ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာကို ပြောင်းလဲယှဉ်ပြိုင်မည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ သိရသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဇော်အေးမောင်သည် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက်အနိုင်ရ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဖြစ်သည်။
“ ရန်ကုန်တိုင်းမှာလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် အပြိုင်အဆိုင် တော်တော်များလာတယ်။ ကျွန်တော်တို့ သတင်းကြားသလောက် ဒေါ်ထုမေလည်း ပြိုင်မယ်။ နောက်ရခိုင်ကွန်ရက်က ကိုတင်ထူးအောင်လည်း ပြိုင်မယ်။ ကျွန်တော်တို့ ပါတီကလည်း တခြားစိတ်ဝင်စားတဲ့ လူတွေလည်း ရှိလာတာပေါ့။ အဲဒီတော့ ဦးဇော်အေးမောင်က ရန်ကုန်တိုင်းမှာ စိတ်ဝင်စားမှုတွေ များနေကြတယ်။ ဒါအသစ် ကျွန်တော်တို့ တစ်ခါမှ မပြိုင်ဖူးတဲ့ နေရာမှာသူ့အနေနဲ့ ပါတီကသဘောတူရင်တော့ သူဝင်ပြိုင်ချင်တယ်လို့ တင်ပြလာတယ်လေ။ မနေ့ကအထိပေါ့။ ပါတီမှာ တာဝန်ရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ စိစစ်ရွေးချယ်ရေး ကော်မတီကနေ ဆွေးနွေးပြီးတော့မှ သူ့ကို ပြိုင်ခွင့်ပေးလိုက်တာပေါ့။ အဲဒါပါပဲ” ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောကြားသည်။
ဦးဇော်အေးမောင်သည် မူလက ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တတိယအကြိမ် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်ရန် ပါတီထံကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ကြောင်း ဇူလိုင်လဆန်းတွင် ပြည်တွင်းသတင်းမီဒီယာတစ်ခုအား ပြောကြားထားသည်။
“ ဇူလိုင် ၂၅ ရက် နောက်ဆုံးထားပြီး ရွေးကောက်ပွဲဝင်မဲ့သူတွေစာရင်းကို ပါတီဌာနချုပ်ကို အရောက်ပို့ရတယ်။ အဲဒီလျှောက်လွှာတွေကို စိစစ်ကြတာပေါ့။ အဲဒီတုန်းက ဦးဇော်အေးမောင်ကလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် တင်ထားတာ ရှိတယ်လေ။ မတင်တဲ့သူတွေကတော့ စဉ်းစားတဲ့အထဲမှာ မပါဘူးပေါ့။ သူကတော့ တင်ထားတယ်။ ဒါပေမဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှာ ဦးတို့ ပါတီထဲမှာလည်း ပါတီတွင်း ကိစ္စပေ့ါဗျာ။ အသေးစိတ် မပြောလိုဘူး။ အဲဒီလိုတင်တဲ့သူတွေရှိတော့ ဧရာဝတီတိုင်းမှာကလည်း တခြားလူကသွားဖို့ ဆန္ဒမပြုဘူး။ ဦးဇော်အေးမောင်ကတော့ တကယ်လို့သာ ဧရာဝတီတိုင်းမှာ ပြိုင်ရမယ်ဆိုရင် ရန်ကုန်တိုင်းကနေ မပြိုင်ဘဲနဲ့ ဧရာဝတီမှာ ပြိုင်ချင်တယ်ဆိုတာကို တင်ပြတာပေ့ါ။ အဲဒီလိုတင်ပြလာတော့ ပါတီအတွက်လည်း ဘာမှထိခိုက်တာမရှိပါဘူး။ ပြိုင်ရင်ပြိုင်ပေ့ါဆိုပြီး ခွင့်ပြုလိုက်ကြတဲ့ သဘောပါ” ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောကြားသည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာတွင် ဦးဇော်အေးမောင် ပြောင်းလဲယှဉ်ပြိုင်မည်ဟု သြဂုတ် ၇ ရက်တွင် အတည်ပြုပြောကြားသည်။
သို့ရာတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်ထံ ဆက်သွယ်ခဲ့သော်လည်း ၎င်းကိုင်နေကျဖြစ်သည့် ဖုန်းမှာဆက်သွယ်၍မရသဖြင့် မေးမြန်းနိုင်ခြင်းမရှိသေးပေ။
ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အနိုင်ရခဲ့သော်လည်း ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ရှုံးနိမ့်ခဲ့သည်။
ANP ပါတီသည် ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဖြစ်သည့် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပြင် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) နှင့် အမှတ် (၂) မဲဆန္ဒနယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့ပြင် ပါတီဌာနချုပ်ရှိရာ စစ်တွေအပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင်လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်