Top News

၂၀၂၀ ရွေးကောက်ပွဲတွင် UNA အဖွဲ့ဝင် ပါတီအနည်းငယ်သာအနိုင်ရခဲ့၍ လူထုနှင့်တွေ့ဆုံမှုအပိုင်း အပါအဝင် နည်းနာလွဲမှားမှုများ ရှိ မရှိသုံးသပ်ရန် SNLD တိုက်တွန်း
24htopnews | July 22, 2024 7:12 PM CST

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် UNA အဖွဲ့အတွင်းရှိ ပါတီအနည်းငယ်သာ အနိုင်ရခဲ့၍ လူထုနှင့် တွေ့ဆုံမှုအပိုင်း အပါအဝင် နည်းနာအလွဲများရှိ၊ မရှိ ပြန်လည်သုံးသပ်ရန် လိုအပ်လာကြောင်းအဖွဲ့ဝင် ပါတီတစ်ခုဖြစ်သည့် SNLD ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကတိုက်တွန်း ပြောကြားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) တွင် အဖွဲ့ဝင် ၁၃ ပါတီရှိသည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ZCD) နှင့် ကယန်းအမျိုးသားပါတီ (KNP) တို့သာ ရွေး ကောက်ပွဲအနိုင်ရပြီး ကျန် ၁၀ ပါတီမှာ အနိုင်ရမဲဆန္ဒနယ်မရှိကြောင်း သိရသည်။

“UNA က နိုင်ငံရေးရည်မှန်းချက်ချင်းတူလို့ လာပေါင်းကြတာပေါ့နော်။ နိုင်ငံရေး ရည်မှန်းချက်ဆိုတာ ၁၉၄၇ ပင်လုံကတိ ကဝတ်ကို အခြေခံတာပေါ့။ ဒါကတော့ ရည် မှန်းချက်ပါ တောက်လျှောက်ပေါင်းလာတဲ့ အနေအထားမှာ ၁၉၉၀ ရွေးကောက်ပွဲကနေ စလာတာပေါ့။ အဲဒီတုန်းကရလဒ်ကကောင်း တာကိုး။ မွန်တွေရော၊ ရခိုင်တွေရော၊ ဇိုမီး တွေရော အဲဒီလိုမျိုးတောက်လျှောက်အစဉ် အလာကောင်းလာခဲ့ပေမဲ့လို့ အခု ၂၀၂၀ မှာကျတော့ ရွေးချယ်ခံရတဲ့ ရွေးကောက်တင် မြှောက်ခံရတဲ့ ပါတီက သုံးခုလောက်ပဲရှိ တော့တာ။ ရှမ်းရယ်၊ ဇိုမီးရယ်၊ ကယန်းရယ် အဲဒီလောက်ပဲရှိပါတယ်။ ဆိုတော့ ကျွန် တော်တို့နဲ့ လူထုနဲ့ တွေ့ဆုံတဲ့နေရာမှာရော ကျွန်တော်တို့ UNA ရဲ့ ရပ်တည်ချက်ကို ဖော်ပြတဲ့နေရာမှာ လူထုကြားထဲကိုတင်ပြ တဲ့အခါမှာ နည်းနာအလွဲတွေများ ရှိလား ဆိုပြီး ပြန်ပြီးသုံးသပ်ဖို့ လိုအပ်လာတာ ပေါ့နော်။ အဲဒီလိုမျိုး မသုံးသပ်နိုင်ဘူး။ ပြန် လည် ပြုပြင်ခြင်းမပြုနိုင်ဘူးဆိုရင်တော့ ၂၀၂၅ မှာဒီထက် အခက်အခဲတွေ ကြုံတွေ့ လာနိုင်တယ်ပေါ့” ဟု SNLD ပါတီအထွေ ထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြော ကြားသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် SNLD ပါတီက ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်ရှိ မဲဆန္ဒနယ် ၄၂ နေရာ၊ ZCD ပါတီက ချင်းပြည်နယ်တွင် မဲဆန္ဒနယ် နှစ် နေရာ၊KNP ပါတီက ကယားပြည်နယ်တွင် တစ်နေရာ အနိုင်ရခဲ့ကြသည်။

UNA အဖွဲ့ဝင်များ ဖြစ်ကြသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကချင်အမျိုး သားကွန်ဂရက်ပါတီ၊  ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေး စည်းညီညွတ်ရေးပါတီ၊ ကရင်အမျိုးသား ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေ စီပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုး သားဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများတိုး တက်ရေးပါတီနှင့် ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီတို့မှာ ရွေး ကောက်ပွဲ အနိုင်ရခဲ့ခြင်းမရှိပေ။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ကို အာမခံ သောစစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် ၁၉၄၇ ခုနှစ် ပင်လုံ စာချုပ်နှင့် ပင်လုံကတိကဝတ်များအပေါ် အခြေခံဆောင်ရွက်မည်ဟူသော သဘော ထားရှိသည့် တိုင်းရင်းသားပါတီများဖြင့် UNA ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ သည်။

UNA စတင်ဖွဲ့စည်းစဉ်က ချင်းဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ ပါဝင်ခဲ့သော် လည်း ပြီးခဲ့သည့် နှစ်အတွင်းဒေသအခြေစိုက် တိုင်းရင်းသားပါတီချင်းပေါင်းစည်းခဲ့  ပြီးနောက် ယင်းပါတီများသည် UNA သို့ တရားဝင် ပြန်လည်ဝင်ရောက်ခြင်းမရှိသေးပေ။

ထို့ကြောင့် လက်ရှိတွင် UNA သည် တိုင်းရင်းသားပါတီ ၁၂ ပါတီနှင့် ဗမာကိုယ် စားပြု  ညီညွတ်သောတိုင်းရင်းသားလူမျိုး များဒီမိုကရေစီပါတီတို့ဖြင့် စုဖွဲ့ရပ်တည် လျက်ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲကိုတိုင်းရင်းသား ပါတီ ၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၇ ပါတီသာအနိုင်ရကာ တိုင်းရင်းသားပြည် နယ်များရှိ မဲဆန္ဒနယ် အများစုတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသာ အနိုင်ရခဲ့သည်။

 


READ NEXT
Cancel OK