Top News

ဧရာဝတီတိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်တိုင်းရင်းသားပါတီ နှစ်ပါတီမှ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးမှာ COVID-19 စည်းကမ်းများကြောင့် ယနေ့အချိန်ထိ မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရသေးဘဲ အခက်အခဲများ ကြုံနေ
24htopnews | July 29, 2024 3:13 PM CST

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်အမျိုးသားပါတီ (KNP) နှင့် ကရင်ပြည်သူ့ပါတီ (KPP)  မှကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးမှာ COVID-19 ဆိုင်ရာ စည်းကမ်းထုတ်ပြန်ချက်များကြောင့် ယနေ့အချိန်ထိ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စတင်နိုင်ကြခြင်း မရှိသေးဘဲ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ကရင်တိုင်းရင်းသား ပါတီများ ဖြစ်ကြသည့် ကရင်အမျိုးသားပါတီမှ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်း ဖြစ်သည့် မန်းမြင့်စိုး (ခ) မန်းမင်းရဲထွေးသည် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိနေစဉ် Stay at Home ထုတ်ပြန်ချက်များကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းသို့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စများ ပြုလုပ်ရန်အတွက် ပြန်လည်လာရောက်နိုင်ခြင်း မရှိသေးဘဲ မဲဆွယ်စည်းရုံးမှုများကို ကိုယ်စားလှယ်လောင်းကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ ထို့အတူ ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်ခင်အေးဦးမှာလည်း ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး Stay at Home ထုတ်ပြန်ချက်များကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းသို့ ပြန်လည်လာရောက်ကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

“ကော်မရှင်က ပြောတယ်လေ ဆရာမတို့ ရက်ပေါင်း ၆၀ ရမယ်။ အဲ့ကျရင်တော့ လွတ်လွတ်လပ်လပ် စည်းရုံးလို့ရပြီဆိုတော့ ကျွန်မအဲ့ရက်ကို မျှော်နေတာပေါ့၊ ဒါပေမဲ့ အခုအခြေနေကြီးက တော်တော်ဆိုးလာတဲ့ အခါကျတော့ ရန်ကုန်မှာ ပိတ်မိသွားတာပေါ့။ ကျွန်မတို့ ခွင့်ရတဲ့ဟာက စက်တင်ဘာလ ၈ ရက်နေ့ကနေ စရတယ်။ ၉ ရက် ၁၀ ရက် နေ့လောက်ထဲက စပိတ်နေပြီဆိုတော့ ဘယ်မှသွားလို့ မရတော့ဘူး။ အဲဒီတော့ ဘာကိုပဲ အားကိုးရလဲဆိုတော့ လက်ကမ်းစာစောင်တွေ ဗီနိုင်းတွေပေါ့နော် အဲဒါတွေပေါ့နော်၊ အခက်အခဲဆုံးကတော့ အဲဒါ ကျွန်မတို့ သွားချင်တယ်။ ဒီရက်ပေါင်း ၆၀ မှာတစ်တိုင်းလုံး အေးဆေး ကျွန်မသွားနိုင်တယ်။ ကျွန်မစီစဉ် ထားပြီးသား။ အခုလဲကျရော ကျွန်မဘယ်လိုမှ လှုပ်လို့မရဘူး။ အခုလကုန် မျှော်နေကြသေးတယ်။ အထူးသဖြင့် ဒါကျွန်မတို့ တိုင်းရင်းသားပါတီ အားလုံးပဲ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး မေးနေကြရတယ်။ အဲ့လို၊ လကုန်ကျရင်တော့ ဘယ်လိုဖြစ်မလဲ ဆိုပြီးတော့ ဒီဘက်မှာလည်း ကိုဗစ် အခြေအနေကလည်း ဆိုးနေတယ်၊ ကော်မရှင်ကတော့ ခွင့်ပေးတယ်။ ကျွန်မကိုအခု ဆင်းလာခဲ့ ဒီကနေ ခွင့်ပေးတယ်ဆိုရင် ကျွန်မတို့ ကျန်းမာရေး ထောက်ခံစာတွေယူပြီး ဆင်းရမယ် ဆိုတာပေါ့။ ကျွန်မ အောက်တိုဘာကိုတော့ စောင့်ကြည့်နေပါတယ်။ အဲလိုလုပ်လို့ရရင် ကျွန်မဆင်းပါမယ်။ ကျွန်မ ထောက်ခံစာယူပြီး ကျွန်မဆင်းရမှာပဲ။ အဲအချိန်မှ မဆင်းလို့မရဘူး။ လူထုက အခု ဘာပဲပြောပြော ကိုယ့်မျက်နှာ မြင်ချင်တယ် ဆရာမ မျက်နှာလေးတော့ လာပြပါလို့ ပြောတာပေါ့၊ လက်ကမ်းစာစောင်တွေ ရောက်ပေမဲ့ ဘယ်သူလဲပေါ့။ ဖြူလား မဲလား လက်ကမ်းစာစောင်ထဲကရုပ်နဲ့ အပြင်နဲ့က တူချင်မှလည်း တူမှာပေါ့လေ၊ အဲ့လိုဆိုတော့ အဲ့ဒါတွေလည်း သူတို့သိချင်တာပေါ့နော်။ အဲ့ဒါတွေကတော့ တကယ့်ကို အခက်အခဲပါပဲ။ ကျွန်မတို့ ပါတီငယ်လေးတွေရဲ့ အခက်အခဲပဲ။ ပါတီကြီးတွေကတော့ အခုသိတဲ့ အတိုင်းပဲ တဂျိမ်းဂျိမ်း လှည့်နေတာပဲ။ ကိုဗစ်ကို သူတို့ကြောက်လား မကြောက်လားတော့ မသိဘူး။ ကားတွေထဲမှာ ပြွတ်သိပ်ပြီး လှည့်နေကြတာပဲ။ ကျွန်မတို့ ပါတီငယ်တွေ ဘာတစ်ခုမှ မလုပ်ရဲဘူး။ ကျွန်မတို့ လူကြီးတွေ ကိုယ်တိုင်ကလည်း သူတို့က ဥပဒေကို ချိုးဖောက်တာမျိုး မဖြစ်ချင်ဘူးလေ၊ အဲဒါကြောင့်မို့ စပြီးသွားထဲကတောင် ဥပဒေအရ သေချာလိုက်နာဖို့တောင် အမြဲသတိပေးတယ်။ သူတို့ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ နေခဲ့ရတဲ့သူတွေ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ခဲ့ဖူးတော့ အဲ့ဒါက သူတို့အရမ်းကြောက်ကြတယ်။ အရမ်းကြောက်တယ်ဆိုတာ ဥပဒေကို သူတို့မချိုးဖောက်ချင်ဘူးလေ။ အဲဒါ သူတို့ရဲ့ တကယ့်စိတ်ဓာတ်ပါပဲ။ ကျွန်မတို့ကလည်း လိုက်နာရတာပေါ့နော် အဲ့တော့ အခုဆိုရင် ဘယ်မှကို သွားလို့မရဘူး။ အိမ်မှာနေပြီးတော့ပဲ ဖုန်းတစ်လုံး ကိုင်ပြီးတော့ လျှောက်ပြီးတော့ အစီအမံတွေပြော ကုန်ကားတွေနဲ့ ပစ္စည်းတွေပို့ အဲ့ဒါပဲ လုပ်နေရတယ်။ အဲ့ဒါကတော့ ကြီးမားသော စိန်ခေါ်မှုပါပဲ” ဟု ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်ခင်အေးဦးက ပြောကြားသည်။

ကရင်အမျိုးသားပါတီမှ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မန်းမြင့်စိုး (ခ) မန်းမင်းရဲထွေးကလည်း “အခက်အခဲကတော့ အားလုံးသိတဲ့ အတိုင်းပဲ ကိုဗစ်ကာလမှာ ကျွန်တော်တို့ ရွေးကောက်ပွဲမှာ ဝင်ရောက်ပြီးတော့ အိမ်တိုင်ယာရောက် Door To Door ပေါ့လေ။ သွားရောက် စည်းရုံးလို့မရဘူး။ အခုကျွန်တော်တို့ ဧရာဝတီတိုင်း သွားဖို့မပြောနဲ့ ရန်ကုန်ထဲမှာတောင် တစ်မြို့နယ်နဲ့ တစ်မြို့နယ် ကူးသန်းသွားလာလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေတယ်၊ သို့ပေမဲ့လည်း ကျွန်တော်တို့ အင်အားတော့ မလျော့သွားပါဘူး။ အင်အားကြီး နိုင်ငံရေးပါတီကြီးတွေ ကလည်းပဲ လက်ရှိ အင်အားကြီး နိုင်ငံရေး ပါတီဖြစ်တဲ့ NLD ပါတီက သူတို့က အစိုးရဖြစ်တဲ့အတွက် သူတို့မှာ ဘာပဲပြောပြော TV မီဒီယာကို သူတို့အသုံးချပြီးတော့ သူတို့ခေါင်းဆောင်တွေက TV မီဒီယာကနေ သူတို့ကို မြင်နိုင်တွေ့နိုင်တယ်။ သွယ်ဝိုက်ပြီးတော့ စည်းရုံးလှုပ်ရှား နိုင်တယ်ပေါ့လေ။ နောက်ပြည်ခိုင်ဖြိုးပါတီ ဆိုတာကလည်း အင်အားကြီးပါတီ ဖြစ်တယ် ငွေရေးကြေးရေးအရရော အဆောက်အအုံအရရော ပြည့်စုံတဲ့ ပါတီကြီးတစ်ခု ဖြစ်ပါတယ်၊ သူတို့လည်းပဲ သူတို့ရဲ့ အင်နဲ့အားနဲ့ ထိုက်သင့်အားလျော်စွာ လှုပ်ရှားနိုင်တယ်။ ဒါကျွန်တော်တို့ နိုင်ငံရေး ပါတီငယ်လေးတွေကတော့ ကျွန်တော်တို့မှာ ပါတီဝင်အင်အားလည်း နည်းသေးတယ်။ နောက်တစ်ခါ ရန်ပုံ ငွေအားနည်းတယ်။ ရန်ပုံငွေကြောင့် နယ် တွေဘာတွေ မဆင်းနိုင်ဘူး။ ဧရာဝတီမှာဆို ကျွန်တော်တို့ နယ်ဆင်းနိုင်တာ ခြောက်မြို့ နယ်လောက်ပဲ ရှိပါတယ်၊ ဒါတောင်မှ မြို့နယ်လုံးကျွတ် ကျွန်တော်တို့ မဆင်းနိုင်သေးဘူး။ နိုင်ငံရေး ပါတီကြီးတွေကတော့ သူတို့ဟာနဲ့ သူတို့အခက်အခဲလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့လောက် အခက်အခဲရှိနိုင်မှာ မဟုတ်ဘူး။ သူတို့ကတော့ ဘာဖြစ်ဖြစ် ဒီပွဲမှာ ရေကန်အသင့် ကြာအသင့် သူတို့ရဲ့ အားသာချက်တွေပေါ့၊ ကျွန်တော်တို့ကတော့ အားနည်းချက်တွေ ဖြစ်နေတယ်။ သို့ပေမဲ့ ကျွန်တော်တို့ စိတ်အားမလျှော့ပါဘူး။ Online နဲ့ ရှိနေတဲ့ နည်းပညာနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တော့ ဆောင်ရွက်နေပါတယ်၊ ကျွန်တော် ပြောကြားချင်တာကတော့ ရွေးကောက်ပွဲ ကျင်းပတာမှာ ကိုဗစ်ကာလမှာ အားမလိုအားမရ ဖြစ်ကြတယ်။ အားလုံးဟာ မျှော်လင့်ထားကြတာချည်းပဲ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ၊ ဒီနေ့မနိုင်ရင်လည်းပဲ ကိုယ့်မဲဆန္ဒရှင်တွေကို စည်းရုံးပြီးသားလည်း ဖြစ်တယ်။ ကိုယ့်ကို သိပြီးသားလည်းဖြစ်တယ်။ နိုင်သွားရင်လည်းပဲ ကိုယ့်ကို တာဝန်ပေးတယ်လို့ ကျွန်တော်တို့ ယူဆတယ်ပေါ့၊ အခုချိန်မှာ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေသည် အိမ်မှာပဲနေပြီးတော့ နေရတဲ့ကာလ ဖြစ်နေတယ်။ အကယ်၍များ ကျွန်တော် တောင်းဆိုချင်တာက ဒီရွေးကောက်ပွဲရက် ကလေးကို နောက်ဆုတ် ပေးလိုက်ပြီးတော့ ဘာမှ အခြားပြဿနာ မရှိခဲ့ဘူးဆိုရင် နောက်ဆုတ် ပေးလိုက်မယ်ဆိုရင် နိုင်ငံရေးပါတီ အားလုံးအတွက် အဆင်များ ပြေလေမလား ပိုပြီးတော့ ကောင်းသွားမလား ဆိုတာကိုတော့ အထက်မှာရှိနေတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ အားလုံးကို ကြားစေချင်တယ်၊ သိစေချင်တယ်။ အဲ့လိုလုပ်ပေးလိုက်လို့ရှိရင် တိုင်းရင်းသားပါတီတွေ အားလုံးအတွက်လည်း ပိုပြီးတော့ အဆင်ပြေစေမယ်လို့လည်း မျှော်လင့်ပါတယ်။ အခုဆိုရင် လက်ကမ်းစာစောင်တွေ ဗီနိုင်းတွေတောင် ပို့လိုမရတော့တဲ့ အနေအထားရှိတဲ့ အတွက်ကြောင့် နယ်ကနေ ကျွန်တော်တို့ကို လှမ်းတောင်းတယ်။ ကျွန်တော်တို့ မပေးနိုင်ဘူး၊ ကျွန်တော်တို့မှာ ချို့ယွင်းချက် အားနည်းချက်တွေ တဖြည်းဖြည်း ဖြစ်လာတယ်။ ဟိုးအရင်ရက် ပိုင်းတုန်းကတော့ ပို့လို့ရတယ်။ အခုပို့လို့ မရတော့ဘူး အဲ့လိုဖြစ်နေတယ်၊ ဒီတော့ ကျွန်တော်တို့ အားလုံးရဲ့ တိုင်းပြည်ရဲ့အရေး ဖြစ်တဲ့အတွက် ဒီအရေးကို ထည့်စဉ်းစားပေးပါလို့ ကျွန်တော်ဒီနေရာကနေ မေတ္တာရပ်ခံ တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်လောင်းများအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဂါ့မိုးမြတ်မြတ်သူ (လက်ရှိ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစောလင်းခယ်၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ စောအယ်လေးမူး၊ ကရင်ပြည်သူ့ပါတီမှ နန့်ခင်အေးဦး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ဦးမန်းမြင့်ကြည်၊ ကရင်အမျိုးသားပါတီမှ မန်းမြင့်စိုး(ခ) မန်းမင်းရဲထွေးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK