Top News

ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ဘတ်ဂျက် ကျပ် ၅၂၁ ဘီလျံကျော်စိစစ်လျှော့ချပြီး စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံသည့်အခွန်နှုန်းများ ပြန်လည်တိုးမြှင့်ရန် အကြံပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော် ရက်သတ္တပတ်
24htopnews | July 19, 2024 12:12 PM CST

ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက် ကျပ် ၅၂ ၁ ဘီလျံကျော်ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်လျှော့ချထားကြောင်း လွှတ်တော်သို့ ဖတ်ကြားတင်ပြထားသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏အစီရင်ခံစာအရ သိရသည်။ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ရငွေသုံးငွေများကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ တို့က ပူးပေါင်းစိစစ်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းအချို့၏ ရငွေအချို့ကို တိုးမြှင့်လျာထားခြင်း၊  ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းအချို့၏သုံးငွေစိစစ်မှုအနေဖြင့် သာမန်သုံးငွေများနှင့် ထောက်ပံ့ငွေ အသုံးစရိတ်များ စိစစ်လျှော့ချခဲ့ပြီး စုစုပေါင်းစိစစ်လျှော့ချငွေပေါင်း ကျပ် ၅၂၁ ဘီလျံကျော်ရှိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စည်းကြပ်မှုမှလွတ်ကင်းနေသော  ဝင်ငွေခွန်များကို အခွန်ကောက်ခံသည့်နှုန်းထားများအား ပြန်လည်တိုးမြှင့်စည်းကြပ်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အကြံပြုခဲ့သည်။ ကော်မတီက အကြံပြုခဲ့သည့် တိုးမြှင့်ကောက်ခံမည့် နှုန်းထားများအရ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိတွင် အခွန်သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ် သိန်းသုံးထောင်အထိတွင် အခွန် ငါးရာခိုင်နှုန်း၊ ကျပ် သိန်းသုံးထောင် အထက်မှ ကျပ်သိန်းတစ်သောင်းအထိတွင် အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်းအထိတွင် အခွန်ငါးရာခိုင်နှုန်း တိုးမြှင့်ပေးဆောင်ရမည်ဖြစ်ပြီး ကျပ်သိန်း သုံးသောင်းအထက်မှာ ယခင်ကအတိုင်း အခွန်ရာခိုင်နှုန်း ၃၀ ဖြင့် ဆက်လက်ပေးဆောင်ရမည်ဖြစ်သည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်တင်ပြတောင်းခံမှု ကျပ် ၃၄၆၅၂ ဘီလျံကျော်အနက် ကျပ် ၅၂၁ ဘီလျံကျော်ကို စိစစ်လျှော့ချထားသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်တင်ပြတောင်းခံမှု ကျပ် ၃၄၆၅၂ ဒသမ ၃၉၃ ဘီလျံအနက်မှ ကျပ် ၅၂၁ ဒသမ ၇၃၀ ဘီလျံကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက စိစစ်လျှော့ချထားကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

သြဂုတ် ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေ သုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) တို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

“ ရငွေ သုံးငွေ စိစစ်မှုအခြေအနေပဲ ဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနဲ့ စိစစ်ရေး ပူးပေါင်းအဖွဲ့ ၂၀ တို့ကနေ ပူးပေါင်းစိစစ်ထားခြင်းပဲ ဖြစ်ပါတယ်။ သာမန်ရငွေ စိစစ်မှုအနေအထားနဲ့ အဖွဲ့အစည်း နှစ်ခုကနေပြီးတော့မှ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးရဲ့ ရငွေမှာ ကျပ်သန်း ၂၀၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရဲ့ ရငွေမှာ ကျပ်သန်း ၄၀ ကျွန်တော်တို့ တိုးမြှင့်လျာထားခဲ့ပါတယ်။ သုံးငွေစိစစ်မှုအနေနဲ့ သာမန်သုံးငွေမှာ ကျပ်၂၀၇၈၆၀ ဒသမ ၇၈၈ သန်း စိစစ်လျှော့ချခဲ့ပါတယ်။ ထောက်ပံ့ငွေအသုံးစရိတ်မှာ ၅၃၉ ဒသမ ၇၈၄ သန်းနဲ့ ငွေလုံးငွေရင်း သုံးငွေမှာ ၄၉၃၃၂၉ ဒသမ ၄၃၅ သန်း ကျွန်တော်တို့ စိစစ်လျှော့ချခဲ့ပါတယ်။ စုစုပေါင်း စိစစ်လျှော့ချငွေ ပေါင်းဟာ ၅၂၁၇၃၀ ဒသမ ၀၀၇ သန်း ဖြစ်ပါတယ်” ဟု  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဇလွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက အစီရင်ခံစာကို လွှတ်တော်၌ ဖတ်ကြားတင်ပြရာတွင် ထည့်သွင်းပြောကြားသည်။

သာမန်ရငွေ စိစစ်တိုးမြှင့်မှု အခြေအနေတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ မူလတင်ပြချက် ကျပ် ၃၆၀ ဒသမ ၀၆၀ သန်းအား ကျပ်သန်း ၂၀ စိစစ်တိုးမြှင့်ခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၏ မူလတင်ပြချက် ကျပ် ၅၆၉၂၂ ဒသမ ၇၅၃ သန်းအား ကျပ်သန်း ၄၀ စိစစ်တိုးမြှင့်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

သုံးငွေစိစစ်မှုအပိုင်းတွင် မူလတင်ပြထားသည့် သာမန်သုံးငွေ ကျပ် ၂၁၂၈၃ ဒသမ ၆၅၁ ဘီလျံမှ ကျပ် ၂၇ ဒသမ ၈၆၀ ဘီလျံ၊ မူလတင်ပြထားသည့် ထောက်ပံ့ငွေ ကျပ် ၄၂၉၉ ဒသမ ၃၅၂ ဘီလျံမှ ကျပ် ၅၃၉ ဒသမ ၇၈၄ သန်း၊ မူလတင်ပြထားသည့် ငွေလုံငွေရင်း အသုံးစရိတ် ကျပ် ၇၈၈၉ ဒသမ ၄၄၅ ဘီလျံမှ ကျပ် ၄၉၃ ဒသမ ၃၂၉ ဘီလျံတို့အား ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက စိစစ်လျှော့ချထားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်ပြတောင်းခံထားသည့် မူလတင်ပြချက်သုံးငွေ ကျပ် ၃၄၆၅၂ ဒသမ ၂၉၂ ဘီလျံမှ ကျပ် ၅၂၁ ဒသမ ၇၃၀ ဘီလျံကို စိစစ်လျှော့ချခဲ့ခြင်းကြောင့် စိစစ်လျှော့ချပြီး ကျန်ငွေသည် ကျပ် ၃၄၁၃၀ ဒသမ ၆၆၂ ဘီလျံဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာသည့် ရသုံးမှန်းခြေ ငွေစာရင်းချုပ်၊ ပြည်ထောင်စုဘဏ္ဍာတွင် ရငွေကျပ် ၂၇၈၅၂ ဘီလျံ၊ သုံးငွေကျပ် ၃၄၆၅၂ ဘီလျံဖြစ်ပြီး လိုငွေကျပ်ဘီလျံ ၆၈၀၀ ဖြစ်ကြောင်းနှင့် လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၄၁ ရာခိုင်နှုန်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီနှင့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ တို့၏ စိစစ်ချက်များအရ သာမန်ရငွေတွင် ကျပ်သန်း ၆၀ တိုးမြှင့်ခြင်းနှင့် သုံးငွေစိစစ်လျှော့ချမှု ကျပ် ၅၂၁၇၃၀ ဒသမ ၀၀၇ သန်းတို့ကို အတည်ပြုပေးသင့်ကြောင်း ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့သည်။

 

စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေများအပေါ် ကောက်ခံသည့် အခွန်နှုန်းများ ပြန်လည်တိုးမြှင့်ရန် အကြံပြုခဲ့သည့် ဥပဒေကြမ်းပူးပေါင်းကော်မတီ

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ကျပ်သိန်းတစ်ထောင်အောက် ဝင်ငွေခွန်အပေါ် ကောက်ခံသည့် နှုန်းထားအား အခွန် ခြောက်ရာခိုင်နှုန်း စည်းကြပ်ရန် အကြံပြုထားသည်။

သြဂုတ် ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြခဲ့သည်။

လက်ရှိတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများအတွက် တစ်ကျပ်မှ ကျပ် သိန်းတစ်ထောင်အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် အထက်မှ ကျပ်သိန်းသုံးထောင်အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်မှ ကျပ်သိန်း တစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ရာခိုင်နှုန်း ၃၀ ဖြင့် ကောက်ခံရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြထားသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ပုဒ်မ ၂၅ (က) ၌ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ဖြင့် စည်းကြပ်ရမည်၊ သို့ရာတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းများအတွက် အသုံးပြုသည့်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိ ခြောက်ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်တစ်ကျပ်မှ ကျပ်သိန်း ၃၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်တစ်ကျပ်မှ ကျပ်သိန်းသုံးသောင်းအထိ ရာခိုင်နှုန်း ၂၀ နှင့် ကျပ်သိန်းသုံးသောင်းတစ်ကျပ်မှ အထက်ကို ရာခိုင်နှုန်း ၃၀ ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ဖော်ပြပါရှိသည်။

ဘတ်ဂျက်သုံးစွဲရာတွင် လိုက်နာရန် အချက်များဖြစ်သော နိုင်ငံတော်၏ ဘဏ္ဍာငွေများကို သုံးစွဲရာတွင်  စိစိစစ်စစ်အကျိုးရှိရှိသုံးစွဲရန်၊ သုံးစွဲမှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန်၊ နိုင်ငံ့စီးပွားရေးကိုအကျိုးပြုသည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန်အတွက် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုအပြည့်အဝရှိရန်၊ ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲကြရာတွင် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာသုံးစွဲရန်နှင့် ဘဏ္ဍာငွေသုံးစွဲမည့် ကိစ္စရပ်တိုင်းအတွက် ဌာနတွင်း စာရင်းစစ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့၏ စစ်ဆေးမှုကို စနစ်တကျခံယူရန်ဖြစ်ကြောင်း၊ အသုံးစရိတ်များကို လျာထားချက်နှင့်အညီ အချိန်မီ သုံးစွဲနိုင်ရေးအတွက် အဆင့်ဆင့်သော တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန်နှင့် ကြီးကြပ်သူအရာရှိများအနေဖြင့် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန် အချက်များကို အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ လိုက်နာရမည်ဖြစ်သည်။

လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 ကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး ထိခိုက်မှုဒဏ်ကို ပြင်းထန်စွာ ကြုံတွေ့ရလျက်ရှိရာ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဘတ်ဂျက်သည် မြန်မာ့စီးပွားရေး နာလန်ထူရေးအတွက် ရည်ရွယ်ရေးဆွဲသော ဘတ်ဂျက်ဖြစ်မှသာ နိုင်ငံ့စီးပွားရေးအခြေအနေ ပြန်လည်ကောင်မွန်စေမည်ဖြစ်သည်။ အစိုးရဌာန၊ အဖွဲ့အစည်းတို့၏ မလိုအပ်သော သုံးစွဲမှုများကို လျှော့ချပြီး လိုအပ်သောနေရာများတွင် သုံးစွဲမှု မြှင့်တင်မှသာ စီးပွားရေး ပုံမှန်လည်ပတ်နိုင်ရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။ ထို့အတူ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများကိုလည်း ဝင်ငွေခွန်နှုန်းထား ပြန်လည်တိုးမြှင့်ကောက်ခံခြင်းမှ ရရှိလာသော အခွန်ငွေများကလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအခွန်အကောက် ရငွေ လျာထားချက်ကို ပြည့်မီစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ အချိုး ငါးရာခိုင်နှုန်းကျော်နှင့် အခွန်ရငွေနှင့် ဂျီဒီပီအချိုး ခြောက် ရာခိုင်နှုန်းကျော်သာရှိသည့် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်အသုံးစရိတ်များ အလေအလွင့် နည်းပါးစေရေးနှင့် စည်းကြပ်မှုမှကင်းလွတ်နေသောဝင်ငွေ (ငွေမည်း) များကို အခွန်ကောက်ခံနိုင်ရေးမှာ ဖိဖိစီစီး ဆက်လက်ဆောင်ရွက်ရမည့် အရေးကိစ္စများဖြစ်သည်။


READ NEXT
Cancel OK