Top News

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံသာမကဘဲ အခြားသောလူမျိုးစုများ၏ ထင်ရှားသော ခေါင်းဆောင်ရုပ်ပုံများနှင့် ယဉ်ကျေးမှုလက္ခဏာများလည်း ဖော်ပြပေးသင့်ကြောင်း KNC ပါတီ တောင်းဆို
24htopnews | July 29, 2024 5:12 PM CST

ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံသာမကဘဲ အခြားသောလူမျိုးစုများ၏ ထင်ရှားသော ခေါင်းဆောင်များ၏ ရုပ်ပုံများနှင့် ယဉ်ကျေးမှုလက္ခဏာများကိုလည်း ဖော်ပြပေးသင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောကြားသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစိုးမင်းက မြန်မာနိုင်ငံတွင် လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူအမျိုးအစား ၁၄ မျိုးစလုံးတွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် လာမည့်နှစ်အတွင်း ရိုက်နှိပ်ထုတ်ဝေမည်ဟု ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ထုတ်ဝေသုံးစွဲရန် ကြိုးပမ်းမှုများ ရှိလာခဲ့ပြီး ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဝေသည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေခဲ့သကဲ့သို့ လာမည့်ဇူလိုင်တွင် ထုတ်ဝေမည့် ၅၀၀ ကျပ်တန် ငွေစက္ကူတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေလာမည်ဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေမည့်ကိစ္စသည် ဖြစ်သင့်သောကိစ္စဖြစ်သည့်အတွက် ကြိုဆိုကြောင်း KNC ပါတီက ပါတီ Facebook စာမျက်နှာတွင် ရေးသားထားသည်။

သို့ရာတွင် စဉ်းစားသင့်သည့် ပထမအချက်အနေဖြင့် ငွေစက္ကူ၏ အဓိကမျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ တစ်မျိုးတည်းသာ ငွေစက္ကူအမျိုးအစားအားလုံးတွင် အသုံးပြုမည်လော၊ အခြားသော တိုင်းရင်းသားများ၏ ထင်ရှားကျော်ကြားသော နိုင်ငံရေးခေါင်းဆောင်များ မထည့်တော့ပြီလောဟု KNC ပါတီက ထောက်ပြရေးသားခဲ့သည်။

ခေတ်အဆက်ဆက် ရိုက်နှိပ်ထုတ်ဝေခဲ့သော ငွေစက္ကူများ၏ ရှေ့ဘက်အခြမ်းနှင့် နောက်ကျောဘက်အခြမ်းတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၊ ဒေါင်းတံဆိပ်၊ သခင်ဖိုးလှကြီး၊ ဆရာစံ၊ အင်းလေးပုံ၊ ခြင်းလုံးခတ်သောပုံ၊ မန္တလေးနန်းတွင်းပုံ စသည့်ရုပ်ပုံများကိုသာ အသုံးပြုခဲ့ကြောင်း KNC ပါတီဥက္ကဋ္ဌက ပြောကြားသည်။

“ အဲဒီတော့ ရှေ့မျက်နှာဖုံးပဲဖြစ်ဖြစ်၊ နောက်ကျောမှာပဲဖြစ်ဖြစ် တိုင်းရင်းသားလူမျိုးစုများရဲ့ အမျိုးသားလက္ခဏာလေးတွေ ထည့်ပေးမယ်။ နောက်တစ်ခါ ဗိုလ်ချုပ်အောင်ဆန်းပုံတင်မဟုတ်ဘူး တခြားလွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ လူမျိုးစုခေါင်းဆောင်တွေရဲ့ တချို့ထင်ရှားတဲ့ ခေါင်းဆောင်များရဲ့ အမှတ်လက္ခဏာလေးတွေ ထည့်ပေးမယ်။ ရိုက်ပေးမယ်ဆိုရင် ပိုမကောင်းဘူးလားပေါ့” ဟု ဒေါက်တာ Mကောန်လက ပြောကြားသည်။

ပြည်ထောင်စုသားအချင်းချင်း အတူတကွ အေးအတူ ပူအမျှ နေထိုင်ခဲ့သည်ဆိုလျှင် အဘယ့်ကြောင့် ပြည်နယ်နေ ကျန်လူမျိုးခုနစ်စု၏ အမျိုးသားခေါင်းဆောင်များနှင့် အမျိုးသားလက္ခဏာများ၊ ယဉ်ကျေးမှုပုံရိပ်များ မထည့်ရသနည်းဟု KNC ပါတီက မေးခွန်းထုတ်ရေးသားထားသည်။

“ အဲဒီတော့ တိုင်းရင်းသားလူမျိုးများရဲ့ ပြည်နယ်နေလူမျိုးစုများရဲ့ ယဉ်ကျေးမှုအမှတ်လက္ခဏာတွေလည်း မြှင့်သင့်တာပေါ့” ဟု ၎င်းက ပြောကြားသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောလေ့ရှိသောစကားတစ်ခုရှိပြီး အဆိုပါစကားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသော စကားဖြစ်ကာ ယင်းအချက်နှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက ဒီလိုမျိုးမှာမှ မဖော်ပြရင် ဘယ်လိုနေရာ ဖော်ပြမလဲ။ ကျွန်တော်တို့က မေးချင်တယ်။ အဲဒါ ဒီငွေကြေးက လည်ပတ်တယ်ဆိုတာက တစ်တိုင်းပြည်လုံး သုံးတာလေ။ ပြည်ထောင်စု မြန်မာတစ်နိုင်ငံလုံး သုံးတာ။ သုံးတယ်ဆိုတော့ ပြည်နယ်လူမျိုးစုတွေလက်ထဲ ဒီပိုက်ဆံတွေက ရောက်မှာပဲလေ။ ဒီလိုဖြစ်တဲ့အခါကျတော့ သူတို့စိတ်ထဲမှာ ကျေနပ်နှစ်သိမ့်ဖွယ်မရှိတဲ့ ငွေကြေးတချို့က အဆင်မပြေဘူးပေါ့” ဟု ဒေါက်တာ Mကောန်လက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု၏ Vision ဖြစ်ပြီး လက်ရှိနိုင်ငံရေး Vision မှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်၍ ဖက်ဒရယ်အလေ့အကျင့်များ၊ ဖက်ဒရယ်အခြေခံမူများ ရရှိအောင် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ပြောကြားသည်။

“ အဲဒါလေးတွေကို လုပ်ဆောင်ချက်တိုင်းမှာ နိုင်ငံတော်ရဲ့ လုပ်ဆောင်ချက်တိုင်းမှာ ထည့်သွင်းစဉ်းစားတဲ့ဟာက အမျိုးသားပြန်လည်သင့်မြတ်ရေးပဲ။ နောက် ပြည်နယ်နေ လူမျိုးစုတွေရဲ့ နှစ်သိမ့်မှုကို ပေးရေးပဲ။ အဲဒါမှ ငြိမ်းချမ်းရေးကို သွားမှာကို” ဟု KNC ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ယင်းအပြင် ငွေစက္ကူများ၏ နောက်ကျောဘက်တွင် ၁၉၄၄ ခုနှစ်ကတည်းက သုံးနှုန်းရေးသားခဲ့သော “ ပြည်ထောင်စု မြန်မာနိုင်ငံဗဟိုဘဏ်” ဟူသော စကားရပ်အစား ၁၉၉၀ ပြည့်နှစ် တပ်မတော်အစိုးရလက်ထက်မှစ၍ ပြည်ထောင်စုဟူသော စကားလုံးကို ဖြုတ်ကာ “ မြန်မာနိုင်ငံတော် ဗဟိုဘဏ်” ဟု ပြောင်းလဲရိုက်နှိပ်ခဲ့သည့်အတိုင်း လက်ရှိအစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဝေသော ကျပ် ၁၀၀၀ တန် ငွေစက္ကူနှင့် ဇူလိုင်တွင် ထုတ်ဝေမည့် ကျပ် ၅၀၀ တန် ငွေစက္ကူတို့တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” ဟုသာ ဆက်လက်သုံးစွဲထားသည်ကို တွေ့ရကြောင်းလည်း KNC ပါတီက ထောက်ပြရေးသားထားသည်။

“ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟုသာ သုံးစွဲရမည်မဟုတ်လော။ အဘယ်ကြောင့် မသုံးစွဲစေသနည်း။ ၂၀၀၈ အခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမူ အခန်း ၁ ပုဒ်မ ၂ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်ဟု ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေပြီလော” ဟု KNC ပါတီက မေးခွန်းထုတ်ရေးသားသည်။

မြန်မာငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုသမိုင်းအား ပြန်ကြည့်လျှင် ဗမာ့ယဉ်ကျေးမှု အမျိုးသားလက္ခဏာများဖြင့်သာ အသုံးပြုခဲ့ကြောင်း၊ ဥပမာအားဖြင့် ၁၉၄၄-၁၉၄၅ ကာလများတွင် ဒေါင်းရုပ်ပုံ၊ မန္တလေးနန်းတော်ပုံ၊ ၁၉၆၅-၁၉၇၁ ကာလများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အင်းလေးကန်ပုံ၊ လယ်သမားနှင့် နွားပုံ၊ မိန်းမပျိုလေး ရက်ကန်းရက်နေပုံ၊ လယ်ထွန်စက်ပုံ၊ ၁၉၇၂-၁၉၈၇ ကာလများတွင် ငွေစက္ကူ၏ မျက်နှာစာ၌ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ သခင်ဖိုးလှကြီးပုံ၊ ဆရာစံပုံနှင့် နောက်ကျောဘက်တွင် ပဥ္စရူပရုပ်၊ နတ်သားရုပ်၊ ရေနံမြေလုပ်သားရုပ်၊ လောကနတ်ရုပ် စသည့်ပုံများ အသုံးပြုထုတ်ဝေခဲ့ကြောင်း KNC ပါတီ၏ တိုက်တွန်းချက်တွင် ပါရှိသည်။

ကာလအလိုက် ရိုက်နှိပ်ထုတ်ဝေခဲ့သော ငွေစက္ကူများအား သုံးသပ်ကြည့်ပါက ၁၉၄၄ ခုနှစ်မှစ၍ ယနေ့ခေတ်အထိ ငွေစက္ကူများ၏ အရှေ့ဘက်တွင်လည်းကောင်း၊ အနောက်ဘက်တွင်လည်းကောင်း ပြည်ထောင်စုဝင် ပြည်နယ် ခုနစ်ခုနှင့်ပတ်သက်သည်မှာ ၁၉၆၅ ခုနှစ်၌ ထုတ်ဝေသော တစ်ကျပ်တန်၏ နောက်ကျောဘက်တွင် အင်းလေးကန်ပုံ၊ ၁၉၉၀ ပြည့်နှစ်၌ ထုတ်ဝေသော ၂၀၀ ကျပ်တန် ငွေစက္ကူ၏ နောက်ကျောဘက်တွင် သစ်ဆွဲဆင်ပုံ၊ ၂၀၀၉ ခုနှစ်၌ ထုတ်ဝေသော ကျပ် ၅၀၀၀ တန်ငွေစက္ကူ၏ နောက်ကျောဘက်တွင် ပြည်ထောင်စုလွှတ်တော်ပုံ သုံးမျိုးသာ ရှားရှားပါးပါးတွေ့ရပြီး ပြည်နယ်လူမျိုးစုစစ်စစ်နှင့် တိုက်ရိုက်ပတ်သက်ခြင်းကို ၁၉၆၅ ခုနှစ်တွင် ထုတ်ဝေသော တစ်ကျပ်တန်၌သာ တွေ့ရှိရသည်မှာ မငြင်းနိုင်ကြောင်း KNC ပါတီ၏ တိုက်တွန်းချက်တွင် ဖော်ပြခဲ့သည်။


READ NEXT
Cancel OK