Top News

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်မြေဧက ၂၈၀၀၀၀ ကျော်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား
24htopnews | July 29, 2024 5:12 PM CST

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်မြေဧက ၂၈၀၀၀၀ ကျော်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

ဇွန် ၂၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြေနှင့်ပတ်သက်ပြီး တပ်မတော်မှ မူဝါဒသုံးရပ်ရှိကြောင်း၊ တပ်တည်ဆောက်ရန်အတွက် တပ်ပိုင်အဖြစ် ပိုမိုသိမ်းဆည်းထားသည့်မြေများတွင် အရပ်သားများအား သီးစားချထားခြင်း၊ အကျိုးတူဆောင်ရွက်မှု မပြုလုပ်ရန်နှင့် တပ်၏လိုအပ်ချက်အရွယ်အစားအရ သိမ်းဆည်းရန်၊ ဒုတိယအချက်အနေဖြင့် လေ့ကျင့်ရေးကွင်းလိုအပ်ချက်များအတွက် အမှန်တကယ်လိုအပ်သည့် မြေဧရိယာအကျယ်အဝန်းကိုသာ တိုင်းတာတွက်ချက်ရယူဆောင်ရွက်ရန်နှင့် ကျန်မြေပိုများကို သိမ်းဆည်းခံရသော မူလတောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဥပဒေနှင့်အညီ အမြန်ဆုံးစွန့်လွှတ်ပြီး နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

“ တပ်ဌာနချုပ်များနဲ့ တစ်ဆက်စပ်ထဲမရှိတဲ့ သိမ်းဆည်းမြေများနဲ့ စပ်လျဉ်းပြီး ကျန်တဲ့မြေများကို သက်ဆိုင်ရာပိုင်ဆိုင်ခွင့် ရှိတဲ့သူတွေကို အပ်နှံနိုင်ရေးအတွက် စိစစ်ပြီး နိုင်ငံတော်ကို အပ်နှံနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ ၂၀၂၀ ပြည့်နှစ် ငါးလပိုင်းအကုန်အထိ စုစုပေါင်းအပ်နှံနိုင်ခဲ့တာက ၂၈၆၇၃၄ ဒသမ ၃၆၇ ဧကကို နိုင်ငံတော်ကို စွန့်လွှတ်အပ်နှံခဲ့ပြီးဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

ထို့ပြင် ဆီဆိုင်မြို့နယ်ရှိ မြေနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထဲရေးအမိန့်၊ မြေလွှဲအမိန့်များဖြင့် မြေများကို ရယူထားခြင်းဖြစ်ကြောင်း၊ တပ်မှလည်း အသုံးပြုနေကြောင်း ၂၀၂၀ မေလမှစတင်ကာ ယင်းမြေများတွင် ထွန်းတုံးတိုက်ပွဲများ ပြုသဖြင့် ညှိနှိုင်းသည့်အတွက် ယင်းနေရာမှ ထွက်ကာ နောက်တစ်နေရာတွင် လာခြင်းများရှိကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

“ ကျွန်တော်တို့မှာ ပိုင်ဆိုင်မှုအထောက်အထား အကုန်ရှိတယ်။ ပြည်ထဲရေးအမိန့်တွေလည်း အကုန်ရှိတယ်။ အဲဒီလိုလာလုပ်တဲ့အတွက် ဒီဟာတွေဖြစ်ပေါ်နေတာပါ။ ဒီမြေက အထောက်အထားအပြည့်အစုံရှိပါတယ်။ ကျွန်တော်တို့ မြေအစစ်ခံရတဲ့အချိန်မှာ မြေစစ်ဗဟိုဆိုတာရှိပါတယ်။ ဟုတ်လား မဟုတ်လားဆိုတာ အဲဒီမှာအစစ်ခံပြီးသားပါ။ ဒီမြေတွေမှာ ဒီလိုလာပြီးတော့ ထွန်းတုံးတိုက်ပွဲတွေလုပ်တာတွေက ဥပဒေကို ချိုးဖောက်တာ” ဟု ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

လွှဲလို့ရသည့်မြေ၊ ပြန်လည်စွန့်လွှတ်လို့ရသည့်မြေများကို စွန့်လွှတ်ကြောင်း၊ စွန့်လွှတ်လို့မရသည့်မြေများကို ပြန်လည်စွန့်လွှတ်ခြင်းမရှိကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

မြေများကို ရယူထားပြီး မစွန့်လွှတ်ဟု မြင်လိမ့်မည်ဖြစ်ကြောင်း၊ ကာကွယ်ရေးလုပ်ငန်းသည် ယနေ့ ထလုပ်ပါက ယနေ့တွင် မပြီးကြောင်း၊ ကာကွယ်ရေးစနစ်များသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေကြောင်း၊ လိုက်ပါပြောင်းလဲနေရသည့်အတွက် ရပ်နေ ၍မရကြောင်း၊ မြေနှင့်ပတ်သက်ပြီး အသုံးချရမည့် အစီအမံများဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

တပ်မြေသိမ်းသည့်အခါတွင် ဥပဒေစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ သိမ်းယူကြောင်း၊ သိမ်းပြီးသားမြေများတွင် ကျူးကျော်ဝင်ရောက်မှုများသည် စည်းကမ်းဥပဒေချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူကြောင်း ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။


READ NEXT
Cancel OK