Top News

COVID-19 အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရာတွင် အသုံးပြုရန် နိုင်ငံတော်က ကျပ် ၂၆၇ ဘီလျံ ထပ်မံချပေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများ ပြောကြား
24htopnews | July 29, 2024 5:12 PM CST

COVID-19 အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် နိုင်ငံတော်က ကျပ် ၂၆၇ ဘီလျံ ထပ်မံချပေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

ဇွန် ၂၂ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် COVID-19 အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရာ၌ သုံးစွဲနေသည့် ငွေကြေးများသည် နိုင်ငံတကာအထောက်အပ့ံများဖြင့် သုံးစွဲနေသည့်အပြင် ဘတ်ဂျက်ထဲမှ ပိုက်ဆံများကို သုံးစွဲပြီး လွန်ခဲ့သည့် လေးရက်ခန့်က ကျပ် ၂၆၇ ဘီလျံသုံးစွဲရန် ထပ်မံရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ ကျွန်မတို့ ရှေ့ဆက်ပြီးတော့ COVID-19 အတွက် သုံးဖို့ နိုင်ငံတော်ကနေပြီးတော့ ၂၆၇ ဘီလျံ ပေးပါတယ်။ ၂၆၇ ဘီလျံက COVID-19 စီးပွားထိခိုက်မှု သက်သာရေးဆိုင်ရာ စီမံချက်၊ လုပ်ငန်းစဉ်ထဲမှာပါပြီးတော့ ဒီအတွက် ပစ္စည်းတွေဝယ်ယူဖို့၊ ဆေးရုံ ICU တိုးချဲ့ဖို့၊ နောက်ဓာတ်ခွဲခန်းတွေ တိုးချဲ့ဖို့ လိုအပ်တာတွေကို ဒီထဲကနေသုံးဖို့ဆိုပြီး နိုင်ငံတော်က ချပေးထားတာဖြစ်ပါတယ်။ ဒါကို ဒီတစ်ပတ်ထဲမှာ စီးပွားရေးကော်မတီ တင်ပါမယ်။ အစိုးရအဖွဲ့က ဆုံးဖြတ်ပြီးတာနဲ့ ပစ္စည်းတွေဝယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားသည်။

COVID-19 စတင်ဖြစ်ပွားချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များအတွက် အသုံးစရိတ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက်ထဲမှ သုံးစွဲနေခြင်းဖြစ်ကြောင်း၊ ထပ်မံလိုအပ်သည့်အတွက် နိုင်ငံတော်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အရေးပေါ်သုံးစွဲရန် ပေးအပ်ထားသည့် ကျပ်သန်း ၃၀၀ ဖြင့် သုံးစွဲနေပြီး ပြည်သူလူထုမှ လှူဒါန်းထားသည့်ပစ္စည်းများကို သုံးစွဲနေကြောင်း၊ ထို့ပြင် ADB ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၅၀ ချေးယူရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

“ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရာဇဝင်မှာ ပိုက်ဆံချေးတာ မရှိပါဘူး။ ၂၀၁၅ မှာ တစ်ခါချေးဖူပါတယ်။ ဒီအစိုးရ မတိုင်ခင် သန်း ၁၀၀ ပါ။ ဒီအစိုးရလက်ထက်မှာ ADB က သန်း ၃၀ ဆိုတာက ခက်ခဲတဲ့ဒေသက ဆေးရုံတွေကို အဆင့်မြှင့်ဖို့ဖြစ်ပါတယ်။ နောက် သန်း ၅၀ ကလည်း ကမ္ဘာ့ဘဏ်က ချေးပါတယ်။ နှစ် ၅၀ တောက်လျှောက်မှာ ပထမချေးခြင်းဖြစ်ပါတယ်။ ချေးတဲ့ပိုက်ဆံကို ကိုယ့်အိတ်ထဲက ပိုက်ဆံလို သဘောထားပြီး သေသေချာချာမသုံးသင့်တာ မသုံးဖို့ နိုင်ငံတော်အတိုင်ပင်ခံက ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့နိုင်ငံက ချမ်းသာတဲ့နိုင်ငံမဟုတ်ဘူး။ ဒီပိုက်ဆံက ပြန်ဆပ်ရမှာ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


READ NEXT
Cancel OK