လူစုလူဝေး ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင်မူ မကြာသေးမီရက်များအတွင်း ကူးစက်မှုနှုန်း မြင့်တက်လာသည့် မြို့ကြီးများ၌ စည်းမျဉ်းသစ်များ ထုတ်ပြန်ရန်စီစဉ်နေသည်။ ပြီးခဲ့သောနှစ်က ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်မှစ၍ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၄၃,၀၀၀ ကျော် ရှိခဲ့ပြီဖြစ်သည်။ ဥရောပတွင် လွန်ခဲ့သောသီတင်းပတ်က နေ့အလိုက် ကူးစက်သူ ၅၄,၀၀၀ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုလအတွင်း ဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာခြင်းသည် သတိပေးနှိုးဆော်သင့်သည့် အခြေအနေဖြစ်ကြောင်း WHO ၏ ဥရောပဆိုင်ရာ ဒေသတွင်း ညွှန်ကြားရေးမှူး ဟန်းကလက်က ပြောကြားခဲ့သည်။ “ ကူးစက်သူအများအပြား တွေ့ရှိတာဟာ ထိရောက်မြန်ဆန်တဲ့ စစ်ဆေးမှုတွေကြောင့် ဖြစ်ပေမဲ့လည်း ဒေသတွင်း ကူးစက်မှုနှုန်းမြင့်တက်နေတာကတော့ သတိပေးနှိုးဆော်ရမယ့်အခြေအနေကို ပြနေတယ်” ဟု ကလက်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ မည်သည့်နိုင်ငံ၏ အစိုးရအဖွဲ့ကိုမျှ အပြစ်မတင်နိုင်ပါ။ သို့သော် ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် တုံ့ပြန်မှုများကိုကား စိစစ်ကြည့်ရမည်သာဖြစ်သည်။ COVID-19 ကာကွယ်ဆေး ဖွံ့ဖြိုးလာပြီး ကျယ်ပြန့်စွာ မထုတ်လုပ်နိုင်မချင်း ပျက်စီးသွားသော စီးပွားရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုတို့အပေါ် တုံ့ပြန်မှုများကို စောင့်ကြည့်ရမည်ဖြစ်သည်။ ကာလတိုအတွင်း စီးပွားရေးထိခိုက်မှုများ ရှိသော်လည်း ပြတ်သားသည့် အစိုးရအဖွဲ့များသည် ပြည်သူ့ကျန်းမာရေး စိစစ်မှုများနှင့် ထိတွေ့ခဲ့သူတို့အား ခြေရာခံမှုများကို ဆောင်ရွက်ကာ အန္တရာယ်ကို ရင်ဆိုင်လျက် နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာမှုများ၊ မရှိမဖြစ်မဟုတ်သည့် လုပ်ငန်းများကို ပိတ်ပစ်ခဲ့သည်။

မည်သို့ပင်ဆိုစေ၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆေးပညာဆိုင်ရာနှင့် သိပ္ပံပညာဆိုင်ရာ အထောက်အထားများကိုသာ အခြေခံလျက် ၎င်းတို့၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာနှင့် ဆေးကုသရေးဆိုင်ရာ အရာရှိများကို လိုက်လျောခဲ့ကြသော အစိုးရအဖွဲ့များ ရလဒ်ကောင်းခဲ့သည်။ ရေတိုစီးပွားရေးနှင့် နိုင်ငံရေးတွက်ကိန်းများအပေါ်၌သာ အခြေခံသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များမှာမူ ဖြစ်ပေါ်လာမည့်အနေအထားကို ကောင်းစွာ မထိန်းသိမ်းနိုင်ဖြစ်ရသည်။ အမှန်တကယ်၌ ယင်းအစိုးရအဖွဲ့များသည် အလွန်တန်ဖိုးရှိသော အချိန်များကို အဆုံးရှုံးခံခဲ့ပြီး နေ့စဉ်ရောဂါကူးစက်မှု အလွန်မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ရသည်။

မိမိတို့အာဏာတည်မြဲရေးအတွက် COVID-19 ကို အသုံးချသော၊ မီဒီယာများအား ထိုးနှက်တိုက်ခိုက်သော၊ ဝေဖန်မှုများကို ပါးစပ်ပိတ်အောင် ပြုလုပ်သော အစိုးရအဖွဲ့များအနေဖြင့် ရလဒ်ကောင်း ရရှိခြင်းမရှိပေ။ ယင်းကဲ့သို့သော ပုံစံမျိုးဖြင့် အရေးပေါ်အာဏာများကို သုံးစွဲခြင်းသည် မယုံကြည်ခြင်းနှင့် နားလည်မှု လွဲမှားခြင်းတို့ကိုသာ ဖြစ်စေခဲ့သည်။ အရှေ့တောင်အာရှတွင် ဟွန်ဆန်နှင့် ရိုဒရီဂိုဒူတာတေးတို့ကဲ့သို့သော အာဏာရှင်ဆန်သော ခေါင်းဆောင်များအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းဟု ရှုမြင်ရမည့်အစား ၎င်းတို့အတွက် နိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဟု ရှုမြင်ခဲ့ပါက ၎င်းတို့၏ ဦးစားပေးလုပ်ငန်းများ အကြီးအကျယ် လွဲမှားမည်ဖြစ်ပြီး သေနှုန်းမြင့်မားပေလိမ့်မည်။ ကမ္ဘောဒီးယားပါလီမန်သည် နဂိုကတည်းက အာဏာရှင်ဆန်ပြီးသား ဟွန်ဆန်ကို အီလက်ထရွန်နစ်ဆိုင်ရာ အချက်အလက်များ ကြားဖြတ်ရယူခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့အား လျှော့ချနိုင်ခွင့်တို့အပါအဝင် အာဏာအသစ်များစွာ ပေးခဲ့သည်။ ဒူတာတေးသည်လည်း ပုဂ္ဂလိက ကုမ္ပဏီများအပေါ် လွှမ်းမိုးအသုံးချပိုင်ခွင့်ကဲ့သို့သော အာဏာသစ်များ ရရှိခဲ့သည်။

COVID-19 ကာလတွင် ပြတ်သားသော ခေါင်းဆောင်မှုသည်သာမက ဝန်ကြီးဌာနများအကြားနှင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် နိုင်ငံအဆင့်၌ နိုင်ငံတော်အာဏာများကို ထိရောက်စွာ စုစည်းဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ တုံ့ပြန်ရေး၌ အစိုးရတစ်ရပ်လုံးအတိုင်းအတာဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ စားနပ်ရိက္ခာထောက်ပ့ံမှုနှင့် ပြည်သူ့ကျန်းမာရေးကိစ္စတို့ကို ကိုင်တွယ်ရန် လွှမ်းခြုံနိုင်သည့် မဟာဗျူဟာတစ်ရပ်ရှိထားသည့် အစိုးရအဖွဲ့များအနေဖြင့် ကျယ်ပြောသော စီးပွားရေးလှုံ့ဆော်မှု (Stimulus Package) ကို ဖန်တီးပြီး စီးပွားရေးကျဆင်းမှုကို လျှော့ချကာ ပြည်သူတို့၏ ယုံကြည်မှုနှင့် အားကိုးမှုများကို ရရှိနိုင်သည်။ ယင်းအတွက် ဝန်ကြီးဌာနများအကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်သာဖြစ်၏။

မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းက အစိုးရအဖွဲ့များ၏ ခေါင်းဆောင်မှုအပေါ် အဆက်မပြတ် မေးခွန်းထုတ်နေဦးမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ စက်တင်ဘာ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK