Top News

COVID-19 နှင့် ကလေးများ ဆင်းရဲမွဲတေမှု
24htopnews | July 30, 2024 10:12 AM CST

ဘက်ပေါင်းစုံ၌ ဆင်းရဲမွဲတေလျက်ရှိသော ကလေးများအရေအတွက်သည်  COVID-19 ကပ်ရောဂါကြောင့် ၁.၂ ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက် တွင် ထုတ်ပြန်သည့် UNICEF နှင့် Save The Children အဖွဲ့တို့၏ သုံးသပ်ချက်အရ သိရသည်။ ယင်းသည် ဝင်ငွေနိမ့်ပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်သာ ရှိသည့် နိုင်ငံများတွင် နေထိုင်နေရသည့် ကလေးများအရေအတွက် ၁၅ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်ပြီး ယခုနှစ်အစောပိုင်း၌ ကပ်ရောဂါနှိပ်စက်ပြီးနောက်ပိုင်း ဆင်းရဲမွဲတေသည့် ကလေး များအရေအတွက် နောက်ထပ် သန်း ၁၅၀ တိုးလာခြင်းလည်းဖြစ်သည်။ ယခုလေ့လာချက်သည် နိုင်ငံပေါင်း ၇၀ မှ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာ၊ အဟာရ၊ သန့် ရှင်းရေးနှင့် ရေရရှိမှုတို့အား လေ့လာထားသည့် အချက်အလက်များကို အသုံးပြုကာ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုကို သုံးသပ်ထားခြင်းဖြစ်သည်။ ကပ်ရောဂါမတိုင်မီကထက်စာလျှင် ဖော်ပြပါအခြေခံလိုအပ်ချက်များထဲမှ အနည်းဆုံးတစ်ခု ပျောက်ဆုံးသွားသည့် ကလေးအရေအတွက်သည် ၄၅ ရာခိုင်နှုန်းတိုးလာကြောင်း တွေ့ရှိရသည်။

ယင်းအနေအထားသည် လာမည့်လများအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိသည်ဟု လည်း UNICEF က သတိပေးလိုက်သည်။ UNICEF နှင့် Save The Children အဖွဲ့တို့ သည် ပြောင်းလဲနေသည့်အနေအထားကို မျက်ခြည်မပြတ်စောင့်ကြည့်လျက်ရှိပြီး အစိုးရအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းနေသည်။ “ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့ Lockdown ချထားခြင်းနဲ့ COVID-19ရောဂါတို့က သန်း နဲ့ချီတဲ့ကလေးတွေကို ပိုမိုနက်ရှိုင်းတဲ့ဆင်းရဲတွင်းထဲကို တွန်းချနေပါတယ်” ဟု UNICEF အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဟင်နရီတာဖိုးက ပြောကြားခဲ့သည်။ “သူတို့ဘယ်တုန်း ကမှ မကြုံဖူးခဲ့တဲ့ ချို့တဲ့မှုအဆင့်မျိုးကို တချို့က ကြုံတွေ့နေရချိန်မှာ ဆင်းရဲတွင်းကနေ လွတ်မြောက်လုနီးပါးအနေအထားကို ရောက်နေကြတဲ့မိသားစုတွေဟာလည်း နောက်ကို ပြန်ဆုတ်သွားပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကလေးများဆင်းရဲမွဲတေမှုသည် ငွေကြေးဆိုင်ရာတန်ဖိုးတစ်ရပ်ထက် များစွာပို ကြောင်းကိုလည်း အဆိုပါအစီရင်ခံစာက သတိပေးထားသည်။ အိမ်ထောင်စုဝင်ငွေကဲ့ သို့သော ငွေကြေးဆိုင်ရာ ဆင်းရဲမွဲတေမှုတိုင်းတာချက်များက အရေးကြီးသော်လည်း ယင်းသည် ဆင်းရဲမွဲတေမှု၌ နေထိုင်နေကြရသည့် ကလေးများ၏ ဒုက္ခနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း ရှုမြင်မှုကိုသာ ပေးနိုင်သည်။ ကလေးများ ဆင်းရဲမွဲတေမှုအတိုင်းအတာ နှင့်ပတ်သက်၍ အပြည့်အဝနားလည်နိုင်ရန် ချို့တဲ့နိုင်ဖွယ်ရှိသည့်အရာအားလုံးကို တိုက် ရိုက်လေ့လာသုံးသပ်ရမည်ဖြစ်သည်။ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုကို အဆုံးသတ်နိုင်ရန် အတွက် ကျန်းမာရေး၊ ပညာရေး၊ အဟာရ၊ ရေနှင့် သန့်ရှင်းရေးတို့နှင့်ပတ်သက်၍ ဘက် ပေါင်းစုံမူဝါဒများကို အကောင်အထည်ဖော်ရန် လိုအပ်သည်။

လူမှုရေးကာကွယ်စောင့်ရှောက်မှု၊ ပြီးပြည့်စုံသည့် ဘဏ္ဍာရေးမူဝါဒများ၊ လူမှုရေးဝန် ဆောင်မှုများ၌ ရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်ခန့်ထားမှုများအပြင် မိသားစုများကို ထောက် ပံ့ရန် လုပ်သားစျေးကွက်များကို ဝင်ရောက်စွက်ဖက်ခြင်းတို့သည် ကလေးများကို ဆင်းရဲ တွင်းမှ ဆွဲထုတ်ရန်နှင့် နောက်ထပ်ထိခိုက်ပျက်စီးမှုများမှ ကာကွယ်စောင့်ရှောက်ပေးရန် တို့အတွက် အရေးကြီးသည်။ ယင်းမူဝါဒများထဲတွင် အရည်အသွေးရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိအောင် ချဲ့ထွင်ခြင်း၊ အဝေးရောက်ပညာရေးစနစ်ဖြင့် ရှေ့ဆက်နိုင်ရန် ကလေးများအတွက် လိုအပ်သော ကိရိယာတန်ဆာပလာများနှင့် နည်းပညာများကို ထောက်ပံ့ပေးခြင်းနှင့် ကလေးများကို စောင့်ရှောက်နိုင်ရန် လစာမဖြတ်ဘဲ ခွင့်ပေးခြင်းကဲ့ သို့သော မိသားစုဆိုင်ရာ မူဝါဒများ၌ ရင်းနှီးမြှုပ်နှံခြင်း အစရှိသည်တို့ ပါဝင်သင့်သည်။

ယခင်ကထက် ပိုမိုဆင်းရဲမှုကို ကြုံတွေ့လာရသည့် ကလေးများ ပိုမိုများပြားလာရုံ သာမက အဆင်းရဲဆုံးကလေးများသည်လည်း ပို၍ ပို၍ ဆင်းရဲလာကြောင်း အစီရင်ခံစာ က ဖော်ပြထားသည်။ ကလေးအချို့သည် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ချို့တဲ့ မှုကို ခံစားနေရရုံမက ကလေးအချို့သည် ချို့တဲ့မှုအားလုံးကို ခံစားနေရသောကြောင့် ဆင်းရဲမွဲတေနေသည့် ကလေးများနှင့်ပတ်သက်၍ သုံးသပ်ရာတွင် ကလေးများအရေအ တွက်နှင့် ချို့တဲ့မှုအမျိုးအစား ပျမ်းမျှအရေအတွက်တို့ကို အသုံးပြုရမည်ဖြစ်သည်။ ကပ် ရောဂါမတိုင်မီက ‘ပြင်းထန်သည့်ချို့တဲ့မှုများ/ကလေးများ’ ပျမ်းမျှအချိုးသည် ၀.၇ ရှိခဲ့ သည်။ ယခုအခါ ၁၅ ရာခိုင်နှုန်းတက်လာခဲ့ပြီး ၀.၈၅ အထိ ရောက်ရှိလာခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံ၏အနာဂတ်ကို ဖော်ဆောင်မည့် ကလေးများအား COVID-19 စီးပွားရေးကပ်၌ မနစ်မွန်းစေဘဲ ဆင်းရဲတွင်းမှ ဆွဲထုတ်ရန် မူဝါဒများ အရေးပေါ်ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ စက်တင်ဘာ  ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK