တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံအတွက် အရေးပါပြီး ယုံကြည်အားထားရသည့် မိတ်ဖက်နိုင်ငံဖြစ်၍ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို အထောက်အကူ ပြုလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နိုဝင်ဘာ ၂၇ ရက်က နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပပြုလုပ်သည့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ သမ္မတ ဦးဝင်းမြင့်က ဗီဒီယို မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ ပြည့်နှစ်ကို အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်ထားသည့်အတွက် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဆောင်ပုဒ်ဖြစ်သည့် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေဖို့ ရပ်ဝန်းနှင့် ပိုးလမ်းမ ထူထောင်ရန်သည် အရှိန်အဟုန်ဖြစ်ပြီး အလွန်လျော်ကန်သင့်မြတ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ကမ္ဘာ့ကပ်ရောဂါကို မိမိတို့အားလုံး ရင်ဆိုင်နေရသည့်အချိန်တွင် ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စတော့ရှယ်ယာစျေးကွက်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ပိုမိုမှီခိုအားထားနေရသည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့သည် ဒစ်ဂျစ်တယ် နည်းလမ်းအပါအဝင် နည်းမျိုးစုံနှင့် ပေါင်းစပ်ဆက်သွယ်ထားကြောင်း၊ သို့သော် မိမိတို့အကြား ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မတူညီကြသည့်အတွက် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးကွာဟချက် ကျဉ်းမြောင်းလာခြင်းသည် ပြည်သူများအကြား အင်တာနက်သုံးစွဲနိုင်မှုကို ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်သည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
“ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အာဆီယံရဲ့ အရေးပါပြီး ယုံကြည်အားထားရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးက ကဏ္ဍပေါင်းစုံမှာ ပုံမှန်တိုးတက်လျက်ရှိပြီး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးကို အထောက်အကူပြုလျက် ရှိပါတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ အဆင့်မြှင့်တင်ရေးနှင့် ၂၀၂၁ ခုနှစ်ကို အာဆီယံ-တရုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်အဖြစ် သတ်မှတ်ရေး ကိစ္စရပ်များအပါအဝင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် တရုတ်နိုင်ငံက အဆိုပြုထားသည့် အစီအစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
မိမိအနေဖြင့် အာဆီယံ-တရုတ်နိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက်နေသည်ကို တွေ့မြင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံ၏ ကုန်သွယ်မှုအများဆုံး မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပြီး အာဆီယံတွင် တတိယအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်း ဖြစ်ကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၇ ဒသမ ၉ ဘီလီယံရှိပြီး၊ အာဆီယံစုစုပေါင်း ကုန်သွယ်မှု၏ ၁၈ ရာခိုင်နှုန်းရှိကာ တရုတ်နိုင်ငံမှ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံရှိပြီး အာဆီယံစုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ကို ကျေနပ်အားရဖွယ် တွေ့မြင့်ရကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
ယခုနှစ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်နှစ်ဖြစ်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတရှိကျင့်ဖင် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေခဲ့သလို နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်စေခဲ့ကြောင်း၊ သမ္မတရှိကျင့်ဖင် ချစ်ကြည်ရေးခရီးစဉ်တွင် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း” ထူထောင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတို့အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ