Top News

COVID ကာလ Stay at Home အစီအစဉ်ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်ဒေသရှိ သိန်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိနေ 
24htopnews | July 29, 2024 3:13 PM CST

COVID ကာလ Stay at Home အစီအစဉ်ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်ဒေသရှိ သိန်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိနေကြောင်း သတင်းရရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် နှစ်ပတ်တာ ကြေညာခဲ့သည်။

ထိုသို့ကြေညာရာတွင် မဲစာရင်းတွင် အမည်စာရင်း မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်နှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေလျှင် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မဲစာရင်းကြေညာချက်အရ ဖားကန့်မြို့နယ်တွင် မဲဆန္ဒရှင် ၁၆၃၀၀၀ ကျော်ရှိကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။

“ ဖားကန့်မြို့နယ်မှာ အခုထိ မဲစာရင်းမှာ ကြေငြာထားတဲ့စာရင်းဟာ မဲပေးမယ့်သူ ၁၆၃၀၀၀ ကျော်ရှိပါတယ်။ ပုံစံ (၃-က) နဲ့ လျှောက်ထားမယ့် အရေအတွက်ကတော့ များနိုင်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေက လျှောက်ထားမှသာ သိရမှာ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာတော့ (၃-က) နဲ့ လျှောက်ထားတဲ့ အရေအတွက်ကတော့ အများဆုံးကတော့ ရေမဆေးကျောက်ရှာသူတွေ အများဆုံးပဲ။ နောက်ပြီးတော့ သူတို့နဲ့ ဆက်စပ်နေတဲ့ စျေးရောင်းတဲ့သူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ တာဝန်လာထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာက နိုင်ငံတော်ဝန်ထမ်းတွေ၊ နောက်ပြီးတော့ စစ်တပ်၊ ရဲ၊ တိုက်ခိုက်ရေး အထူးရဲတပ်ရင်းတွေကနေ ပြီးတော့ ရွေးကောက်ပွဲမှာ မဲပေးမယ်ဆိုရင် ပုံစံ (၃-က) နဲ့ လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကို နှစ်ကြိမ်ကြေညာပြသမည်ဖြစ်ပြီး ဒုတိယအကြိမ်ကြေညာမှုကို အောက်တိုဘာလတွင် နှစ်ပတ်ကြာပြုလုပ်မည်ဖြစ်ကြောင်း ကော်မရှင်က ကြေညာထားသည်။

ပထမအကြိမ်မဲစာရင်းတွင် မပါဝင်သူများ ဒုတိယအကြိမ်မဲစာရင်းတွင် ပါဝင်နိုင်ရန်လိုအပ်သည့် ပုံစံများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူပြီး ဖြည့်စွက်ပြင်ဆင်ခြင်းများ လုပ်ဆောင်ရန်  ကော်မရှင်က တိုက်တွန်းထားသည်။

သို့သော် ဒုတိယအကြိမ် မဲစာရင်းကြေညာမည့်အချိန်တွင် Stay at Home အစီအစဉ်ကြောင့် ပုံစံ (၃) လာရောက်လျှောက်ထားသူများအနေဖြင့် အခက်အခဲနိုင်သည့်အပြင် ပုံစံ (၃-က) ဖြည့်သွင်းရာတွင်လည်း မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) မူလနေရပ်မှ သန်းခေါင်စာရင်း တင်ပြရမည်ဖြစ်သောကြောင့် ခက်ခက်ခဲခဲလျှောက်ထားရမည့် အခြေအနေမျိုးဖြစ်နေကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်က ဆက်လက်ပြောကြားသည်။

“ အခုကတော့ ကျွန်တော်တို့ ဖားကန့်မြို့ကို Stay at Home ဆိုပြီးတော့မှ COVID-19 နဲ့ပတ်သက်ပြီး ရောဂါဖြစ်တဲ့ လူတွေများနေလို့ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။ ပြည်သူတွေက အပြင်ကိုထွက်ခွင့်ရဖို့ တစ်ရက်မှာ တစ်အိမ်တစ်ယောက်ကိုသာ ခွင့်ပြုထားတယ်။ ပြည်သူတွေက ဒီကာလကြီးမှာ ကျန်းမာရေးအတွက် ပူပင်ရတယ်။ ငွေရေးကြေးရေးအတွက် ပူပင်ရတယ်။ အဲဒီအခါကျတော့ သူတို့မှာ (၃-က) လျှောက်ဖို့အတွက်ကို စိတ်ဝင်စားဖို့တော့ လျှော့ကျနေမှာဖြစ်ပါတယ်။ နောက်တစ်ခုက (၃-က) လျှောက်မယ်ဆိုရင်လည်း သူတို့ဟာ (၃-က) ပုံစံကို ဖြည့်ရမယ်။ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) မူလရှိတဲ့နေရပ်က သန်းခေါင်စာရင်းမိတ္တူ တင်ပြရမယ်။ နောက်ပြီးတော့ မူလနေခဲ့တဲ့ ဇာတိအရပ်ဒေသက မဲစာရင်းနံပါတ်ကိုလည်း တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အင်မတန်မှကို ခက်ခက်ခဲခဲလျှောက်ထားရမယ့် အခြေအနေ ဖြစ်နေတယ်။ အဲဒီတော့ ဒီကာလမှာတော့ (၃-က) နဲ့ လျှောက်ထားမယ့် လူဟာ ၂၀၁၅ တုန်းကရှိခဲ့တဲ့ အရေအတွက် ငါးသောင်းပတ်ချာလည်လောက်တော့ မရှိနိုင်ဘူးလို့ ယူဆပါတယ်။ ဖားကန့်ဟာ နယ်မြေကျယ်ပြန့်တယ်။ အခုချိန်ဟာ ကပ်ရောဂါကာလဖြစ်နေတဲ့အခါကျတော့ ဂိတ်တွေလည်း ပိတ်ထားတာ ဖြစ်တယ်။ တကယ်လို့ ဒီိမှာရှိတဲ့ ပြည်သူတစ်ယောက်ဟာ (၃-က) လုပ်ဖို့ဆိုခဲ့ရင် လက်မှတ်ထိုးရမှာကတော့ အုပ်ချုပ်ရေးရုံးတွေက ထိုးရမှာဖြစ်တယ်။ ၂၀၁၅ တုန်းက ကျွန်တော်တို့ (၃-က) ပေးထားတဲ့ သက်တမ်းကုန်ခါနီးမှာ သောင်းနဲ့ချီပြီးတော့ တက်လာခဲ့တယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့မှာ မဲစာရင်းကို ကွန်ပျူတာထဲကို ရိုက်သွင်းတဲ့အခါ အခက်ခဲတွေ ဖြစ်ခဲ့ပါတယ်” ဟု ဒေါက်တာသိန်းဟန်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရုံးအဖွဲ့မှူး ဦးခင်မောင်ချင်းက “ကျွန်တော်တို့ ကြုံနေရတဲ့ လက်ရှိ (၃-က) ဒီမှာလည်း ရွှေ့ပြောင်းလုပ်သားတွေများတော့ (၃-က) ဟာ တော်တော်လေးကို အရေးပါနေသလို အခက်အခဲလည်း ရှိပါတယ်။ အုပ်စုတွေဖြစ်တဲ့ ဆိပ်မူတို့၊ လုံးခင်တို့ လူနေသိပ်သည်းတဲ့ နေရာတွေဆို (၃-က) နဲ့ လျှောက်တဲ့သူဟာ ထောင်ချီပြီးတော့ ရှိတယ်။ ဆိပ်မူမှာဆိုလည်း အခုလက်ရှိ စာရင်းအရကို ကျွန်တော်တို့ပြုစု ထားတာ ထောင်ဂဏန်းရှိတယ်။ လွတ်နေတာတွေလည်း အများကြီး။ လုံးခင်းအုပ်စုမှာလည်း ဒီတိုင်းပဲ ၁၅၀၀ ၊ ၂၀၀၀ လောက် ပြုစုထားပြီးပြီ။ ဘာအခက်အခဲတွေ့လဲဆိုတော့ (၃-က) လျှောက်တဲ့ ပြည်သူတစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးဆီကို ကိုယ်တိုင်လာရမယ်ဆိုတဲ့ ညွှန်ကြားချက်က အခက်အခဲဖြစ်နေတယ်။ တချို့တွေကျတော့လည်း နယ်မြေကျယ်ပြန့်တော့ အုပ်ချုပ်ရေးမှူးတွေဆီလာဖို့ အခက်အခဲရှိနေတယ်။ ပြီးတော့ ရုံးတွေကိုလာဖို့ ကြောက်တဲ့ရောဂါပေါ့” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

ယင်းကိစ္စကို ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အနေဖြင့် မြေပြင်ဆင်း၍ ကူညီဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေချိန်တွင် အစိုးရက ဖားကန့်မြို့နယ်ကို Stay at Home ကြေညာလိုက်သည့်အတွက် လုပ်ဆောင်ပေး၍ မရတော့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဦးဘရန်ရှောင်က ပြောကြားသည်။

“ ကျွန်တော်တို့ပုံစံ (၃-က) ဖြည့်ဖို့ အစီအစဉ်ကတော့ သူ့ရဲ့ကာလ အချိန်ရောက်တဲ့အခါမှာ အားလုံးဘယ်နေရာတွေမှာ ရွှေ့ပြောင်းအလုပ်သမားများသလဲ။ တချို့နေရာတွေမှာကျ နဂိုကတည်းက နေနေတဲ့သူတွေရှိတယ်။ သို့သော်လည်းပဲ မဲစာရင်းမှာ မပါတဲ့အတွက် သူတို့ဘယ်မှာနေကြသလဲ။ စုံစမ်းထားတဲ့အတွက် ကျွန်တော်တို့ပါတီက လူငယ်အင်အားနဲ့ မိတ္တူစက်နဲ့ သွားပြီးတော့မှ အားလုံးဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ သို့သော်လည်း COVID-19 ရောဂါကြောင့် နိုင်ငံတော်အနေနဲ့ Stay at Home လုပ်လိုက်တော့ သွားလာလို့မရတော့ အဆက်အသွယ်ပြတ်ကုန်တယ်။ ဘာမှလုပ်ပေးလို့ မရတော့ဘူး။ သူတို့ (ပြည်သူ) ကိုယ်တိုင်ကလည်း အပြင်ထွက်ခွင့်မရ။ ကျွန်တော်တို့က သွားမယ်ဆိုလည်း မလွယ်ကူတဲ့အခြေအနေရှိတော့ ဒီရောဂါကြောင့် နိုင်ငံသားအများအပြား မဲပေးနိုင်မဲ့အခွင့်အရေးကနေ ဆုံးရှုံးမှာဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတစ်ယောက်ဟာ မဲပေးကို ပေးရပါမယ်။ ဒါသူ့ရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တယ်။ နိုင်ငံသားတွေအနေနဲ့လည်း ကိုယ်ဆန္ဒရှိတဲ့ပါတီကို မဲပေးနိုင်ခွင့်ဆုံးရှုံးတော့မှာလို့ ကျွန်တော်မြင်တယ်။ မဲပေးနိုင်တဲ့ ပြည်သူတွေတင် ဆုံးရှုံးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပါတီများအတွက်လည်း ဆုံးရှုံးတာဖြစ်တယ်” ဟု ဦးဘရန်ရှောင်က ဆိုသည်။

ဖားကန့်မြို့နယ်တွင် မြို့ပေါ် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၁ အုပ်စုရှိပြီး ကျောက်စိမ်းတူးဖော်ခွင့်သက်တမ်းရှိ ကုမ္ပဏီ ၇၇ ခုရှိကာ မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်၍ ရေမဆေးကျောက်ရှာသူ သိန်းဂဏန်းအထိရှိသည့်အပြင် ကုမ္ပဏီဝန်ထမ်းအများအပြား ရှိနေသည်။


READ NEXT
Cancel OK