ရွေးကောက်ပွဲ မဲမသမာမှုများရှိခြင်းကြောင့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) ၏ ရလဒ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်သွားဖွယ်ရှိကြောင်း ယင်းမဲဆန္ဒနယ်၏ ဒုတိယမဲအများဆုံးရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က The Daily Eleven သတင်းစာကို ပြောကြားသည်။
“ ကျွန်တော် အဲဒါစဉ်းစားနေပါတယ်။ ကန့်ကွက်လွှာကတော့ ၄၅ ရက်အတွင်း တင်သွင်းရတာကိုး။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အပိုင်းတော့ ရှိပါတယ်။ တင်သွင်းဖြစ်ဖို့တော့ များတယ်ပေါ့နော်။ ဒါပေမဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ ဒီတစ်ပတ် နှစ်ပတ်ပြီးတော့မှ အတိအကျ ပိုပြီးပြောနိုင်မယ်။ ကျွန်တော်တို့ အဲဒီနည်းလမ်းကိုစဉ်းစားနေတာရှိပါတယ်” ဟု ဦးမော်ထွန်းအောင်က ပြောကြားသည်။
မဲဆန္ဒနယ်တွင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ်ကိုဖြစ်စေ၊ မဲဆန္ဒနယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်းအကြောင်းပြ၍ ကန့်ကွက်လိုလျှင်ဖြစ်စေ ရွေးကောက်ပွဲရလဒ် ကြေညာပြီး ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမှုစရိတ် ကျပ် ငါးသိန်းတင်သွင်း၍ ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်။
လက်ရှိတွင် ကော်မရှင်ထံရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်း ရှိ မရှိ ယတိပြတ် ဆုံးဖြတ်ရခြင်း မရှိသေးသော်လည်း ကန့်ကွက်ရာတွင် ဖော်ပြရမည့် မဲမသာမှုဆိုင်ရာအထောက်အထား၊ အချက်အလက် စုဆောင်းမှုများကို အသင့်ဆောင်ရွက်ထားပြီးဖြစ်သည်ဟု ဦးမော်ထွန်းအောင်က ပြောကြားသည်။
“ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ကျင့်မှုတွေ၊ မတရားမှုတွေက ကျွန်တော် ကိုယ်တိုင်မြင်ခဲ့တယ်။ ကိုယ်တိုင်လည်းသက်သေ စုဆောင်းထားတာဆိုတော့ အထူးသဖြင့် မဲပေးခဲ့တဲ့ ပြည်သူတွေကိုတော့ ပြောပြဖို့တော့ တာဝန်ရှိတာပေါ့နော်။ ကန့်ကွက်လွှာ တင်သွင်းမယ်၊ မသွင်းဘူးဆိုတာ ခုနပြောသလို အခြေအနေအများကြီးအပေါ်မှာ မူတည်မှာပေါ့။ ဒါပေမဲ့ အဲဒီလမ်းကြောင်းမှာ ရှိတယ်ပေါ့” ဟု ၎င်းက ပြောကြားသည်။
ရှမ်းပြည်နယ် မူဆယ်ခရိုင်ရှိ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်များ ပါဝင်သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) တွင် နိုင်ငံရေးပါတီခုနစ် ခုယှဉ်ပြိုင်ခဲ့ပြီး တအာင်း (ပလောင်) အမျိုးသားပါတီက မဲရလဒ်သုံးထောင်ဝန်းကျင် ကွာဟချက်ဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးမော်ထွန်းအောင်ကို အနိုင်ရခဲ့သည်။
သို့သော် ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်း မြို့နယ်များရှိ မဲရုံအချို့တွင် ပုံစံတူမဲမသာမှုများ ဖြစ်ပွားခဲ့ပြီး ထို့ကြောင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုသည့်အနေဖြင့် မြို့နယ်သုံးခုလုံးတွင် ရွေးကောက်ပွဲရလဒ် ပုံစံ (၁၉) ကို ပါဝင် လက်မှတ်ထိုးခြင်းမရှိခဲ့ဟု ဦးမော်ထွန်းအောင်က ပြောကြားသည်။
ရွေးကောက်ပွဲမဲမသာမှုများသည် ရွေးကောက်ပွဲတရားမျှတမှုနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ထိခိုက်သည်ဟု ယူဆ၍ ကန့်ကွက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ ကျွန်တော်ပြောလို့ရတာက မဲပေးပိုင်ခွင့်ရှိတာထက် ကျော်လွန်ပြီးပေးတဲ့ မဲရုံတွေကိုတွေ့ထားတယ်။ နည်းနည်း ယုတ္တိကင်းမဲ့တဲ့ ၁၀၀ ရာခိုင်နှုန်းထည့်ထားတယ်ဆိုတဲ့ မဲရုံတွေ၊ နောက်ပုံမှန်မဟုတ်တဲ့ မဲပေးမှုမျိုးကို တွေ့ရှိထားတဲ့ဟာတွေ ရှိတယ်။ လက်ရှိကတော့ အဲဒီလောက်ပဲပြောလို့ရသေးတယ်” ဟု ဦးမော်ထွန်းအောင်က ပြောကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) တွင် တအာင်း (ပလောင်) အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းသည် ဆန္ဒမဲ ၄၉၀၀၀ ကျော်ရရှိ အနိုင်ရကာ ဦးမော်ထွန်းအောင်သည် ၄၆၀၀၀ ကျော်ဖြင့် ဒုတိယမဲအများဆုံးရပြီး ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှာ တတိယနှင့် စတုတ္တ မဲအများဆုံးရခဲ့သည်။
မြို့နယ်အချို့တွင် ရွေးကောက်ပွဲမသာမှုများရှိခဲ့၍ ယင်းနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပြီးတွင် ရဲစခန်းသို့ တိုင်တန်းခဲ့သည့် အမှုပေါင်း ရှစ်မှုရှိခဲ့ကြောင်းလည်း ဦးမော်ထွန်းအောင်က ဆိုသည်။
-
■ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ပြည်သူအများအပြား လာရောက် လည်ပတ်
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ