Top News

COVID-19 နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်
24htopnews | July 30, 2024 10:12 AM CST

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အယ်ဒီတာများ၊ မီဒီယာ အလုပ်အမှုဆောင်များနှင့် ထိပ်တန်းဂျာနယ်လစ်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာစာနယ်ဇင်းအင်စတီကျု (IPI) က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေစဉ်၌ လွတ်လပ်သော သတင်းမီဒီယာများ၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့် ရောဂါကို ကိုင်တွယ်ရန် အရေးပေါ်လုပ်ဆောင်ချက်များအား အွန်လိုင်းနှင့် အော့ဖ်လိုင်းရှိ သတင်းများနှင့် အချက်အလက်များကို ဆင်ဆာဖြတ်ရေး အကြောင်းပြချက်အဖြစ်လည်းကောင်း၊ မီဒီယာ လွတ်လပ်ခွင့်ကို နှိပ်ကွပ်သည့် စည်းကမ်းချက်များ ချမှတ်ခြင်းအတွက်လည်းကောင်း အသုံးမပြုရန် ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရအဖွဲ့များသို့ မတ် ၁၇ ရက်ကတည်းက တောင်းဆိုခဲ့သည်။ IPI အဖွဲ့က အစိုးရအဖွဲ့များအားလုံးကို မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဂျာနယ်လစ်များအနေဖြင့် ကျန်းမာရေးအကျပ်အတည်းနှင့်ပတ်သက်၍ သတင်းရေးသားရာ၌ ၎င်းတို့၏အလုပ်ကို အကောင်းဆုံးလုပ်နိုင်ရေးအတွက် အာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။ ၎င်းတို့၏ တောင်းဆိုချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။

ယင်းတို့မှာ ကျန်းမာရေး အကျပ်အတည်းနှင့်ပတ်သက်သော သတင်းအချက်အလက်များအားလုံးကို ဂျာနယ်လစ်များနှင့် မီဒီယာများ တရားမျှတစွာနှင့် တန်းတူညီမျှရရှိရေး အာမခံရန်၊ ကျန်းမာရေးဆိုင်ရာ ကန့်သတ်များတွင် သတင်းစာရှင်းလင်းပွဲ ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိသည့်ကိစ္စများကို တားမြစ်ထားပါက အစားထိုးအခြားနည်းလမ်းများကို မဖြစ်မနေရရှိစေရန်၊ ဆုံးဖြတ်ချက်ချမှတ်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပရော်ဖက်ရှင်နယ်များနှင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်နေသည့် အခြားလူများ အစရှိသူတို့ထံမှ သတင်းရယူနိုင်ရေးအတွက် မီဒီယာများ လွတ်လပ်စွာ သွားလာနိုင်ရေးကို ကာကွယ်စောင့်ရှောက်ပေးရန်၊ မီဒီယာလွတ်လပ်ခွင့်နှင့် ဂျာနယ်လစ်တို့၏အခွင့်အရေးကို ထိန်းချုပ်ကန့်သတ်ရန်အတွက် အရေးပေါ် အာဏာ သို့မဟုတ် စည်းကမ်းချက်များကို ဘယ်သောအခါမှ အသုံးမပြုပါဟု အာမခံချက်ပေးရန်၊ ဂျာနယ်လစ်များ၏ စိစစ်သုံးသပ်ပိုင်ခွင့်နှင့် လိုအပ်သည့်နေရာ၌ ဆုံးဖြတ်ချက်များကို ဝေဖန်နိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးပြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို နိုင်ငံသားများအတွက် လိုအပ်သော အချက်အလက်များ အသိပေးနိုင်ရေး အချိန်နှင့် နေရာပေးထားရန်၊ အရေးကြီးသော မီဒီယာများကို ထိန်းချုပ်ကန့်သတ်ရန် သို့မဟုတ် အပြစ်ပေးရန်အတွက် မီဒီယာများ၏ စိစစ်သုံးသပ်မှုကို သတင်းမှားထုတ်ပြန်ခြင်း သို့မဟုတ် အကျပ်အတည်းကို တလွဲအသုံးချခြင်းအဖြစ် မဆင်မခြင် လွဲမှားဖော်ပြခြင်း မပြုရန်နှင့် ကျန်းမာရေးအကျပ်အတည်းကို သတင်းရယူခြင်းနှင့် ပတ်သက်၍ ရှေ့တန်းတွင် ရှိနေသည့် ဂျာနယ်လစ်များအနေဖြင့် သင့်တော်မှန်ကန်သည့် ဆေးဘက်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ရရှိနိုင်စေရေး သေချာစေရန်တို့ ပါဝင်သည်။

IPI ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဘာဘရာ “ သတင်းတုတွေ ပေါများတဲ့ ဒီခေတ်မှာ လူထုအတွက် ယုံကြည်ရလောက်တဲ့ သတင်းတွေ လိုအပ်ပါတယ်။ COVID-19 တိုက်ဖျက်ရေးမှာ အရေးကြီးတဲ့ မဟာမိတ်တွေဖြစ်တဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့အလုပ်ကို အစိုးရက ထောက်ခံကူညီပေးဖို့ရာ ဒီအဆင့်မှာ အရေးကြီးပါတယ်” ဟု ပြောကြားခဲ့သည်။ ထရွိုင်ယွန်ဖီက လက်ရှိအနေအထားထက် ပိုမိုလာဖွယ်ရှိနေသည့် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့် အပါအဝင် လူ့အခွင့်အရေးများအပေါ် အလွန်ကြမ်းတမ်းပြင်းထန်သော ထိန်းချုပ်ဟန့်တားမှုအသစ်များ ပြဌာန်းရန် အာဏာပိုင်များက အကျပ်အတည်းကို အသုံးချလာနိုင်ဖွယ်ရှိခြင်းကိုလည်း စိုးရိမ်လျက်ရှိသည်။ သူက “အခု ကပ်ရောဂါက ငြိမ်းချမ်းတဲ့ကာလမှာ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေအပေါ် အတိုင်းအတာ အကျယ်ပြန့်ဆုံး ထိန်းချုပ်ကန့်သတ်မှုတွေ ဖြစ်လာစေတာ တွေ့ရပါတယ်။ ဒါကြောင့် COVID-19 ကို ကိုင်တွယ်ရာမှာ သုံးတဲ့နည်းလမ်းတွေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်မှုတွေဟာ လိုအပ်လို့လုပ်တာ ဖြစ်ရမယ်၊ အချိုးအစားမျှတရမယ်၊ ယာယီပဲဖြစ်ရမယ်၊ လတ်တလောကျန်းမာရေးအကျပ်အတည်းကို ဖြေရှင်းရေးအပေါ်ပဲ ကန့်သတ်ထားရမယ်လို့ ကျွန်မတို့အနေနဲ့ နိုင်ငံအားလုံးကို တောင်းဆိုထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အထူးသဖြင့် အကျပ်အတည်းကာလများတွင် လွတ်လပ်သည့် မီဒီယာများသည် ပြည်သူလူထုအနေဖြင့် ယုံကြည်ရလောက်သည့် သတင်းများ ရရှိရေးတွင် လွန်စွာအရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ စက်တင်ဘာ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK